ဝယ်ယူစားသုံးနိုင်စွမ်း ကျဆင်းနေသော ပြည်သူများနှင့် အတက်ကြမ်းနေသည့် အထွေထွေကုန်စျေးနှုန်းဂယက်

ဝယ်ယူစားသုံးနိုင်စွမ်း ကျဆင်းနေသော ပြည်သူများနှင့် အတက်ကြမ်းနေသည့် အထွေထွေကုန်စျေးနှုန်းဂယက်
ရန်ကုန်မြို့ရှိ စျေးတစ်စျေးမြင်ကွင်း (ဓာတ်ပုံ - သီဟအောင်)
ရန်ကုန်မြို့ရှိ စျေးတစ်စျေးမြင်ကွင်း (ဓာတ်ပုံ - သီဟအောင်)
Published 19 June 2022
နီလာ

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် လောင်စာဆီစျေးနှုန်း မြင့်တက်ခြင်း၊ မြန်မာကျပ်ငွေတန် ဖိုးကျဆင်းခြင်းနှင့် စားသုံးသူစျေးဆနှုန်း မြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ခြိမ်းခြောက်လျက်ရှိသည်။

ထို့ပြင် အခြေခံလူထုအကြားတွင် ဝင်ငွေနှင့်ထွက်ငွေ မမျှသည့် ပြဿနာသည် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ကမ္ဘာ့တစ်ဝန်း စီးပွားပျက်ကပ်ခံစားနေရသည့်နည်းတူ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများထိခိုက်ဆုံးရှုံးမှုအပြင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ကုန်စည်စျေးနှုန်း အဆမတန် မြင့်တက်နေခြင်းအပြင် သယ်ယူပို့ဆောင်ခစရိတ်၊ ကျန်းမာရေး စရိတ်၊ စားဝတ်နေရေးစရိတ်စကများနှင့် အထွေထွေကုန်ကျစရိတ်များ တရိပ်ရိပ်မြင့်တက်လာကြောင်း ပြည်သူများထံမှ စုံစမ်း သိရှိရသည်။

“ဆီဆိုရင် ပြီးခဲ့တဲ့လက SUNAR ငါးလီတာတစ်ပုံးကို ၂၈၅၀၀၊ အခု ၃၁၀၀၀ ဖြစ်သွားပြီ။ COOK နေကြာဆီက အရင်လက ၂၆၅ဝဝကနေ အခု ၃၀၀၀၀ ဖြစ် သွားပြီ။ အဲဒါ ဒီလဆန်း ၆ ရက်နေ့က စျေးနော်။ စျေးသည်တွေပြောတာကတော့ အရင်ကဆိုရင် ငါးလီတာ ပုံးတွေရောင်းကောင်းတယ်တဲ့။ အခုကျ လူတွေငါးလီတာပုံး မစားနိုင်ကြဘူးတဲ့။ 2 Liter လို ကိုင်းပုံးလေးတွေလောက်ပဲ ရောင်းရတယ်တဲ့။ ဟင်းချက်ဆီဆိုရင် အရင်က ၁၈၀၀၀၊ အခု ၂၂၀၀၀၊ ၂၃၀၀၀ ဖြစ်သွားပြီ။ဒါက ကိုယ်စားသုံးနေကျ  ဝယ်နေကျဆီတွေရဲ့စျေးနော်။ တခြားဆီတွေလည်း အကုန်စျေးတက်နေတာ”ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

ထို့ပြင် အသား၊ ငါးနှင့် အခြေခံစားသောက်ကုန်အများစု၏စျေးနှုန်းမှာလည်း အတက်ဘက်တွင် သာရှိနေခဲ့သည်။

“ကြက်သားစျေး နည်းနည်းကျတယ်။  ငါး၊ ပုစွန် စျေးတက်တယ်။တစ်ခါတလေကျ ရှားလို့တောင် စျေးထဲမှာ မတွေ့ဘူး။ ပစ္စည်းရှားတယ်။ သူတို့ဝယ်မရလို့နေမှာပေါ့၊ ပုစွန်တို့ဘာတို့ စျေးတက်တယ်။ ကိုယ်လိုချင်တိုင်းမရဘူ း။ နောက်ပြီး ကြက်သွန်စျေးတွေ အရမ်းတက်တယ်။ ဟိုတစ်လောကမှ တစ်ပိဿာ ၉၀၀၊ ၁၀၀၀ ပဲရှိတာကို။ အခု ၁၉၀၀၊၂၀၀၀ တဲ့။ အသေးလေး တွေက ၁၉၀၀၊ ၂၀၀၀၊ အကြီးတွေ  အရင်က ၁၂၀၀၊ ၁၃၀၀ ရှိတာက  အခု ၂၀၀၀၊၂၂၀၀ အထိတက်တယ်။  ဆီလည်းတက်တယ်။ စားအုန်းဆီက တစ်ပိဿာကို ၈၄၀၀၊ အရင်က ၆၄၀၀၊ ဟိုရက်က စျေးနည်းနည်း ကျတယ်။ အခုကျ ၈၄၀၀ တဲ့။ ပုစွန်တွေက အရင်ကတည်းက ၁၅၀၀၊ ၁၈၀၀ စျေး၊   ပုစွန်ကြားတွေဆို မြင်တောင်မမြင်ရတော့ဘူး။ ဟိုမှာတင် ၂၈၀၀၊ ၃၀၀၀ ဖြစ်လို့တဲ့ ရောင်းမယ့်သူတောင်မရှိတော့ဘူး”ဟု ဒဂုံမြို့နယ် မြောက်ပိုင်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

မီးဖိုချောင်သုံးပစ္စည်းများသာမက အိမ်သုံးဆေးဝါးများ၊ ဆပ်ပြာ၊ ကော်ဖီမစ်အပါအဝင် နေ့စဉ်မဖြစ် မနေစားသုံးနေရသည့်ကုန်စည်များပါ စျေးတက်လျက်ရှိသည်။

“အရင်က ဆပ်ပြာတစ်ထုပ် ကို ၉၀၀၊ ၁၀၀၀ ပဲရှိတယ်။ အခု ၂၆၀၀။ အရင် ၆ဝဝဝလောက်ရှိတဲ့ ဆပ်ပြာမှုန့်တစ်ထုပ်က အခု ၇၀၀၀ ကျော် ၈၀၀၀ တွေဖြစ်ကုန်ပြီ။  BPI ဓာတ်ဆားမှုန့်ဆိုရင် မနှစ်က တစ် ထုပ်မှ ၁၀၀၊ ၁၂၅ ကို အခု ၃၅၀ တဲ့။ ဆေးဘဲဥဆိုလည်း တစ်လုံးကို ၃၅၀ ဖြစ်ကုန်ပြီ။ ကြက်ဥ၊ ဘဲဥ တစ်လုံး ၂၀၀၊ ၂၅၀၊ ကော်ဖီမစ်တစ်ထုပ် အရင်က ၁၀၀၊ အခု ၁၅၀။ တချို့ ဆိုင်တွေ ၅၀၀ ဖိုးသုံးထုပ်။အကုန် စျေးတက်တယ်။ မတက်တာ ဘာမှမရှိတော့ဘူး”ဟု သင်္ဃန်းကျွန်းမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြော ကြားသည်။

တစ်ဖက်တွင်နေ့စဉ်အထွေထွေ ကုန်ကျစရိတ်မှာ တရိပ်ရိပ်မြင့် တက်လာခဲ့သော်လည်း   အခြားတစ်ဖက်တွင် ဝင်ငွေတိုးမလာသည့် အပြင် ဝင်ငွေရပေါက်ရလမ်းပင် ရှာမရ ဖြစ်နေသည့်အတွက် ပြည်သူအများစုမှာ စားဝတ်နေရေး ကျပ်တည်းနေမှုကို မလွှဲသာမရှောင်သာ ရင်ဆိုင်နေရသည်။

အချို့သော အလုပ်သမားများမှာ မူလအလုပ်အကိုင်များ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သော်လည်း အလုပ်ချိန် သို့မဟုတ် လစာလျော့နည်းသွားသည့်အတွက် ဝင်ငွေ လျော့နည်းသွားကြသူများ၊အချို့မှာလည်း အလုပ်အကိုင်ပင် ရှာဖွေရခက်ခဲသည့်အခြေအနေများ စသည်တို့သည်လည်း ပြည်သူများ၏စားဝတ်နေရေးအပေါ် သိသာစွာ ထိခိုက်ခဲ့ရသည်။

အခြားတစ်ဖက်တွင် ကုန်စုံဆိုင်၊ ထမင်း၊ ဟင်းရောင်းချသည့်ဆိုင်၊ သရေစာရောင်းချသည့်ဆိုင် စသည်ဖြင့် တပိုင်တနိုင်စျေးရောင်းချ၍ စားဝတ်နေရေးဖြေရှင်းနေကြသော်လည်း ပြည်သူများ၏ ဝယ်ယူနိုင်စွမ်း ကျဆင်းနေသဖြင့် နေ့စဉ် အမြတ်ရရှိမှု နည်းပါးလျက်ရှိကြောင်း၊ သို့သော် နေ့စဉ်စရိတ်စကများ ခုသာခံသာရှိစေရန် လုပ်ကိုင်နေရခြင်းဖြစ်ကြောင်းလည်း သိရသည်။

စက်သုံးဆီစျေးနှုန်း မြင့်တက်မှုဂယက်

ယူကရိန်းတွင်ဖြစ်ပွားခဲ့သည့်  စစ်ပွဲ၏ အကျိုးသက်ရောက်မှုများသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို ယခင်ကတည်းက ဆိုးရွားစွာထိခိုက်စေခဲ့ပြီး ယင်းပဋိပက္ခ အရှိန်မြင့်လာမည်ဆိုပါက ကမ္ဘာ့စီးပွားရေးအတွက် ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပွားလာစေလိမ့်မည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မတ် ၅ ရက်တွင် သတိပေးခဲ့သည်။

ကမ္ဘာ့နိုင်ငံအသီးသီးသည် COVID-19 ကပ်ရောဂါမှ ရုန်းထွက်ပြီး စီးပွားရေးကို နာလန်ထူရန် ကြိုးပမ်းနေချိန်တွင် ရေနံတစ်စည်ကို ဒေါ် လာ ၁၂၀ နီးပါးအထိ စျေးနှုန်းမြင့်တက်လာမှုနှင့်အတူ စွမ်းအင်နှင့် ကုန်စည်စျေးနှုန်းများမြင့် တက်လာခြင်းသည် ကမ္ဘာကြီးအတွက် ယခင်ကတည်းက ကြုံတွေ့ နေရသည့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုအပေါ် ဖိအားများပိုမို သက်ရောက်စေခဲ့သည်။

“ကုန်စျေးနှုန်းမြင့်တက်မှု ဂယက်တွေဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်မှာဖြစ်ပြီး အထူးသဖြင့် အစားအစာနဲ့ လောင်စာအတွက် ငွေအများဆုံးသုံးနေရတဲ့ ဆင်းရဲတဲ့ မိသားစုတွေကို ထိခိုက်စေပါလိမ့်မယ်”ဟု IMF ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ရုရှား-ယူကရိန်းပဋိပက္ခ၏ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီစျေး အဆမတန် မြင့်တက်ခဲ့ပြီး ရွှေစျေး၊ စားသုံးဆီ စျေးအပြင် ကုန်စည်အမည်အများစု စျေးတက်လာခဲ့သည်။

ကမ္ဘာ့ရေနံစျေး (WTI) သည်  ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁၉ ရက် တွင် တစ်စည် ၅၉ ဒေါ်လာ၊ မတ် ၆ ရက်တွင် တစ်စည် ၆၆ ဒေါ်လာရှိခဲ့သည်။

၂၀၂၂ ခုနှစ် မတ် ၁၀ ရက်တွင် တစ်စည်လျှင် ၁၁၁ ဒသမ ၆၇ ဒေါ်လာရှိခဲ့သည်။ ဇွန် ၁၆ ရက်တွင်မူ ကမ္ဘာ့ရေနံစျေး (WTI) သည် တစ်စည်လျှင် ၁၁၆ ဒသမ ၂၂ ဒေါ်လာ အထိ မြင့်တက်လာခဲ့သည်။

၂၀၂၁ ခုနှစ် မတ် ၆ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချခဲ့သောစျေး နှုန်းများမှာ ဒီဇယ်တစ်လီတာလျှင် ၈၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၈၅၅ ကျပ်၊အောက်တိန်း  92 Ron တစ်လီတာ ၈၀၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၉၁၅ ကျပ်ဖြစ်သည်။

၂၀၂၂ ခုနှစ် ဇွန် ၁၆ ရက်တွင်မူ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချခဲ့သော စျေးနှုန်းများမှာ ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၆၃၀ ၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၆၆၀ ၊အောက်တိန်း  92 Ron တစ်လီတာ ကျပ် ၂၂၅၀၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၂၃၄၀ အထိ မြင့်တက်လာခဲ့သည်။

“ဓာတ်ဆီစျေးတော့ ပြောကို မပြောချင်တော့ဘူး။ ဓာတ်ဆီတက်တော့ ကိုယ့်အမြတ်တွေပါကုန်တာပေါ့။  ဓာတ်ဆီက တစ်လီတာကို ၂ဝဝဝကနေ ၂၂၅၀ ဖြစ်သွားလိုက်၊ ၂၂၃၅ ဖြစ်သွားလိုက်လေ။ ၂၁၀၀ အောက်ကို မဆင်းတော့ဘူး။ စျေးက အတက်ချည်းပဲ။ ဆီစျေးတက်လို့ဆိုပြီး ကိုယ့်ရဲ့ဖောက်သည်ဆီက ဒီနေ့ တော့ ၁၀၀၀ ပိုပေးပါ၊ ၂၀၀၀ ပိုပေး ပါဆိုပြီး တောင်းလို့မှမရတာ။ အရင်ကမှ ဆီစျေးက အတက်အကျရှိသေးတယ်။ အခုက နေ့တိုင်းအတက်ချည်းပဲဲ”ဟု ရန်ကုန်မြို့တွင်း ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ကားဘော်ဒီရုံလုပ်ငန်းများတွင်လည်း လုပ်ငန်းလည်ပတ်နေရုံအဆင့်မျှသာရှိပြီး စရိတ်စကနှင့် ဝင်ငွေကြား ရုန်းကန်နေရကြောင်းလည်း သိရသည်။

“ဘော်ဒီရုံဆိုရင် အလုပ်က မဝင်ဘူးမဟုတ်ဘူး။ ဒီကာလထဲမှာ ဝင်တယ်။ ဒါပေမဲ့ အရင်လိုအလုပ် ကမကျန်ဘူး။ ဘာလို့မကျန်လဲမေးရင် ကားဆေးတယ်ဆိုလည်း ဆေးတွေ စျေးတက်တယ်။ အဓိကထောင်းနေတာက လေဘာစရိတ်နဲ့ စက်သုံးဆီစရိတ်ပဲ။ အထွေထွေကုန်ကျစရိတ်ကများတော့ အမြတ်မကျန်ဘူးပေါ့။ အမြတ်က နည်းတဲ့အဆင့်မဟုတ်တော့ဘူး။ မကျန်တဲ့အဆင့် ရောက်သွားပြီ”ဟု တောင်ဥက္ကလာမြို့နယ်အတွင်း ကားဘော်ဒီရုံလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့လုပ်ငန်းမှာ အလုပ်က ပုံမှန်ပဲ။ တစ်နေ့ကို အော်ဒါက နှစ်ခေါက်သုံးခေါက် ရှိတယ်။ ဒါပေမဲ့ ကုန်က များတယ်ဆိုပေမဲ့ ဒီဘက်မှာ ဆီစျေးတက်တယ်။ ကြက်ဘဲစျေးက စျေးတက်တယ်။ ဒါပေမဲ့ ကြက်ဘဲစျေးကတော့ မငြိမ်ဘူး။ တက်တဲ့နေ့လည်းရှိတယ်။ ကျတဲ့နေ့လည်းရှိတယ်။ ကျတဲ့နေ့ဆိုရင် ခံသာတယ်။ အမြတ်ကျန်တယ်ပေါ့ဗျာ ။ ဒါပေမဲ့ စက်သုံးဆီက လုံးဝမကျတဲ့အခါကျတော့ ဒီစရိတ်ကြီးက ကိုယ့်အတွက် သီးသန့်ကို ထွက်နေတာ။ အရင်ကဆိုရင် ကိုယ့်ကားခက ဆီဖိုးကျေတယ်။ ဥပမာ ၅၀၀၀ ပဲရတယ် ဆိုပါစို့။ ဆီဖိုးသည် ၅ဝဝဝပဲကုန်တဲ့ အတွက် ကိုယ်မစိုက်ရဘူး။ ကျန်တဲ့အမြတ်က ကိုယ့်အတွက် အသားတင်ပဲ။အခုက ဘဲစားဘဲချေပါမရတဲ့ အပြင် အဲဒီစက်သုံးဆီစရိတ်က ဟိုဘက်က အမြတ်ထဲကပါ  ဝင်စိုက်နေရတဲ့ သဘော။ အရင်က ၁၀၀ မြတ်မယ် ဆိုရင် အခု ၅၀ ပဲရတော့တာပေါ့။  ဘာလို့လဲဆိုတော့ စက်သုံးဆီက စားသွားတာလေ”ဟု အဆိုပါ ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ကိုင်နေသူက ဆက်လက်ပြောကြားခဲ့သည်။

စက်သုံးဆီစျေးမြင့်တက်နေမှုအပြင် ကားပြင်ဆင်စရိတ်မြင့်တက်မှုနှင့် ပစ္စည်းပြတ်လပ်မှုများကိုပါ ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

“အင်ဂျင်ဝိုင်ဆိုရင် ဝယ်လို့တောင်မရဘူး။ အင်ဂျင်ဝိုင်ပစ္စည်း ပြတ်နေတယ်။ ပိုက်ဆံရှိရင်တောင် ပစ္စည်းတွေ ဝယ်မရဘူး။ ကုန်ပစ္စည်း ပြတ်လပ်မှုက နေရာတိုင်းမှာဖြစ်နေတာ။  အရင်ကဆိုရင် တစ်ခုခုလိုချင်တိုင်း ကြိုက်တဲ့နေရာမှာ စျေးကြိုက်ရင် ဝယ်လို့ရတယ်။ ဆိုင်တောင်ရွေးလိုက်ဦး။ ဘယ်ဆိုင်ကစျေးသက်သာ လဲဆိုပြီး။ အခုက ဆီလိုပဲ။ ဆီရှိလား ရှိရင် ဘယ်လောက်ပဲဖြစ်ဖြစ် ထည့်လိုက်တော့ဆိုပြီးဖြစ်သွားတာ။ပုံမှန် ထည့်နေကျ အင်ဂျင်ဝိုင်တွေဆိုရင် သွင်းလို့မရလို့ပြဿနာကြောင့်တဲ့ အခုပစ္စည်းပြတ်တယ်။ အဲဒီတော့   ပတ်ရှာရတယ်။ ရှိတဲ့ဆိုင်ကျတော့လည်း စျေးကြီးတာမကြီးတာ မကြည့်နိုင်ဘူး၊ တွေ့တာနဲ့ဝယ်ပဲ။  အခုလေ ဆီတစ်ခါဖြည့်ရင် ၇၅၀၀၀ ၊ ၈၀၀၀၀ ကုန်တယ်။ 92 ကို ဂိတ်ပြည့်ထည့်ရင်၊ အိမ်စီးကားတွေဆိုရင်တော့ သိန်း ကျော်ကုန်တာပေါ့။ အဲကွန်းဖွင့်တဲ့ ကားတွေဆိုရင် ဆီတစ်ခါဖြည့် တစ်သိန်းဝန်းကျင်၊ တစ်သိန်းကျော် ကုန်တယ်။ သူတို့ကတော့ ချွေတာစီး လို့ရတယ်။ ကျွန်တော်တို့အလုပ်လုပ်နေတဲ့ကားက ချွေတာမရဘူး။ ဆီရှားလို့ဆိုပြီး  ကားရပ်ထားလို့မရတာ၊ ရပ်ထားရင် ကိုယ်ထမင်းငတ်မယ်လေ။ အဲဒီတော့ ဆီဘယ်စျေးဖြစ်ဖြစ်ထည့်၊  အရင်က ဂိတ်ပြည့်ထည့်မှ ၃၀၀၀၀ ၊ ၄၀၀၀၀ ထန်ကုန်ပဲ။ ၃၀၀၀၀ ဆိုရင် မောင်းပါလေ့။ အခုဆိုရင် ၇၀၀၀၀၊ ၈၀၀၀၀။ အဲဒီတော့ ကိုယ်စားရမယ့်ပိုက်ဆံတွေအကုန်လုံးက  ဆီထဲရောက်ကုန်တာလေ”ဟု ကုန် စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

ငွေကြေးဖောင်းပွမှုသည် ကာလအတန်ကြာ အထွေထွေစျေးနှုန်း  မြင့်တက်လာခြင်းဖြစ်ပြီး လူအများ စားသုံးသည့်အခြေခံကုန်စည်များ၏ စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

အချိန်အတိုင်းအတာတစ်ခု၌ စီးပွားရေးရပ်ဝန်းအတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ အထွေထွေစျေးနှုန်း မြင့်တက်လာသည့်အခါ တူညီသော ငွေကြေးယူနစ်ဖြစ်သော်လည်း ပိုမိုနည်းပါးသော ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင်မည်ဖြစ်သည်။

တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှုသည် ငွေကြေး၏ဝယ်ယူနိုင်စွမ်း၊ ငွေကြေးယူနစ်၏တန်ဖိုးကို  လျော့ကျစေခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းကို ငွေကြေးဖောင်းပွမှုနှုန်း  Inflation Rate ဟု ခေါ်ဆိုပြီး အထွေထွေစျေးနှုန်းအညွှန်းတစ်ရပ်ဖြင့်  နှစ်စဉ်ရာခိုင်နှုန်းအပြောင်းအလဲကို ဖော်ပြကာ အဆိုပါအညွှန်းကို စားသုံးသူစျေးဆနှုန်း (CPI –Consumer Price Index) ဟု ခေါ်ဆိုခြင်းဖြစ်သည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း 

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ မတ်လ အထိကာလဖြစ်သည့်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၁၅ ဒသမ ၀၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ပထမသုံးလပတ် ကထက် ၃ ဒသမ ၆၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၁၅ ဒသမ ၀၅  ရာခိုင်နှုန်း ဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁၅ ဒသမ ၀၆ ရာခိုင်နှုန်း ဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်  ပထမသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၁၁ ဒသမ ၃၉  ရာခိုင်နှုန်း ဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁၁ ဒသမ ၃၉ ရာခိုင် နှုန်းဖြစ်သည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့်နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊၂၀၂၀ ပြည့်နှစ် ဇန် နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည် မြင့်တက်ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာ၊ ဒီဇင်ဘာတွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင် ဘာ ၃၀ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ဒီ ဇင်ဘာ ၃၁ ရက်အထိ ပထမသုံးလပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း  ၁ ဒသမ ၀၈ ရာခိုင်နှုန်း၊  ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဒုတိယသုံးလပတ် အတွင်း ၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တတိယသုံးလပတ်အတွင်း ၅ ဒသမ ၀၂ ရာ ခိုင်နှုန်းနှင့် ဇူလိုင် ၁ ရက်မှ စက်တင် ဘာ ၃၀ ရက်အထိ စတုတ္ထသုံးလပတ်အတွင်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

စားသုံးသူစျေးဆနှုန်း

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ မတ်လအထိကာလဖြစ်သည့်၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း စားသုံးသူစျေးဆနှုန်း (CPI) ၁၈၈ ဒသမ ၁၄ ဖြစ်ပေါ်ခဲ့ပြီး ပထမ သုံးလပတ်ထက် ၃ ဒသမ ၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ သုံးလပတ်ကာလအတွင်း စားသုံးသူစျေးဆနှုန်း  (CPI) ၁၈၁ ဒသမ ၄၈ ဖြစ်ပေါ်ခဲ့ပြီး ဒုတိယ သုံးလပတ်အတွင်း ၁၈၈ ဒသမ ၁၄ ဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက်  စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့်စားသုံးမှု စစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့်စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။

စားသုံးသူစျေးဆနှုန်းတွက်ချက်ရန် အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သောအုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း  ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

ငွေကြေးစျေးကွက်မတည်ငြိမ်မှု၏ ဂယက်သည်လည်း ကုန်စျေးနှုန်းကြီးမြင့်မှုအရ အဓိကအားဖြင့် အခြေခံလူတန်းစားကို ကြီးမားစွာ သက်ရောက်သည် ဆိုသည့်အချက်ကို မငြင်းသာပေ။

လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံခြားငွေလဲနှုန်းအခြေအနေက ပြည်သူ အများစုအပေါ် သက်ရောက်နေသည်။

မြန်မာနိုင်ငံသည် အများအားဖြင့် သွင်းကုန်များ အပေါ်တွင်သာ အားထားသုံးစွဲနေရသဖြင့်  ဒေါ်လာစျေးမြင့်တက်မှုနှင့် စက်သုံးဆီစျေး မြင့်တက်မှုများက ပြည်သူလူထုအပေါ် အကြီးအကျယ် ရိုက်ခတ်လာနိုင်မည်ဖြစ်သည်။

မြန်မာ့စီးပွားရေးကျဆင်းနေသဖြင့် ပြည်သူများ၏ ဝယ်ယူစားသုံးနိုင်စွမ်းကျဆင်းနေချိန်တွင် မြွေပူရာကင်းမှောင့်သကဲ့သို့ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှင့် ကုန်စျေးနှုန်း မြင့်တက်မှုများက အကျပ်အတည်းကြားမှ ပြည်သူများအပေါ်ထပ်ဆင့်ထိုးနှက်လျက်ရှိနေကြောင်း လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြသည်။

စီးပွားရေးသည် လာမည့်နှစ်အတွင်း ခိုင်ခိုင်မာမာ ပြန်လည် အားကောင်းလာခြင်းမရှိပါက  ပြည်သူများ၏ စားဝတ်နေရေးအခြေအနေအပေါ် သိသာစွာ ထိခိုက်မှုများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent