အာရှယဉ်ကျေးမှုနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား

အာရှယဉ်ကျေးမှုနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
(Photo : kjreport.com)
(Photo : kjreport.com)
Published 20 June 2022
ရဲကျော်စွာ

ကမ္ဘာနှင့် ဒေသ

ကမ္ဘာ့သမိုင်း၏ ခေတ်များ အလိုက်၊ ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်များက နိုင်ငံတိုင်းနှင့် လူမျိုးများကို လွှမ်းမိုးခြယ်လှယ်ခဲ့သည်။

ကျေးကျွန်စနစ်၊ မြေကျွန်စနစ်၊ ပဒေသရာဇ်စနစ်၊ မှူးမတ်စနစ်၊ ဧကရာဇ်စနစ်၊ သမ္မတနိုင်ငံစနစ်၊ လစ်ဘ ရယ်ဘူဇွာ စျေးမြို့သားစနစ်၊ ကော်ပရိတ် အရင်းရှင်စနစ်၊ နယ်ချဲ့စနစ်၊ စက်မှုတော်လှန်ရေး၊ ကမ္ဘာစစ်များ၊ ဆိုရှယ်လစ်စနစ်၊ ဖက်ဆစ်စနစ်၊ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုများ၊ အဏုမြူစွမ်းအင်၊ ပထမစစ်အေး၊  အီလက်ထရွန်နစ် တော်လှန်ရေး၊ သတင်းဆက်သွယ်မှုနည်းပညာ တော်လှန်ရေး၊ ဇီဝနည်းပညာ တော်လှန်ရေး၊ ဒုတိယစစ်အေး၊ စွမ်းအင်နည်းပညာတော်လှန်ရေး အစရှိသော ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်များ က နိုင်ငံတိုင်း၊ လူမျိုးတိုင်း၏ နေ့စဉ် ဘဝများအပေါ် ကြီးမားစွာသက်ရောက်ခဲ့သည်။

နိုင်ငံနှင့် ဒေသ

အမျိုးသားနိုင်ငံတော်တစ်ခုအနေဖြင့် ထိုကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်များ၏ ပုံသွင်း၊ လွှမ်းမိုးမှုများကိုသာမကဘဲ မိမိ၏ အိမ်နီးချင်းနိုင်ငံများ၊ အိမ်နီးချင်းဒေသများ၏ ဒေသတွင်းနှင့် ဒေသလွန် အခင်းအကျင်းများနှင့် အခြေအနေများ၏ သက်ရောက်မှုများကို ကြီးမားသော အချိုးအဆများဖြင့် တွေ့ ကြုံ ရင်ဆိုင်ရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် ဒေသများ၏ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ပြန်ကြားရေး၊ စက်မှုလုပ်ငန်း၊ သိပ္ပံနှင့် နည်းပညာအခြေအနေများက ဆောင်ကြဉ်းလာသော၊ အကောင်းနှင့်အဆိုး အကြောင်းတရားများက နိုင်ငံများ၊ လူမျိုးများနှင့် လူတန်းစားများ၏ ရုန်းကန်လှုပ်ရှားမှုများနှင့် အခွင့်အလမ်းများအပေါ် အပြုသဘောနှင့် အနုတ်သဘော အကျိုးဆက်များဖြင့် လေးနက်စွာ ခြယ်လှယ်နေခဲ့သည်။

ပုံသေမဟုတ်သော အချိုးအဆများ

ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်များ၏ လွှမ်းမိုးမှုနှင့် ဒေသဆိုင်ရာ အခြေအနေများ၏ လွှမ်းမိုးမှုများအနက် မည်သည့်လွှမ်းမိုးမှုများက မည်သည့်နိုင်ငံများကို မည်သည့်အတိုင်းအတာဖြင့် ပိုမိုလွှမ်းမိုးမည်ဆိုသော အချက်ကို ပြဋ္ဌာန်းနိုင်သော ပုံသေနည်းဟူ၍ မရှိသေးဘဲ သမိုင်းခေတ်များအလိုက် မတူညီသော ပမာဏများက ကိန်းရှင်များအဖြစ်  ပြောင်းလဲနေကြသည်။

ဖွံ့ဖြိုးရေးပြိုင်ပွဲ

နိုင်ငံများ၊ လူ့အဖွဲ့အစည်းများနှင့် မြို့ပြယဉ်ကျေးမှုများသည်ခေတ်ကာလများအားလုံးတွင် ‘ကြီးထွားရေး’ (Growth) နှင့် ‘ဖွံ့ဖြိုးရေး’ (Development) ကို ယှဉ်ပြိုင်နေရသည်။

ထင်ရှားသိသာသော ယှဉ်ပြိုင်မှုများနှင့် မထင်ရှား၊ မသိသာသော ယှဉ်ပြိုင်မှုများ အပါအဝင် နည်းသဏ္ဌာန်အမျိုးမျိုးဖြင့် ဖြစ်ပေါ် တိုးတက်နေရသည်။

ယှဉ်ပြိုင်မှုသဘော ဆောင်နေသော်လည်း နိုင်ငံအချင်းချင်း ဆက်ဆံရေး၊ လူ့အဖွဲ့အစည်းအချင်းချင်း ဆက်ဆံရေးနှင့် မြို့ပြယဉ်ကျေးမှုအချင်းချင်း ဆက်ဆံရေးများသည် အမြဲတစေ ပြိုင်ဘက်အချင်းချင်း ဆက်ဆံရေးမျိုး မဟုတ်ဘဲ တစ်ခါ တစ်ရံတွင် မိတ်ဖက်ဆက်ဆံရေး၊ တစ်ခါတစ်ရံတွင် မှီခိုသူနှင့် အမှီခိုခံ ဆက်ဆံရေး၊ တစ်ခါတစ်ရံတွင် ရှေ့ ဆောင်လမ်းပြသူနှင့် နောက်လိုက် ဆက်ဆံရေးမျိုး ဖြစ်နေတတ်သည်။

လူတစ်ဦးချင်းသည် မိမိ၏ မိသားစု၊ ဆွေမျိုးစုနှင့် မိတ်ဆွေ များကို ကာကွယ်စောင့်ရှောက်လိုသော သဘောထား ရှိတတ်သကဲ့သို့ပင် နိုင်ငံများ၊ လူ့အဖွဲ့အစည်းများနှင့် မြို့ပြယဉ်ကျေးမှုများ၏ ရှေ့တန်းရောက် ဦးဆောင်အလွှာများသည် မိမိတို့၏ မိတ်ဖက်နှင့်နောက်လိုက် လူမှုယူနစ်များကို ကာကွယ်ပေးလိုသော သဘောထားများ ရှိကြသည်။

အာရှတိုက်၏ အစဉ်အလာ

အာရှတိုက်သည် ကြီးမားသော ကုန်ထုတ်လုပ်မှုတိုက်ပွဲ၊ သိပ္ပံပညာ ရှာဖွေတွေ့ရှိရေး တိုက်ပွဲနှင့် နည်းပညာဆန်းသစ်တီထွင်မှုတိုက်ပွဲများ မှ အောင်မြင်မှုများနှင့် သမိုင်းမှတ်တိုင်များစွာကို စိုက်ထူထားခဲ့သည်။

ယမ်းမှုန့်၊ ဒုံး၊ ဗုံး၊ ပိုးထည်၊ စက္ကူ၊ ဂျော်မက်ထရီသချင်္ာပညာ၊ အာကာသ  နက္ခတ္တသချင်္ာပညာနှင့် တိုက်ဆင်များ မွေးမြူရေး အပါအဝင်များစွာသော အစောဆုံးထုတ်လုပ်မှုများ၊ တီထွင်မှုများနှင့် ရှာဖွေတွေ့ရှိမှုများကို အာရှတိုက်အတွင်း စတင်ခဲ့သည်။

အလေးချိန် မက်ထရစ်တန် ထောင်နှင့်ချီသော သစ်သားကိုယ်ထည် သင်္ဘောအကြီးစားများကို အာရှတိုက်သားများကအရင်စတင်တည်ဆောက်ခဲ့ကြသည်။

ကမ္ဘာကျော် မဟာတံတိုင်းကို တရုတ်တို့က တည်ဆောက်ခဲ့သည်။ ကမ္ဘာ့သမိုင်း၏ အကျယ်ဝန်းဆုံး ကုန်းမြေအခြေပြု အင်ပါယာကို မွန်ဂိုတာတာတို့က ထူထောင်ခဲ့သည်။

အာရှတိုက်၏ ယဉ်ကျေးမှု

ဒဿနဗေဒနှင့် တွေးခေါ်မှုပညာတွင် နက်ရှိုင်းပြီး အဆင့်အတန်းရှိသော ကိုးကွယ်ယုံကြည်မှုများက အာရှတိုက်အတွင်းမှ စတင်ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။

ဇိုးရိုးအက်စထရား ဘာသာတရား၊ ဝေဒဘာသာတရား၊ ဗြဟ္မဏဝါဒဘာသာတရား၊ တာအိုဘာသာ၊ ဂျိန်းဘာသာ၊ ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ်ဘာသာ၊ ဘဟာအီဘာသာတို့ ကဲ့သို့သော ကိုးကွယ်မှုများက အာရှတိုက်အတွင်း စတင်ခဲ့ခြင်းဖြစ်သည်။

နယ်ဘက်အုပ်ချုပ်ရေးအရာရှိများကို အစိုးရ၏ ရေးဖြေစာမေးပွဲများဖြင့် ရွေးချယ်ခန့်ထားသော စနစ်ကို ရှေးခေတ်တရုတ်ပြည်တွင် စတင်ကျင့်သုံးခဲ့သည်။

ယင်းကဲ့သို့ဖြင့် ပဒေသရာဇ် မြို့ပြအုပ်ချုပ်ရေးနှင့် မှူးမတ်မြို့ပြ အုပ်ချုပ်ရေးကို ပညာတတ်လူတန်း စားအရပ်သားအရာရှိများ၏ အုပ်ချုပ်ရေးဖြင့် အစားထိုးခြင်းကို  ရှေးခေတ် တရုတ်နှင့် အိန္ဒိယတွင် အစောဆုံး စတင်ကျင့်သုံးခဲ့သည်။

အများပြည်သူကို ဝန်ဆောင်မှုပေးသော စာပို့တိုက်လုပ်ငန်းကို မွန်ဂိုတာတာများက စတင်ခဲ့သည်။ အများပြည်သူအတွက် အခမဲ့တည်း ခိုရေးနေရာများ၊ အခမဲ့ သောက်သုံးရေစနစ်များ၊ ဆေးရုံများနှင့်တိရစ္ဆာန်ကုဆေးရုံများကို အာရှတိုက်အတွင်း စတင်ခဲ့သည်။

အယူဝါဒမတူသော ဘာသာရေးဂိုဏ်းပေါင်းစုံ နိုင်ငံတစ်နိုင်ငံတည်းတွင် ငြိမ်းချမ်းစွာနှင့် လွတ်လပ်စွာ အတူယှဉ်တွဲတည်ရှိမှု ဓ‌လေ့ကို အာရှနိုင်ငံများအတွင်း စတင်ခဲ့ခြင်းဖြစ်သည်။

ဘုရင်ဧကရာဇ်များကို နတ်ဘုရားများ၏ သားတော်များအဖြစ် ကိုးကွယ်မှု ၊ ဘုရင်ဧကရာဇ်များကို ပြည်သူများ၏ ဖခင်များအဖြစ် ပြောင်းလဲသဘောထားခြင်း၊ ရှေးအကျဆုံး သမ္မတနိုင်ငံများ၊ ရှေးအကျဆုံး လွှတ်တော်များနှင့် ရှေးအကျဆုံး နတ်ဘုရားကျောင်းများက အာရှတိုက်အတွင်း စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည် ။

စက်မှုတော်လှန်ရေးတွင် သမိုင်းတစ်ခေတ် နောက်ကျခဲ့ခြင်း

မြေထဲပင်လယ်နှင့် ပင်လယ်နက်ဒေသများတွင် ခရစ်ယာန်ဘာသာဝင် ဥရောပမျိုးနွယ်များက အစ္စလာမ်ဘာသာဝင် အာရပ်မျိုးနွယ်များနှင့် စစ်ပွဲပေါင်းများစွာကို ယှဉ်ပြိုင်တိုက်ခိုက်နေကြချိန်အတွင်း ဥရောပမျိုးနွယ်များသည် စစ်လက်နက် နည်းပညာများနှင့် ရေကြောင်းနည်းပညာများကို လျင်မြန်စွာ တီထွင်ဆန်းသစ် လာခဲ့ကြသည်။

လောကီဝိဇ္ဇာ၊ သိပ္ပံပညာရပ် ပေါင်းစုံကိုသင်ကြားပေးသော တက္ကသိုလ်၊ ကောလိပ်များကို ခရစ်ယာန် အသင်းတော်များနှင့် ဘုရင်များက ဥရောပအနှံ့တွင် ထူထောင်တိုးချဲ့ လာခဲ့ကြပြီး အရပ်ဘက်ပညာရေးဆိုင်ရာ ရှေးဦးဖွံ့ဖြိုးတိုးတက်မှုများကို စတင်စေခဲ့သည်။

၀ါရင့်တပ်ကြပ်များကို အရာရှိငယ်များအဖြစ် ရာထူးတိုးကာ ခန့်အပ်ပေးသော ရှေးဟောင်းစနစ် အစား လူငယ်များကို အရည်အချင်း စမ်းသပ်မှုများ ပြုလုပ်ပြီး  ငယ်ရွယ်စဉ်မှာပင် စစ်အရာရှိလောင်းများ အဖြစ် ရွေးချယ်စခန်းသွင်းပြီး စစ်မှုရေးရာနှင့် သက်ဆိုင်သော လောကီဝိဇ္ဇာ၊ သိပ္ပံပညာများကို လေ့ကျင့် သင်ကြားပေးသော ကြည်းတပ် စစ်တက္ကသိုလ်များနှင့် ရေတပ်စစ်တက္ကသိုလ်များကို ဥရောပမျိုးနွယ်များက စတင်ထူထောင်လာခဲ့ကြသည်။

နည်းပညာပိုင်းတီထွင်မှုများနှင့် ကွပ်ကဲမှုစနစ် ပြုပြင်မွမ်းမံအဆင့်မြှင့်တင်မှုများကြောင့် ဥရောပမျိုးနွယ်များက အာရပ်မျိုးနွယ်များအပေါ် ပြန်လည်အသာစီးရလာခဲ့သည်။

ကမ္ဘာအနှံ့တွင် ဥရောပနိုင်ငံများ၏ ရေကြောင်းအင်ပါယာများ ချဲ့ထွင်ကြီးထွားလာခဲ့ပြီး ရေကြောင်းစိုးမိုးရေးမဟာဗျူဟာ အခြေပြု ကိုလိုနီများကို ကမ္ဘာ့ဒေသပေါင်းစုံတွင် စတင်ထူထောင်လာခဲ့ကြသည်။

အေဒီ ၁၅၀၀ ပြည့်နှစ်များမှသည် အေဒီ ၁၉၀၀ ပြည့်နှစ်အထိ ဥရောပတိုက်အတွင်း ဖွံ့ဖြိုးမှုများကို အာရှတိုက်အတွင်း အနှစ်လေးရာ သမိုင်းတစ်ခေတ်စာ အဆက်ပြတ် ခေတ်နောက်ကျခဲ့ရသည်။

ယင်းကဲ့သို့ သမိုင်းတစ်ခေတ်စာ ခေတ်နောက်ကျမှုကြောင့် အာရှနိုင်ငံအများစုသည် ဥရောပအင်ပါယာများ၏ လက်အောက်သို့ ကျရောက်သွားခဲ့ကြသည် ။

ဥရောပအင်ပါယာများ၏ လက်အောက်ခံကိုလိုနီနှင့် ကိုလိုနီတစ်ပိုင်း အာရှနိုင်ငံများမှ အေဒီ ၁၉ ရာစုနှောင်းပိုင်းနှင့် အေဒီ ၂၀ ရာစု ဦးကာ မျိုးဆက်များဖြစ်သော ထိုခေတ်က အာရှ မြို့ပြပညာတတ် လူငယ်များက မိမိတို့ အာရှတိုက် တစ်ခုလုံး ဥရောပထက် အနှစ်လေးရာစာ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရခြင်း၏ အကြောင်းရင်းအဖြစ် ထိုခေတ်က တည်ရှိနေဆဲ ရိုးရာဓ‌လေ့များနှင့် ထုံးတမ်းအစဉ်အလာများကို အပြစ်မြင်ခဲ့ကြသည်။

ပြန်လည် ရုန်းထခြင်း

ဥရောပနယ်ချဲ့စနစ် စစ်ပွဲများကြောင့် အိပ်ပျော်နေသော အာရှတိုက်သည် ပြန်လည်နိုးကြားထကြွလာခဲ့ပြီး ခေတ်မီရေးနှင့် တိုးတက်ရေးအတွက် အပြိုင်အဆိုင် ရုန်းကန် ကြိုးစားခဲ့ကြသည်။

ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုများ၊ ပထမစစ်အေးခေတ်၊ ပြည်တွင်းပြည်ပနှင့် ဒေသတွင်း ဒေသပြင် ပဋိပက္ခများကို ဖြတ်သန်းကာ ယနေ့အချိန်တွင် အာရှနိုင်ငံ အများစုအနေဖြင့် အဆင့်မြင့်ဖွံ့ဖြိုးရေးအောင်မြင်မှုများကို ရရှိနေသော နိုင်ငံများ ဖြစ်လာကြသည်။

ဒေသဆိုင်ရာ ၀ိသေသများ

ရုပ်ဝတ္ထုများ၊ စီးပွားရေးများနှင့် စက်မှုလုပ်ငန်းများက ဖွံ့ဖြိုးကြီးထွားလာခဲ့သော်လည်း ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် အခြား အာရှနိုင်ငံ အများစုသည် မိမိတို့၏ အမျိုးသား ၀ိသေသ အချင်းအရာများ ၊ ဒေသဆိုင်ရာ ၀ိသေသ အချင်းအရာများကို ဆက်လက် ထိန်းသိမ်း သယ်ဆောင်ထားကြဆဲ ဖြစ်သည် ။

အစဉ်အလာ လူမှုစံနှုန်းများ၊ မိသားစုတန်ဖိုးများ၊ ရိုးရာအထက်အောက် အစဉ်အလာများကို အခြားသော ဓ‌လေ့ယဉ်ကျေးမှု၊ ရိုးရာကိုးကွယ်မှု၊ ရိုးရာဒဿန လောကအမြင်၊ ရိုးရာအနုပညာများနှင့်အတူ အာရှ နိုင်ငံအများစုက ဆက်လက်ထိန်း သိမ်းစောင့်ရှောက်ထားကြဆဲဖြစ်သည်။

ပထမစစ်အေးခေတ်မှ အမှားဟောင်း

ပထမစစ်အေးခေတ် ( ၁၉၄၆ - ၁၉၉၁ ) ခုနှစ်အတွင်း ခေတ်မီ တိုးတက်ရေးအတွက် စိတ်ဓာတ်ပြင်းထန်တက်ကြွနေသော အာရှကွန်မြူနစ်များနှင့် လက်ဝဲဝါဒီများသည် အာရှတိုက်အတွင်း ရိုးရာယဉ်ကျေးမှုများနှင့် ထိပ်တိုက်တွေ့ခဲ့သော အမှားတစ်ခုကို နှစ်ကာလရှည် ဖြစ်ပွားစေခဲ့မိသည်။

ယင်းပထမစစ်အေးခေတ်အတွင်း အနောက်အုပ်စုသည် အာရှတိုက်အတွင်း ရိုးရာယဉ်ကျေး မှုအင်အားစုများနှင့် ယာယီမဟာမိတ်ဖွဲ့ကာ ကွန်မြူနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ထိရောက်စွာပြုလုပ်နိုင်ခဲ့သည်။

ဒုတိယ စစ်အေးခေတ်၏ အမှားသစ်

၂၀၀၉ ခုနှစ်မှ စတင်လာခဲ့သော ဒုတိယစစ်အေးခေတ်တွင် တစ်ချိန်က အာရှတိုက်အတွင်း ကွန်မြူနစ်များနှင့် လက်ဝဲဝါဒီများက ကျူးလွန်ခဲ့သော အမှားဟောင်းများကို မတူညီသော အနှစ်သာရများ၊ မတူညီသော အကျိုးစီးပွားများနှင့် မတူညီသော ရည်မှန်းချက်များအတွက် အနောက်အုပ်စုနှင့် ယင်းတို့၏ ဒေသတွင်း နောက်လိုက်များက အာရှတိုက်အတွင်း ပြန်လည်ဆောင်ရွက်လာနေကြသည်။

ယခုတစ်ကြိမ်တွင်မူ လစ်ဘရယ်ဝါဒနှင့် နီယိုလစ်ဘရယ်ဝါဒများက အာရှတိုက်၏ဓ‌လေ့ယဉ်ကျေးမှုများ၊ ကိုးကွယ်ယုံကြည်မှုများ၊ ရိုးရာတန်ဖိုးများနှင့် ရိုးရာဒဿန လောကအမြင်များကို ထိပ်တိုက်ရင်ဆိုင်တွေ့နေကြခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် အနောက်အုပ်စုနှင့် နီယိုလစ်ဘရယ်အင်အားစုများသည် ပထမစစ်အေးခေတ်အတွင်း ယင်းတို့က ယာယီမဟာမိတ်ဖွဲ့ကာ အသုံးချခဲ့သော မဟာမိတ်ဟောင်းများကို ယင်းတို့ကိုယ်တိုင် ပြန်လည်ထိပ်တို က်တွေ့ရင်ဆိုင်နေရခြင်းဖြစ်သည်။

ယင်းပဋိပက္ခအတွင်း အနောက်အုပ်စုနှင့် နီယိုလစ်ဘရယ် အင်အားစုများက အဓိကရင်ဆိုင်နေရသော အခက်အခဲမှာ ပထမစစ်အေးခေတ်အတွင်း ကွန်မြူနစ် ဆန့်ကျင်ရေး၊ လက်ဝဲဆန့်ကျင်ရေးအတွက် အနောက်အုပ်စုက တပ်ဆင်၊ လေ့ကျင့်၊ ထူထောင်ပေးထားခဲ့သော ကျွမ်းကျင်မှုများ၊ နည်းစနစ်များနှင့် နည်းပညာများကို အာရှတိုက်၏ ရိုးရာယဉ်ကျေးမှုအင်အားစုများက ထိရောက်စွာ အဆင့်မြှင့်တင်၊ မွမ်းမံ ၊ ဆန်းသစ်၊ တီထွင်မှုများ ပေါင်းစပ်ပြီး အနောက်အုပ်စုနှင့် နီယိုလစ်ဘရယ် အင်အားစုများကို ပြန်လည်ယှဉ်ပြိုင်နေကြခြင်းဖြစ်နေသည်။

ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်

အနောက်အုပ်စုနှင့် နီယိုလစ်ဘရယ် ‌အင်အားစုများသည် တစ်ခါ တစ်ရံတွင် အများကြိုက် ပေါ်ပြူလစ် ခေါင်းဆောင်များနှင့် ပေါ်ပြူလစ် နိုင်ငံရေးသမားများကို အသုံးပြုပြီး အာရှတိုက်၏ ရိုးရာယဉ်ကျေးမှု အင်အားစုများကို ထိပ်တိုက်တွေ့နေရသည်။

သို့သော်လည်း ထိုအများကြိုက် ပေါ်ပြူလစ်ခေါင်းဆောင်များနှင့် ပေါ်ပြူလစ်နိုင်ငံရေးသမားများကို ထောက်ခံသူများကိုယ်တိုင်ကမူ မိမိတို့၏ နေ့စဉ်ဘဝများအတွက် အာရှတန်ဖိုးများကို ဆက်လက်ဆုပ်ကိုင်ထားနေကြဆဲ ပြည်သူများဖြစ်နေကြသည်။

အကြိမ်များစွာတွင် ယင်းအများကြိုက် ပေါ်ပြူလစ်ခေါင်းဆောင်များကိုယ်တိုင်က အနောက်အုပ်စုနှင့် ရောနီယိုလစ်ဘရယ်အင် အားစုများနှင့်ပါ ပြန်လည်လမ်းခွဲခဲ့ကြသည်။

အရေးကြီးသော ဆိုရိုးစကား တစ်ခုရှိသည် ။

“အာရှတိုက်ကို မစိုးမိုးနိုင်သူ၊ မအောင်မြင်သူသည် ကမ္ဘာမြေကို စိုးမိုးသူအဖြစ် ဘယ်တော့မှ ဖြစ်မလာနိုင်”

Most Read

Most Recent