တရုတ်၏ လေယာဉ်တင်သင်္ဘောသစ်နှင့် စစ်အင်အားတိုးချဲ့ရေး မျှော်မှန်းချက်များ

တရုတ်၏ လေယာဉ်တင်သင်္ဘောသစ်နှင့် စစ်အင်အားတိုးချဲ့ရေး မျှော်မှန်းချက်များ
Published 21 June 2022
ဖြိုးဟိန်းကျော်

တရုတ်က ၎င်းတို့၏တတိယမြောက်နှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘောကို ရေချနိုင်ခဲ့ခြင်းသည် တရုတ်စစ်တပ်ကို ခေတ်မီအောင် အဆင့်မြှင့်တင်လျက် အမေရိကန်နှင့် စစ်အင်အားကွာဟချက် ကျဉ်းမြောင်းလာစေရန် ကြိုးပမ်းနေသည့် တရုတ်သမ္မတ ရှီကျင်းပင်အတွက် အရေးပါသော အခိုက်အတန့် တစ်ခုပင်ဖြစ်သည်။

ဖူကျန်ဟု အမည်ပေးထားသော အဆိုပါလေယာဉ်တင်သင်္ဘောသစ်ကို ဇွန် ၁၇ ရက်တွင် ရှန်ဟိုင်းမြို့အနီးရှိ ကျန်းနန်သင်္ဘောကျင်းမှ ရေချသည့် အခမ်းအနားပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားသို့ တရုတ်အရပ်ဘက်နှင့် စစ်ဘက်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ဟု နိုင်ငံပိုင် CCTV သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

တရုတ်၏ လေယာဉ်တင်သင်္ဘောသစ်ကြီးတွင် နောက်ဆုံးပေါ် လက်နက်စနစ်များ ပါဝင်သကဲ့သို့ ယခင်ပိုင်ဆိုင်ထားသည့် လေယာဉ်တင်သင်္ဘောနှစ်စီး၏ Ski Jump ကုန်းပတ်မျိုး မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုသာ အသုံးပြုနိုင်သေးသည့် နောက်ဆုံးပေါ် လေယာဉ်လွှတ်တင်စနစ်တို့ ပါဝင်သည်ဟု သိရသည်။ ၎င်းလေယာဉ်တင်သင်္ဘောသည် စွမ်းဆောင်ရည်မြင့်မားပြီး အမေရိကန် လေယာဉ်တင်သင်္ဘောများကို အရွယ်အစားအားဖြင့် ယှဉ်နိုင်စွမ်းရှိမည်ဖြစ်သည်။

တရုတ်လေယာဉ်တင် သင်္ဘောသစ် ဖူကျန်သည် အမေရိကန်၏ နောက်ဆုံးပေါ်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်ဂျရတ်အာရ်ဖို့ဒ်နှင့် အနီးစပ်ဆုံးဆင်တူသည်ဟု ဆိုရမည်ဖြစ်သော်လည်း စွမ်းဆောင်ရည်နှင့် စစ်ဆင်သွားလာနိုင်သည့် အကွာအဝေးတွင်မူ အမေရိကန်၏ နီမစ်ဇ်(သို့မဟုတ်) ဖို့ဒ် အတန်းအစား နျူကလီးယားစွမ်းအင်သုံး စူပါလေယာဉ်တင်သင်္ဘောများကို ယှဉ်နိုင်ဖွယ်မရှိဟု သိရသည်။ လေယာဉ်တင်သင်္ဘော ဖူကျန်တွင် ဒီဇယ်အင်ဂျင်တပ်ဆင်ထားသည်ဟု ယူဆရပြီး အရွယ်အစားအားဖြင့် ဆိုရသော် ၁၉၆၀ ပြည့်လွန်နှစ်များမှ ၂၀၀၀ ပြည့်လွန်နှစ်များအထိ အမေရိကန်တို့ အသုံးပြုခဲ့သည့် ကစ်တီဟော့ခ် အတန်းအစားလေယာဉ်တင် သင်္ဘောများနှင့် တူညီသည်ဟု ဆိုရပေမည်။

မဟာအင်အားကြီး နှစ်နိုင်ငံဖြစ်သော အမေရိကန်နှင့် တရုတ်တို့အကြား ထိုင်ဝမ်အရေးအပါအဝင် ကိစ္စရပ်အများအပြားတို့တွင် တင်းမာမှုမြင့်တက်နေစဉ် တရုတ်စစ်တပ်က လေယာဉ်တင်သင်္ဘောသစ်တစ်စင်းကို ရေချခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်တွင် စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘော ၃၅၅ စီးရှိသည့် ရေတပ်အင်အားကို ပိုင်ဆိုင်ထားပြီး အရေအတွက်အားဖြင့် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ရေတပ်ဖြစ်သည်ဟု ပင်တဂွန်၏အဆိုအရ သိရသည်။ သို့ရာတွင် လေယာဉ်တင်သင်္ဘောအရေအတွက်၌ အမေရိကန်က ၁၁ စီးအထိ ပိုင်ဆိုင်ထားသည့်အတွက် တရုတ်ထက် သိသိသာသာ အသာရရှိထားသည်။

Type-003 ဟုလည်း ခေါ်တွင်သည့် တရုတ်လေယာဉ်တင်သင်္ဘောသစ်သည် ဆိုဗီယက်နည်းပညာကို  အခြေခံသည့် တရုတ်၏ ယခင်လေယာဉ်တင်သင်္ဘော ဒီဇိုင်းပုံစံများထက် ခေတ်ရှေ့ပြေးနေပြီး သိသာထင်ရှားသော ကွာခြားချက်မှာ ယင်းသင်္ဘောသည် လေယာဉ်များ လွှတ်တင်ရန်အတွက် လျှပ်စစ်သံလိုက်လောက်လွှဲစနစ်ကို ပြောင်းလဲအသုံးပြုထားခြင်းဖြစ်သည်။

တရုတ်၏ ယခင်လေယာဉ်တင်သင်္ဘော နှစ်စီးတွင်မူ လေယာဉ်များသည် ကုန်းပတ်ရှေ့ပိုင်းရှိ ဆင်ခြေလျှောလမ်းတစ်ခုမှ ၎င်းတို့၏ ကိုယ်ပိုင်အင်ဂျင်အားကို အသုံးပြုလျက် ပျံတက်ရခြင်းဖြစ်သော်လည်း လေယာဉ်တင်သင်္ဘောသစ်တွင်မူ အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘောများကဲ့သို့ပင် လေယာဉ်ကို တွန်းတင်ပေးသည့် လောက်လွှဲစနစ်သုံးခု ပါဝင်သည်။

စင်ကာပူအခြေစိုက်ကာကွယ်ရေးနှင့် ထောက်လှမ်းရေးဆိုင်ရာ စောင့်ကြည့်လေ့လာသူ တစ်ဦးဖြစ်သည့် ရစ်ဇ်ဝမ်ရာမတ်က အဆိုပါလေယာဉ်တင်သင်္ဘောကြီးကို ရေချနိုင်ခဲ့ခြင်းသည် တရုတ်၏စစ်ဘက်နှင့် စက်မှုကဏ္ဍအတွက် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်ဟု ဆိုသည်။

“ဒါဟာ တရုတ်အင်ဂျင်နီယာတွေအနေနဲ့ အပေါ့စား ကော်ဗက်စစ်ရေယာဉ်တွေ၊ ဖရီးဂိတ်သင်္ဘောတွေ၊ ဖျက်သင်္ဘောတွေ၊ ကမ်းတက်စစ်ဆင်ရေး သင်္ဘောတွေနဲ့ လေယာဉ်တင်သင်္ဘောအပါအဝင် ခေတ်သစ်ရေကြောင်း စစ်ပွဲအတွက် ရေပေါ်သွား စစ်ရေယာဉ်မျိုးစုံကို ပြည်တွင်းမှာတင် ထုတ်လုပ်နိုင်စွမ်း ရှိနေတာကို ပြသလိုက်တာပဲဖြစ်တယ်” ဟုလည်း သူက ပြောကြားခဲ့သည်။

အလွန်ခက်ခဲရှုပ်ထွေးသော စစ်သင်္ဘောတစ်စီးကို အလုံးစုံတည်ဆောက်နိုင်စွမ်းရှိခြင်းသည် တရုတ်၏ သင်္ဘောဒီဇိုင်းထွင် တည်ဆောက်ရေးလုပ်ငန်းအတွက် အကျိုးအမြတ်များနှင့် ဘေးပန်းအကျိုးရလဒ်များကို မလွဲမသွေရရှိစေလိမ့်မည်ဟုလည်း သူက ထပ်မံပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဇွန် ၁၇ ရက်တွင် လေယာဉ်တင် သင်္ဘောသစ်အား ရေချခဲ့သည်ကို ရည်ညွှန်းလျက် ၆ မိနစ်နှင့် ၁၇ စက္ကန့်ကြာမြင့်သည့် ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ၎င်းတို့၏လေယာဉ်တင်သင်္ဘောတည်ဆောက်ရေးအစီအစဉ်မှ တိုးတက်ဖြစ်ထွန်းများကို ပြသခဲ့သည်။ သမ္မတရှီကျင်းပင်က ထိပ်ပိုင်းရာထူးနေရာများကို အပြောင်းအလဲ ပြုလုပ်ကာ အစဉ်အလာကို ချိုးဖျက်လျက် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌရာထူးကို တတိယသက်တမ်းအဖြစ် ဆက်လက်ရယူရန် ကြိုးပမ်းသွားဖွယ်ရှိသော လာမည့်တရုတ်ကွန်မြူနစ်ပါတီ ညီလာခံအတွက် ရည်ရွယ်ပြီး အဆိုပါဗီဒီယိုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

အဆိုပါလေယာဉ်တင် သင်္ဘောသစ်ကြီးပေါ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ရေတပ်အင်အား ချဲ့ထွင်တည်ဆောက်ရေး မျှော်မှန်းချက်ကို ထင်ဟပ်စေသည့် ဆောင်ပုဒ်တစ်ခုကို ရေးသားထားသည်။ ယင်းဆောင်ပုဒ်မှာ ခေတ်မီပြီး အင်အားတောင့်တင်းသော ရေတပ်ကို တည်ဆောက်ကာ အင်အားကြီးသော စစ်တပ်တစ်ခုကို တည်ဆောက်မည့် ရည်မှန်းချက်များ ပြည့်မြောက်စေရန် အားသွန်ခွန်စိုက် ပံ့ပိုးကူညီရေးနှင့် ခေတ်သစ်တွင် စစ်အင်အားတောင့်တင်းခိုင်မာအောင် တည်ဆောက်မည့်ပါတီ၏ ရည်မှန်းချက်ကို ဖော်ဆောင်ကာ ဘက်ပေါင်းစုံကမ္ဘာ့အဆင့်မီသော ပြည်သူ့တပ်မတော်တစ်ရပ် တည်ဆောက်ရေးဟု အဓိပ္ပာယ်ရသည်။

တရုတ်စစ်တပ်အကြောင်း စာအုပ်အများအပြား ရေးသားခဲ့သည့် ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ အန်ဒရေရူးပရက်ကမူ လေယာဉ်တင်သင်္ဘောသစ်ကြီးသည် စွမ်းရည်အသစ်များကို တည်ဆောက်ရာတွင် နောက်ထပ်အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်ကြောင်းနှင့် လာမည့်နှစ်များအတွင်း အတွေ့အကြုံများစွာ ရရှိလာဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်အနေနဲ့ သူတို့မှာ လေယာဉ်တင်သင်္ဘောတွေ ခုတ်မောင်း အသုံးပြုပုံနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ၁၀ နှစ်လောက်ပဲရှိတာကို ကောင်းကောင်းသိထားပါတယ်။ ဒါကြောင့် အမေရိကန်ရေတပ်ရဲ့ သိမြင်နိုင်စွမ်းနဲ့ နားလည်တတ်ကျွမ်းမှုကို ဘယ်လိုမှ ယှဉ်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့  လမ်းစလျှောက်မယ်ဆိုရင်တော့ အရင်ဆုံး ဝမ်းလျားထိုးပြီး စသွားရမှာပါ။ Type-003 ကလည်း အဲဒီသဘော အတိုင်းပါပဲ” ဟု တရုတ်၏လေယာဉ်တင် သင်္ဘောသစ်ကို ရည်ညွှန်းပြောဆိုခဲ့သည်။

တရုတ်၏ ပထမဆုံးလေယာဉ်တင် သင်္ဘောဖြစ်သည့် လျောင်နင်းသည် ဆိုဗီယက်ခေတ်စစ်သင်္ဘောကို ပြန်လည်မွမ်းမံထားခြင်းဖြစ်ကာ ဒုတိယလေယာဉ်တင် သင်္ဘောဖြစ်သည့် ရှန်တုံကိုမူ လျောင်နင်းအား အခြေခံ၍ ပြည်တွင်း၌ တည်ဆောက်ထားသည်။ တရုတ်က ၎င်းတို့၏လေယာဉ်တင် သင်္ဘောများကို ကမ်းရိုးတန်းဒေသပြည်နယ်များ၏ အမည်အတိုင်း မှည့်ခေါ်ထားခြင်းဖြစ်သည်။

သမ္မတရှီကျင်းပင်သည် ၎င်းအာဏာရရှိလာပြီးကတည်းကပင် ခြေလျင်တပ်ကို အားပြုသည့် စစ်တပ်ကို အဆင့်မြှင့်တင်တည်ဆောက်ပြီး နိုင်ငံ၏ကမ်းရိုးတန်းများကို ကျော်လွန်လျက် တောင်တရုတ်ပင်လယ် အပါအဝင် ရပ်ဝေးမှအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ရေတပ်အင်အားကို တိုးချဲ့တည်ဆောက်သွားရန် စိတ်အားထက်သန်လျက်ရှိသည်။ ယခုရေချလိုက်သည့် လေယာဉ်တင် သင်္ဘောသစ်ဖြင့် ထိုင်ဝမ်၊ ဖိလစ်ပိုင်နှင့် ဂျပန်တို့ပါဝင်သော ပထမကျွန်းစုဟု ခေါ်တွင်သည့်နယ်နိမိတ်ကို ကျော်လွန်၍ တရုတ်စစ်တပ်၏ ဖြန့်ကြက်စစ်ကစားနိုင်စွမ်းကို ချဲ့ထွင်နိုင်လာဖွယ်ရှိနေသည်။

လေယာဉ်တင်သင်္ဘောသစ် ဖူကျန်ကို ကမ္ဘာ့အကြီးဆုံး အရပ်ဘက်သုံး သင်္ဘောများ တည်ဆောက်ရေး လုပ်ငန်းကြီးဖြစ်သည့် China State Shipbuilding ကော်ပိုရေးရှင်း၏ ကုမ္ပဏီခွဲဖြစ်သော Jiangnan Shipbuilding က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်္ဘောအား ရေချခြင်းကို နှစ်ကြိမ်တိတိ ရွှေ့ဆိုင်းခဲ့ရပြီး ပထမအကြိမ်အဖြစ် ဧပြီ ၂၃ ရက်တွင် ရေချရန် စီစဉ်ခဲ့သော်လည်း တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေခြင်းနှင့် ရှန်ဟိုင်းမြို့ကြီးတွင် လော့ဒေါင်းချထားသည့် အခြေအနေတို့ကြောင့် ထောက်ပ့ံပို့ဆောင်ရေးပြဿနာများ ရှိနေသည့်အတွက် တရုတ်ရေတပ်က အချိန်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု Bloomberg သတင်းတွင် ဖော်ပြထားသည်။ ထို့အပြင် တရုတ်၏ နဂါးလှေလှော်ပွဲတော်ရက်ဖြစ်သည့် ဇွန် ၃ ရက်၌ ရေချရန် ဒုတိယအကြိမ် ရက်သတ်မှတ်ခဲ့သော်လည်းသင်္ဘောကို ရေချဖြစ်ခဲ့ခြင်း မရှိပေ။

အဆိုပါလေယာဉ်တင်သင်္ဘောကို ပင်လယ်ပြင်၌ ခုတ်မောင်းအသုံးပြုရာတွင် ၎င်း၏ဂြိုဟ်တု ဆက်သွယ်ရေးစနစ်များ၊ ရေထုတ်စနစ်နှင့် အခြားကိရိယာအသုံးအဆောင်များကို အလုံးစုံစစ်ဆေးနိုင်ရန်အတွက် ငါးနှစ်ခန့် လည်ပတ်ခုတ်မောင်းမှုများ ပြုလုပ်ရန် လိုအပ်လိမ့်မည်ဟု ပေကျင်းအခြေစိုက် ယွမ်ဝမ် စစ်ဘက်သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့မှ သုတေသီ တစ်ဦးဖြစ်သည့် ကျိုးချန်းမင်က South China Morning Post သတင်းဌာနသို့ ပြောကြားခဲ့သည်။

Most Read

Most Recent