မကွေးတိုင်းဒေသကြီးဟု ကြားလိုက် သည်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ် ဝန်းဒေသ၊ မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများ အဓိကစိုက်ပျိုးသည့် ယာမြေများ၊ မိုးခေါင် ရေရှားလေ့ရှိသည့် ဓလေ့များကိုသာ အလိုအ လျောက် ပြေးမြင်မိသူများကြသည်။ မိုးနည်း ရပ်ဝန်းအတွင်း မြန်မာတစ်နိုင်ငံလုံးတွင် နေ့ အပူချိန် အမြင့်ဆုံးတက်လေ့ရှိသည့် မြို့နယ် များထဲမှ တစ်ခုဖြစ်သည့် ရေနံချောင်းမြို့တွင် မွေးဖွားခဲ့သည့် မိမိကိုယ်တိုင်လည်း မူလက ထိုကဲ့သို့သာ အမြင်ရှိခဲ့သည်။
သို့သော် သတင်းလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းသူတစ်ဦးအနေဖြင့်သာမက မိမိနေထိုင်ရာ တိုင်းဒေသကြီးအတွင်းမရောက် ဖူးသည့်နေရာ မရှိလိုသည့် စိတ်ဆန္ဒတွန်း အားကြောင့်ပါ မကွေးတိုင်းဒေသကြီးအတွင်း ဒေသများစွာသို့ ရောက်ရှိဖူးသည့်အခါ အဆို ပါအမြင်သည် “မမြင်ဖူးတော့ မူး မြစ်ထင် “ ဟူသော စကားကဲ့သို့သာ ရှိနေသည်ကို တွေ့ သိလာရသည်။
အမှန်တကယ်မြေပြင်တွင် အပူပိုင်းမိုး နည်းရပ်ဝန်းဒေသဟု လူသိများသည့် မကွေး တိုင်းဒေသကြီးသည် မြောက်ဘက်တွင် ချင်း တောင်တန်းများ၊ အနောက်ဘက်တွင် ရခိုင် ရိုးမနှင့် အရှေ့တောင်ဘက်တွင် အလယ်ရိုးမ (ပဲခူးရိုးမ) တောင်တန်းများနှင့် တစ်ဆက်တစ် စပ်တည်း တည်ရှိရုံသာမက ယင်းဒေသ များ၏ နယ်မြေအစိတ်အပိုင်းများလည်း မကွေးတိုင်း ဒေသကြီး၏ ဧရိယာအတွင်း ပါဝင်နေကြ သည်။
ထိုကဲ့သို့ ပါဝင်နေသည့် တောင်တန်း ဒေသများအနက် ငဖဲမြို့နယ် နတ်ရေကန်နှင့် ပေါက်စတောင်ကြောပေါ်ရှိ မကွေး-မင်းဘူး-အမ်း ကားလမ်းမ၏ နံဘေးဝဲယာမှ ကျေးရွာ များသို့ အကြိမ်ကြိမ်ရောက်ဖြစ်ခဲ့သည်။ ပုသိမ်-မုံရွာ ကားလမ်းနှင့် မင်းဘူး-အမ်း ကား လမ်းဆုံသည့်နေရာ ပဒါန်းကိုလွန်၍ အမ်း ကားလမ်းသို့ဆက်၍သွားပါက ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော် ရောက် ရှိသည်အထိ တောင်ကုန်းမြင့်များကို တက်ရ သည်။ ထိုကားလမ်း၏ နံဘေးဝဲယာ နတ်ရေ ကန်နှင့် ပေါက်စတောင်ကြောများပေါ်တွင် ပစီ၊ ဂုတ်ကြီး၊ ဘုန်းဘော၊ ခွန်ဇူ၊ လိုင်၊ စွန်တက်၊ လင်းတဲ၊ တုံးကြီး၊ ပဘဲ၊ ဆင်လမ်း၊ ကမျင်းခံ၊ ပိန်းရေစမ်း၊ မထုံး စသည့်ကျေးရွာများ တည် ရှိကြသည်။
ယင်းကျေးရွာများတွင် အရှိုချင်းလူမျိုး များ နေထိုင်ကြပြီး ကော်ဖီ၊ ငရုတ်ကောင်း၊ ဝဥ၊ လက်ဖက်၊ နာနတ်၊ ငှက်ပျော၊ ကဗ္ဗလာ၊ လိမ္မော်၊ ကျွဲကော၊ ထောပတ်၊ ပဲစင်းငုံ၊ ခရမ်း ချဉ် စသည့်သီးနှံပင်များ စိုက်ပျိုးကြပြီး ပိန္နဲ၊ ကတွတ်၊ သရက် စသည့်အပင်ကြီးများနှင့် သစ်မာပင်အများအပြားက သဘာဝပေါက်ပင် များအနေဖြင့်ပင် ပေါက်ရောက်လေ့ ရှိကြ သည်။
အဆိုပါကျေးရွာများသို့ ပထမဆုံးအကြိမ် ရောက်ဖူးသည်မှာ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်က ဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းမြို့အထိ သွယ်တန်းထား သည့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ် ငွေ့ပိုက်လိုင်း တည်ဆောက်ရေးကာလ ဖြစ် သည်။ ထိုစဉ်က ဒေသခံ အရှိုချင်း တောင်သူ အများစုသည် ရွှေ့ပြောင်းတောင်ယာခုတ် ခြင်းကို အများအပြား လုပ်ကိုင်လေ့ရှိခဲ့ပြီး ဥယျာဉ်ခြံစိုက်ပျိုးသူ ကော်ဖီ၊ ငရုတ်ကောင်း များ စိုက်ပျိုးသူများ နည်းပါးသေးသည်။ ယခု ၂၀၂၂ ခုနှစ်အတွင်း အဆိုပါဒေသများသို့ ထပ်မံရောက်ရှိခဲ့သည့်အခါ လွန်ခဲ့သော ၁၀ နှစ်ကျော်အချိန် ရောက်ဖူးစဉ်ကနှင့် ကွာခြား လှသော စိုက်ပျိုးရေးသဘာဝများကို တွေ့မြင် လာရသည်။ မိမိကိုယ်တိုင်လည်း စိုက်ပျိုးရေး ကို ၀ါသနာပါသည့်အားလျော်စွာ အဆိုပါဒေ သများရှိ ကော်ဖီ၊ ဝဥ စသည့် သီးနှံပင်များ စိုက်ပျိုးကြသည့် ဒေသခံတောင်သူများအား သြဂဲနစ်စိုက်ပျိုးရေး နည်းပညာများ သင်ကြား ပို့ချပေးလျက်ရှိသည့် ဆရာမကြီး ဒေါက်တာ သန်းသန်းစိန်နှင့်အတူ လိုက်ပါခွင့်ရခဲ့ခြင်း ဖြစ်သည်။
ယခင်က ရွှေ့ပြောင်းတောင်ယာ ခုတ် ခြင်းနှင့် သစ်တောထွက် ပစ္စည်းများကိုသာ အဓိကမှီခို လုပ်ကိုင်ခဲ့ကြသည့် အရှိုချင်း တောင်သူများသည် ၂၀၁၅ ခုနှစ်ခန့်မှစ၍ ကော်ဖီ၊ ငရုတ်ေကောင်း၊ ဝဥ စသည့် သီးနှံ များကို အများအပြားစိုက်ပျိုးလာကြသည်။ ကော်ဖီစိုက်ပျိုးမည်ဆိုပါက အရိပ်ရအပင်ကြီး ရာခိုင်နှုန်း ၈၀ လိုအပ်သောကြောင့် ကော်ဖီ စိုက်ခင်းများ တည်ထောင်ရန်အတွက် ယခင် က ရွှေ့ပြောင်းတောင်ယာ ခုတ်ခဲ့သည့် နေရာ များတွင် သစ်ပင်ကြီးများကို ပြန်လည်ပြုစုလာ ခဲ့ကြသည်။ ယင်းကျေးရွာများမှ ထွက်ရှိသော ကော်ဖီများကို ရှေးယခင်ကကဲ့သို့ပင် အလွယ် ခူးဆွတ်၍ ရသည့်စျေးနှင့် ရောင်းချသည့် အနေအထား မဟုတ်တော့ဘဲ ပျိုးပင်မှအစ၊ ပြုစုပျိုးထောင်ခြင်း၊ ခူးဆွတ်ခြင်း၊ ရိတ်သိမ်း ချိန်နောက်ပိုင်း နည်းစနစ်များသည်လည်း နိုင်ငံတကာအဆင့်မီ နည်းစနစ်များ ဖြစ်လာ သည်ကိုလည်း မြင်တွေ့သိရှိခဲ့ရသည်။
ယင်းသို့ စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲတိုးတက်လာမှုကို လေ့လာမိသည့်အခါ ပေါက်စတောင်ကြောနှင့် နတ်ရေကန်တောင်ကြောတို့တွင် ရှင်သန်ကျက်စားလျက်ရှိသည့် ကမ္ဘာမှာပင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသော အနောက်ပိုင်း မျက်ခုံးဖြူ မျောက်လွှဲကျော်တို့၏ ကျေးဇူးကြောင့်ဟု သိရှိလာခဲ့ရသည်။“ကျွန်တော်တို့က ပထမတော့ မျက်ခုံးဖြူမျောက်လွှဲကျော်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်ကြတာပါ။ ဒါပေမဲ့ ဒီမျောက်တွေက သစ်တောကောင်းမှ ရှင်သန်နေထိုင်နိုင်ကြတာ ဆိုတော့ သဘာဝသစ်ပင်ကြီးတွေကို ထိန်းသိမ်းဖို့ ဒေသခံတောင်သူတွေ မပါလို့မဖြစ်တာကို သိလာရပါတယ်။ ဒါကြောင့် ဒေသခံတွေကို စည်းရုံးရင်းနဲ့ သူတို့ကို ဒီအတိုင်း ပူးပေါင်းပါဝင်ခိုင်းတာထက် သူတို့အတွက် အလုပ်အကိုင်အ ခွင့်အလမ်းတွေပါ ဖန်တီးပေးနိုင်မှ အောင်မြင်နိုင်မယ်ဆိုတာသိလာပြီး ကော်ဖီနဲ့ အခြားနှစ်ရှည် သီးနှံတွေ စိုက်ကြဖို့ ကူညီပေးခဲ့ကြတာပါ။ အဲဒီလိုစိုက်ပျိုးမှလည်း ဒေသခံတွေအတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ပါ ရေရှည်ကောင်းမွန်တဲ့ စိုက်ပျိုးရေးစနစ် ဖြစ်မှာမို့လို့ပါ။ ကျွန်တော်တို့ အခုဆို နိုင်ငံတကာအသိအမှတ်ပြုတဲ့ ကော်ဖီပျိုးပင်တွေကအစ စိုက်ပျိုးနည်း၊ ပြုစုနည်းနဲ့ ခူးဆွတ်နည်းအပါအဝင် ရိတ်သိမ်းလွန်နည်းစနစ်တွေအထိ တောင်သူတွေကို နည်းပညာတွေ ပေးနိုင်ခဲ့ပါတယ်။ အခုနောက်ပိုင်း ကော်ဖီကို စျေးကွက်ရအောင်လည်း ဖန်တီးပေးနိုင်လာတော့ တောင်သူတွေကိုယ်တိုင်က ကော်ဖီစိုက်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ဆိုတဲ့ အသိတွေ ရလာကြပါပြီ “ ဟု ဒေသခံ အရှိုချင်း တောင်သူများအတွက် ကူညီပံ့ပိုးမှုများ ဆောင်ရွက်နေသည့် Fauna & Flora International ( FFI ) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒေသခံအရှိုချင်းတောင်သူများအား တွေ့ဆုံမေးမြန်းကြည့်သည့်အခါ ရွှေ့ပြောင်းတောင်ယာ ခုတ်ခြင်း၏ ဆိုးကျိုးများကို လက်တွေ့သိလာပြီး စျေးကွက်လည်း ရရှိလာသည့် ကော်ဖီသီးနှံကိုသာ အဓိက စိုက်ပျိုးလိုကြောင်း ဖြေကြားကြသည်။ ဒေသခံတောင်သူများကိုယ်တိုင် အဆိုပါကဲ့သို့ သဘာဝ ပတ်ဝန်းကျင်အပေါ် တန်ဖိုးတက်လာသည်နှင့်အမျှ ပေါက်စတောင်ကြော အပါအဝင် ဧရိယာ ၃၀၇၀၀ ကျယ်ဝန်းသည့် မန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၂၁ ခုနှစ်တွင် သစ်တောဦးစီးဌာနက သတ်မှတ်ပေးနိုင်ခဲ့သည်။ မန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း အနောက်ပိုင်း မျက်ခုံးဖြူ မျောက်လွှဲကျော်သာမက ကမ္ဘာ့ရှားပါးစာရင်းဝင် တောရိုင်းတိရစ္ဆာန်များဖြစ်သည့် အောက်ချင်း၊ ဝက်ဝံ၊ ကျားသစ်၊ တောင်ဆိတ်၊ တောခွေးတို့အပြင် ရှားပါးအပင်မျိုးစိတ်များစွာလည်း တည်ရှိနေကြောင်း သိရသည်။
“ ကျွန်တော်တို့ ဒေသ ဂုတ်ကြီးကျေးရွာအလွန်နားလေးမှာ အရင်ကတည်းက ကော်ဖီနည်းပညာ သုတေသနခြံတစ်ခြံရှိပြီး ကော်ဖီစိုက်ခင်းအချို့လည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကော်ဖီ ခူးဆွတ်တာကအစ သမားရိုးကျနည်းတွေနဲ့ပဲ လုပ်ခဲ့တော့ စျေးကောင်းရတာလည်း မရှိခဲ့ပါဘူး။ အခု မျောက်လွှဲကျော် ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ကော်ဖီစိုက်ပျိုးထုတ််လုပ်ရေး နည်းပညာတွေလည်း ပိုသိလာခဲ့ပြီး ဝင်ငွေလည်း တိုးလာခဲ့ပါတယ်။ အခု ၂၀၂၂ နှစ် ကော်ဖီရာသီမှာ ကိုဗစ်ရောဂါကြောင့် အခြားသီးနှံတွေ စျေးရရှိမှု နည်းတာရှိခဲ့ပေမဲ့ ကော်ဖီက အရင်နှစ်တွေထက် စျေးကောင်းရခဲ့ပါတယ်။ ကျွန်တော်တို့ ဒေသမှာ ကော်ဖီစိုက်ခင်းတွေထဲမှာ ဝဥပါထည့်စိုက်လာကြတာတွေလည်း ပိုများလာပါတယ်” ဟု နတ်ရေကန်တောင်ကြောပေါ်ရှိ ဘုန်းဘောကျေးရွာမှ အရှိုချင်းတောင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါဒေသများတွင် ကော်ဖီနှင့် ဝဥများ စိုက်ပျိုးလာကြပြီး ကော်ဖီစျေးကောင်းရရှိသည့် သတင်းနှင့်အတူ ယခုနှစ်တွင် ခရမ်းချဉ်သီးများ စျေးနှုန်းလျော့ကျနေသည်ကိုလည်း သိရှိခဲ့ရသည်။ ထိုသို့ ခရမ်းချဉ်သီးစျေး လျော့ကျနေခြင်းသည် သာမန်အားဖြင့်ကြည့်လျှင် မထူးဆန်းသည့် အခြေအနေ ဖြစ်သော်လည်း နိုင်ငံတစ်ဝန်းတွင် ခရမ်းချဉ်သီးစျေး မြင့်တက်နေချိန်တွင်မှ ထိုဒေသထွက ခရမ်းချဉ်သီးများ ယခင်နှစ်များထက် စျေးလျော့နေခြင်းက မိမိအတွက် ထူးခြားနေခဲ့သည်။ အရှိုချင်း ကျေးရွာများတွင် စိုက်ပျိုးသည့် ခရမ်းချဉ်သီးများသည် မျိုးဗီဇပြုပြင်ထားသည့် နိုင်ငံခြားမှ ဝင်ရောက်လာသော ခရမ်းချဉ်မျိုးများမဟုတ်ဘဲ ဒေသမျိုးရင်း ခရမ်းချဉ်သီးအသေးမျိုးများ ဖြစ်သည်။
အရှိုချင်း တောင်သူများက ကိုင်းနှင့် မြေနုကျွန်းများ မြစ်ရေတက်၍ နစ်မြုပ်ပြီး ကိုင်းခရမ်းချဉ်သီးများ ထွက်နှုန်းလျော့ချိန်ကို အချိန်ကိုက်၍ ဒေသမျိုးခရမ်းချဉ်များကို စိုက်ပျိုးလေ့ရှိကြသည်။ သို့သော် ယခုနှစ် တောင်ပေါ်ဒေသ ခရမ်းချဉ်ထွက်သည့်ရာသီတွင် စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်မှုနှင့် ကြုံတွေ့ရသောကြောင့် သယ်ယူစရိတ်ကြီးမြင့်ကာ ခရမ်းချဉ်သီးစျေးများ လျော့ကျရခြင်းဖြစ်ကြောင်း သိရသည်။
နတ်ရေကန်တောင်ကြောနှင့် ပေါက်စတောင်ကြောတို့သည် ပင်လယ်ရေမျက်နှာပြင် ၄၀၀၀ ကျော်ဒေသများဖြစ်သည့်အားလျော်စွာ နွေရာသီအချိန်မျိုးမှာပင် ညဘက်၌ စောင်ခြုံ၍အိပ်ရသည်အထိ အအေးဓာတ်ရှိသည်။ ပေါက်စတောင်ကြောသည် မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့၏ နယ်ခြားနေရာဖြစ်ပြီး မိုးတွင်းပိုင်းတွင် တိမ်ပင်လယ်များကို မြင်တွေ့ရလေ့ရှိသည်။ ထိုတောင်ကြောများပေါ်တွင် မှီတင်းနေထိုင်ကြသည့် ဒေသခံတောင်သူများအတွက် သဘာဝရေထွက်များက သောက်သုံးရေအတွက်သာမက စိုက်ပျိုးရေးအတွက်ပါ အထောက်အပံ့ကောင်း ပေးထားသည်။ ပေါက်စတောင်ကြောအနီး ပဘဲ ကျေးရွာတွင် သဘာဝရေထွက်တစ်ခုမှ စီးဆင်းလာသည့်ရေဖြင့် လျှပ်စစ်စွမ်းအားထုတ်၍ အိမ်ခြေ ၃၀ ကျော် ခန့်ရှိသည့် ကျေးရွာတစ်ရွာလုံး လျှပ်စစ်မီး ၂၄ နာရီ ရရှိအသုံးပြုနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
နတ်ရေကန်နှင့် ပေါက်စတောင်ကြောများသည် ရွှေစက်တော်ဘုရားသမိုင်းတွင် ပါဝင်သည့် နမ္မဒါမြစ်၏ တောင်ဘက်ပိုင်းမှ ရေဝေရေလဲဒေသများ ဖြစ်သည်။ ရာဇဝင်ထဲတွင် နမ္မဒါမြစ်ဟု ခေါ်တွင်ခဲ့သည်မှာ မန်းချောင်းကို ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ မန်းချောင်းသည် ငဖဲမြို့၏ အထက်ဘက်တွင် တောင်မန်းနှင့် မြောက်မန်းဟူသော ချောင်းနှစ်ချောင်း ပေါင်းဆုံ၍ ဖြစ်တည်လာသော ချောင်းဖြစ်သည်။ မန်းချောင်းသည် ငဖဲ၊ ရွှေစက်တော်၊ စကု၊ မင်းဘူး ဒေသများမှတစ်ဆင့်မင်းဘူးမြို့နယ် မန်းကျိုးကျေးရွာအနီးတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ မန်းချောင်းစီးဆင်းရာ ဒေသများမှ ဒေသခံများသည် သောက်သုံးရေ အတွက်သာမက စိုက်ပျိုးမွေးမြူရေးအတွက်ပါ မန်းချောင်းရေကို အဓိက အမှီပြုကြရသည်။ တောင်မန်းချောင်း၏ ရေဝဲရေလဲဒေသများဖြစ်သည့် ပေါက်စနှင့် နတ်ရေကန် တောင်ကြောများတွင် မှီတင်းနေထိုင်ကြသည့် ဒေသခံတောင်သူများကိုယ်တိုင် ရွှေ့ပြောင်းတောင်ယာ ခုတ်ခြင်းဓလေ့ကို ပစ်ပယ်၍ သစ်ပင် သစ်တောများကို ထိန်းသိမ်းရကောင်းမှန်း သိလာပြီး ကော်ဖီ၊ ဝဥ၊ ငရုတ်ကောင်း စသည့်သီးနှံစိုက်ခင်းများ တည်ရှိလာခြင်းက ဒေသခံများအတွက် ရေရှည်တည်တံ့မည့် စိုက်ပျိုးရေးခြံများ တည်ရှိလာခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းသို့ ရေရှည်တည်တံ့မည့် စိုက်ပျိုးရေးစနစ်များကို လက်ရှိအချိန်မှ နောင်အနာဂတ်အထိ ဆထက်ထမ်းပိုးလက်ဆင့်ကမ်းသွားခြင်းဖြင့် ကမ္ဘာ့ရှားပါးစာရင်းဝင် အနောက်ပိုင်း မျက်ခုံးဖြူ မျောက်လွှဲကျော်များ အပါအဝင် အခြားဇီဝမျိုးကွဲ မျိုးစုံတို့အတွက် သဘာဝပတ်ဝန်းကျင်ကောင်းသဖွယ် ဖြစ်တည်လာမည် ဖြစ်သည်။ ထို့အပြင် မန်းချောင်း၏ ပင်မလက်တက်တစ်ခုဖြစ်သည့် တောင်မန်းချောင်း အထက်ဘက်မှ ရေဝဲရေလဲဒေသများတွင် သဘာဝပတ်ဝန်းကျင် ကောင်းမွန်လာစေသောကြောင့် မန်းချောင်းတစ်လျှောက်နှင့် ဧရာဝတီမြစ်၏ တစ်စိတ်တစ်ဒေသအထိ သဘာဝပတ်ဝန်းကောင်းများ ပြန်လည်ဖြစ်ထွန်းလာမည်ကိုလည်း မြင်ယောင်နေမိသည်။










