နိုင်ငံရေး အကျပ်အတည်းများ ပြေလည်ခြင်း မရှိသေးသည့်တိုင် အထွေထွေရွေးကောက်ပွဲ အချိန်ဇယားက ထွက်ပေါ်နှင့်ပြီး ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဖွဲ့စည်းမှု ခြောက်လပြည့်တွင် လာမည့်ရွေးကောက်ပွဲကျင်းပမည့် အချိန်နှင့် စပ်လျဉ်း၍ အရိပ်အမြွတ် ပြောကြားမှုကို ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတည်ပြုခဲ့သည်။
“နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်၍ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း” ဟူ၍ ဖြစ်သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်အရာရှိ၊ အရာ ခံများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တစ်နှစ်စွန်းစွန်းသာ လိုတော့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လည်း လတ်တလောကာလကို ရွေးကောက်ပွဲ အကြိုကာလဟု သတ်မှတ်ထားသည်။
“ယခုကာလသည် ရွေးကောက်ပွဲအကြို ကာလ ဖြစ်တယ်လို့ ပြောလိုပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဇွန် ၁ ရက် သတင်းစာရှင်း လင်း ပွဲတွင် ပြောကြားသည်။
ထို့အတွက် ယခုနှစ်စကတည်းက အခြေ ခံမဲစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သလို ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ခြင်းများလည်း ဆောင်ရွက်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
■ နစကဥက္ကဋ္ဌ ပြောကြားသည့် ရွေးကောက်ပွဲကျင်းပရေး အဓိကလိုအပ်ချက်
အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သော်လည်း ထိုသို့ကျင်းပနိုင်ရန် တည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုလေ့ရှိသည်။
“ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရှိရန် လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မ တော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မှ အရာရှိ၊ အရာခံများနှင့် ဇွန် ၉ ရက်က တွေ့ဆုံစဉ် ပြောကြားသည်။
ရွေးကောက်ပွဲကျင်းပရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ချိတ်ဆက်ထားသော်လည်း တည်ငြိမ်အေးချမ်းမှုမရှိပါက ရွေး ကောက်ပွဲ ရွှေ့ဆိုင်းရန် ရှိ၊ မရှိ ယတိပြတ် ပြောကြားခြင်းတော့ မရှိပေ။
“ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ၎င်းနယ်မြေမှာရှိတဲ့ ပြည်သူများရဲ့ အခွင့်အရေးများ ဆုံးရှုံးမှု ရှိနိုင်ပါတယ်” ဟုသာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန် ၉ ရက်တွင် ပြောကြားသည်။
နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိသည့်တိုင် ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် ကျင်းပမည် ဆိုသော တစ်ထစ်ချ ပြောကြားမှုမျိုးလည်း မဟုတ်ပေ။
“တရားဥပဒေ စိုးမိုးရေးကို မလုပ်နိုင်ဘူးဆိုရင် ဒီဟာဖြစ်နိုင်ဖို့ အလားအလာနည်း တယ်ဆိုတဲ့အကြောင်း သတိပေးတဲ့ သဘော ပဲ” ဟု နိုင်ငံရေး လေ့လာသူ ဦးရဲထွန်း (သီပေါ) က မှတ်ချက်ပြုသည်။
နစကဥက္ကဋ္ဌနည်းတူ ရွေးကောက်ပွဲကို ကြီးကြပ်ရမည့် ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ကလည်း ရွေးကောက်ပွဲကျင်းပရန် နိုင်ငံတည် ငြိမ်အေးချမ်းမှု လိုအပ်ကြောင်း ပြည်ပအဖွဲ့ အစည်းတစ်ခုမှ ဂုဏ်ထူးဆောင်ပါမောက္ခနှင့် ဇွန် ၁၀ ရက်က တွေ့ဆုံမှုတွင် ဆိုလာပြန်သည်။
ရွေးကောက်ပွဲ ကျင်းပမည်ဆိုသော ကတိ တည်ရန် ကြိုးစားစေချင်ကြောင်း ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင် ပြည်စိုးက ၎င်း၏ ဆန္ဒကို ထုတ်ဖော်သည်။
“ဒါမှပဲ သူတို့ ကတိကဝတ်တွေ တည်မယ်။ သူများတွေ ပြောတာ ထောက်ပြတာ လွတ်နိုင်မယ်” ဟု အဆိုပါ ကရင်ပါတီဥက္ကဋ္ဌက ပြောကြားသည်။
■ ရွေးကောက်ပွဲ အမှန်တကယ် ကျင်းပနိုင်မလား
၂၀၀၈ အခြေခံဥပဒေအရ တပ်မတော် အနေဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရား စီရင်ရေး စသည့် အာဏာသုံးရပ်ကို ရယူ ဆောင်ရွက်ခွင့်ရှိသော်လည်း ကာလအားဖြင့် အကန့်အသတ်ရှိသည်။
အရေးပေါ်ကာလ လုပ်ငန်းစဉ်များကို တစ်နှစ်အတွင်း ဆောင်ရွက်ပြီးစီးခြင်း မရှိပါ က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီထံတင်ပြပြီး ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိသော်လည်း ယင်းထက် ကျော်လွန်ဆောင်ရွက်ခွင့်ကို အခြေခံဥပဒေ တွင် ဖော်ပြထားခြင်း မရှိပေ။
အရေးပေါ်ကာလ နှစ်ပြည့်မြောက်လျှင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင် စီက ခြောက်လအတွင်း အထွေထွေရွေး ကောက်ပွဲ ကျင်းပပေးရမည်ဟု အခြေခံဥပဒေ အခန်း ၁၁ ပုဒ်မ ၄၂၉ တွင် ပြဋ္ဌာန်းထားသည်။
နစက၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်တွင် အရေးပေါ်ကာလပြီးလျှင် အထွေထွေရွေး ကောက်ပွဲကျင်းပ၍ အနိုင်ရပါတီကို အာဏာ လွှဲမည်ဟု ဆိုထားသလို အခြေခံဥပဒေအရ လည်း ၂၀၂၃ သြဂုတ်လ နောက်ဆုံးထားပြီး အထွေထွေရွေးကောက်ပွဲတစ်ရပ် မဖြစ်မနေ ကျင်းပရန် လိုအပ်သည်။
သို့သော် လုံခြုံရေး အခြေအနေအရ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်လျှင် မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို ၂၀၀၈ အခြေခံဥပဒေတွင် ဖော်ပြထားခြင်း မရှိကြောင်း လေ့လာသူအချို့က ဆိုသည်။
“မရှိတော့ သူက ဆက်ပြီးတော့ အုပ်ချုပ် နေမယ်။ တာဝန်ယူနေမယ်ဆိုရင် အခြေခံ ဥပဒေကို ချိုးဖျက်ရာကျမှာဖြစ်ပြီးတော့ အခြေခံဥပဒေကို ဖျက်သိမ်းတာမျိုးလည်း ဖြစ်သွားနိုင်တာပေါ့” ဟု နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း (သီပေါ) က ပြောကြားသည်။
ထိုသို့ အခြေခံဥပဒေကို ဖျက်သိမ်းပါက “နောက်ထပ် ဘယ်နှနှစ်ဖြစ်ဖြစ် အခြေအနေ အပေါ် မူတည်ပြီး ဆက်ပြီး အုပ်ချုပ်သွားနိုင် တယ်ဆိုတဲ့ သဘောပေ့ါ”ဟု ၎င်းင်းက ဆက် လက်ပြောကြားသည်။
ပါတီတာဝန်ရှိသူအချို့ကမူ အရေးပေါ် ကာလ ပြီးမြောက်၍ တည်ငြိမ်ေးအချမ်းမှု မရှိ သေးလျှင် ထိုသို့တည်ငြိမ်မှုမရှိသည့် နယ်မြေ ကို ချန်လှပ်၍ ရွေးကောက်ပွဲ ကျင်းပသည့် အခြေအနေလည်း ဖြစ်နိုင်ကြောင်း ထင်မြင် ချက်ပေးသည်။
“ရွေးကောက်ပွဲဥပဒေမှာ ရာခိုင်နှုန်း ဘယ်လောက်မှ ရွေးကောက်ပွဲ ဖြစ်မြောက် မယ်လို့ မပါထားဘူးလေ။ အဲဒီတော့ ဖြစ် အောင်လုပ်မယ်ဆိုရင် ခုနကပြောတဲ့အတိုင်း ဖြစ်လို့ရတယ်”ဟု အမျိုးသားဒီမိုကရေစီအင် အားစုပါတီ(NDF) အထွေထွေအတွင်းရေး မှူး ဦးအောင်ဇင်က ပြောကြားသည်။
၂၀၀၈ အခြေခံဥပဒေအရ ငါးနှစ်တစ်ကြိမ် ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ သုံးကြိမ်ရှိခဲ့ပြီး အဆိုပါ သုံးကြိမ်လုံးတွင် မဲဆန္ဒနယ် အကြားအလပ် မရှိ ကျင်းပနိုင်သည့် အထွေထွေရွေးကောက်ပွဲ ဟူ၍ မရှိခဲ့ပေ။
လွတ်လပ်၊ တရားမျှတသည့် ရွေးကောက် ပွဲ ကျင်းပနိုင်သည့် အခြေအနေမရှိဟုဆိုကာ အနီးစပ်ဆုံးဖြစ်သည့် ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲတွင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည် နယ်ရှိ မြို့နယ် ၁၅ ခုအထိ ချန်လှပ်ခံရပြီး အထွေထွေရွေးကောက်ပွဲတိုင်းလိုလို တိုင်းနှင့် ပြည်နယ် ခြောက်ခုခန့်ရှိ မြို့နယ်နှင့် ကျေးရွာ အုပ်စုအချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။
သို့သော် နစက တာဝန်ရှိသူများက လာ မည့် ၂၀၂၃ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အကြားလပ်မရှိ ကျင်းပရန် ရည် ရွယ်ထားသည်ဟု ဆိုသည်။
“အထွေထွေရွေးကောက်ပွဲဆိုတဲ့ စကား ရပ်နဲ့အညီ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက် နေပါတယ်” ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၂၇ ရက် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားသည်။
သို့ရာတွင် ရန်ကုန်အပါအဝင် မြို့ပြအချို့ ၌ ပြောက်ကျားတိုက်ခိုက်မှုများ ဆက်လက် ရှိနေသလို နယ်မြို့များတွင် လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိခြင်းက ရွေးကောက်ပွဲကျင်းပရေးအတွက် အခြေ အနေကောင်းများ မဟုတ်ကြောင်း နိုင်ငံရေး လေ့လာသူများက ထောက်ပြကြသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဝင်တစ်ဦးက “လက်ရှိဖြစ်နေတဲ့ အခြေအနေ က ရွေးကောက်ပွဲဖြစ်ဖို့ တစ်နည်းအားဖြင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပတ် ဝန်းကျင် အခြေအနေကောင်းတွေ ရေခံမြေခံ ကောင်းတွေ မပြည့်စုံသေးဘူးလို့ ထင်ပါတယ်” ဟု ပြောကြားသည်။
■ PR စနစ်နှင့် ကော်မရှင်
ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရန် ကြိုးပမ်းလျက်ရှိသည့် လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ အထွေ ထွေရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု စနစ် (PR) ဖြင့် ကျင်းပမည် ဟု ဇွန် ၁၆ ရက် သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုခဲ့သည်။
ယခင်သတင်းများ ထွက်ပေါ်သည့် အတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ ခြောက်ခုနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် များမှလွဲ၍ ပြည်ထောင်စုအဆင့် လွှတ်တော် နှစ်ရပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ် တော်အားလုံးကို PR စနစ်ဖြင့် ကျင်းပမည် ဖြစ်သည်။
“ဥပဒေနဲ့အညီပဲ PR စနစ်ကို ကျင့်သုံးပြီး ရွေးကောက်ပွဲကို ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ မရှိပါဘူး” ဟု ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
PR စနစ် ပြောင်းလဲကျင့်သုံးသော်လည်း ၂၀၀၈ အခြေခံဥပဒေက သတ်မှတ်ထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ၃၃၀ နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ နေရာမှာ အပြောင်းအလဲ မရှိကြောင်း သိရ သည်။
ထို့အတွက် လွှတ်တော်ရွေးကောက် ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ထား ပြီးဖြစ်ကြောင်းလည်း ဦးခင်မောင်ဦးက ပြော ကြားသည်။
PR စနစ်အောက်တွင် Open List နှင့် Close List ဟူ၍ ရှိရာ ကော်မရှင်အဖွဲ့ဝင် ပြောကြားချက်အရ ကိုယ်စားလှယ်လောင်းကို ဖော်ပြခြင်းမရှိဘဲ ပါတီကိုသာ မဲပေးရမည့် Close List ပုံစံ အသုံးပြုမည်ဟု သိရသည်။
ယခင်ရွေးကောက်ပွဲ အနိုင်ရပါတီများ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပါတီ ၃၀ ခန့် တက်ရောက်ခြင်း မရှိသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၅၀ ကျော် တက်ရောက်သည့် ဆွေးနွေးပွဲ လေးကြိမ်ခန့်ပြုလုပ်ပြီး PR စနစ် အကောင်အထည်ဖော်ရန် ကော်မရှင် အနေ ဖြင့် ပြင်ဆင်ခဲ့သည်။
ပထမအကြိမ်လွှတ်တော်သက်တမ်း ၂၀၁၂ ခုနှစ်တွင် PR စနစ်နှင့်စပ်လျဉ်း၍ အဆိုတင် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၊ ကြားဖြတ်ရွေး ကောက်ပွဲများတွင် မဲများသူ အနိုင်ရစနစ် FPTP ကို ဆက်လက်ကျင့်သုံးခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းတွင် PR အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်လာပြီး လက်ရှိတွင် စနစ် ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း နစက ခန့်အပ်သည့် ရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာခြင်း ဖြစ်သည်။
ရွေးကောက်ပွဲယှဉ်ပြိုင်သည့် ပါတီနှင့် ကိုယ်စားလှယ်လောင်းများ ရရှိသည့် ဆန္ဒမဲ အရေအတွက်အပေါ် မူတည်ပြီး ကိုယ်စား လှယ်ခွဲဝေယူသည့် PR စနစ်ကို ပြောင်းလဲလို သူများက ယင်းစနစ်သည် အနိုင်ရပါတီတစ်ခု ၏ လွှမ်းမိုးမှုကိုဖယ်ရှားပြီး ပါတီငယ်နှင့် လူမျိုး စုပါတီများ ကိုယ်စားပြုခွင့် ပိုမိုရရှိကာ မဲ အလေအလွင့်လည်း နည်းပါးသည်ဟု ဆိုကြ သည်။
သို့သော် PR စနစ်၏ မဲပေးရ လွယ်ကူ ရိုးရှင်းမှုမရှိခြင်းက ခေတ်အဆက်ဆက် FPTP စနစ်ဖြင့် ယဉ်ပါးလာသည့် မဲဆန္ဒရှင် ပြည်သူ များအတွက် စိန်ခေါ်မှုဖြစ်နိုင်ကြောင်း သုတေသနစာတမ်းအချို့တွင် ဖော်ပြပါရှိသလို ပါတီ တာဝန်ရှိသူအချို့ကလည်း ထိုနည်းတူစွာ မှတ် ချက်ပြုသည်။
“PR စနစ်ဆိုတာ မဲလက်မှတ်ကိုက ရှုပ်ထွေးမှုများတယ်။ အဲဒါကြောင့် Voter Educational မြင့်နေဖို့လိုတယ်။ မဲဆန္ဒ ရှင် ပြည်သူတွေ ရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူ မဲပေးနိုင်တဲ့ စနစ်တစ်ခုကို ဖန်တီးဖို့က အရေးကြီးတယ်” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။
■ ရွေးကောက်ပွဲမှာ ပါတီစုံပါ့မလား
နစက ဖွဲ့စည်းပေးသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အသိအမှတ်မပြု သည့်ပါတီများရှိသလို လာမည့်ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် မှတ်ယူသည့် ပါတီအချို့လည်း ရှိသည်။
၂၀၂၃ ရွေးကောက်ပွဲကို မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် နိုင်ငံရေးထွက်ပေါက်တစ် ခုအဖြစ် မှတ်ယူကြောင်း အမျိုးသားဒီမိုကရေ စီအင်အားစုပါတီက ဇွန် ၁၄ ရက်တွင် သဘောထားထုတ်ပြန်သည်။
နိုင်ငံရေးပါတီများ၏ သဘောထားများ တင်ပြနိုင်ရေးအတွက် ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံပွဲများ စီစဉ်ပေးရန် နစကဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုသည့် ကြေညာချက်တွင် ထိုသို့ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲကော်မရှင်အနေနဲ့ရော နိုင်ငံတော်အနေနဲ့ရောက ပြည်သူတွေရဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့ဆိုရင်တော့ ဒီရွေးကောက်ပွဲလမ်းစဉ်တစ်ခုပဲ ထွက်ရပ် ပေါက်လမ်း ဖြစ်တာပေါ့နော်။ အဲဒါကို သဘောပေါက်အောင် ရှင်းပြနိုင်ဖို့ လိုတာပေါ့” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇင်က ပြောကြားသည်။
အင်အားကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ဇွန်လ ပထမပတ်တွင် ပါတီဗဟိုကော်မတီအစည်းအဝေး ကျင်းပခဲ့ ပြီး အစည်းအဝေးရည်ရွယ်ချက်တွင် ရွေးကောက်ပွဲ အောင်နိုင်ရေးလည်း ပါဝင်ကြောင်း ယင်းပါတီပြောခွင့်ရ ဒေါ်ယဉ်မင်းမြင့်ဆွေက မီဒီယာတစ်ခုသို့ ပြောကြားသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကမူ နစကကို အသိအမှတ်မပြု၍ ရွေးကောက်ပွဲ ကိုလည်း အသိအမှတ်ပြုမည် မဟုတ်ကြောင်း ဇွန် ၁၀ ရက်တွင် ထုတ်ပြန်သည်။
နစကနှင့် ရွေးကောက်ပွဲကော်မရှင်ကို အသိအမှတ်မပြုခြင်းကြောင့် လာမည့် ရွေးကောက်ပွဲမယှဉ်ပြိုင်ဟု ထုတ်ပြန်သည့် ပါတီများရှိလာသလို ငွေစာရင်း အစစ်ဆေး မခံ၍ ပါတီစည်းမျဉ်းဥပဒေနှင့် အရေးယူ ခံရပြီး ရွေးကောက်ပွဲမဝင်နိုင်သည့် ပါတီအချို့ လည်း ရှိလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်မှစ၍ ရွေးကောက် ပွဲကော်မရှင်က နိုင်ငံရေးပါတီများ၏ ပါတီဝင် စာရင်းနှင့် ငွေစာရင်း စစ်ဆေးခြင်းများ ပြု လုပ်ခဲ့ရာ တည်ဆဲ ၉၂ ပါတီအနက် ၈၅ ပါတီ ကို စစ်ဆေးပြီးစီးပြီး ရှစ်ပါတီ ကျန်ရှိကြောင်း သိရသည်။
ကော်မရှင် စာရင်းစစ်ရန်ကျန်သည့် ပါတီများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကဲ့သို့ လူထုထောက်ခံမှု အများဆုံးရသည့် ပါတီများ ပါဝင်သလို ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ကဲ့သို့ လူသိများသည့် ပါတီအချို့လည်း ပါဝင်သည်။
ငွေစာရင်း အစစ်ဆေးခံရန် နှစ်ကြိမ်တိုင် ဆင့်ခေါ်မှုကို ငြင်းဆန်ထားသည့် NLD ပါတီ နှင့် SNLD ပါတီကို ပါတီမှတ်ပုံတင် ယာယီ ရပ်ဆိုင်းခြင်းမှအစ ဖျက်သိမ်းခြင်းအထိ ပြုလုပ်နိုင်သော နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေပါ ပုဒ်မသုံးခုဖြင့် အရေးယူနိုင်ကြောင်း ဖေဖော်ဝါရီလအတွင်း ကော်မရှင်က သတိပေးစာ ပေးပို့ခဲ့သည်။
နောက်ပိုင်းတွင် NLD ပါတီအနေနှင့် ပါတီခေါင်းဆောင်အများအပြား ဖမ်းဆီးထိန်းသိမ်းခံရ၍ စာရင်းစစ်ခံရန် အခက်အခဲရှိသည့် အခြေအနေရှိခြင်းကြောင့် အချိန်ကာလတစ်ခုပေး စောင့်ဆိုင်းရန် ဆုံးဖြတ်ကြောင်း ပြန်လည် ဖြေလျှော့ခဲ့သည်။
NLD ပါတီကို မည်သည့်အချိန် နောက် ဆုံးထား အစစ်ခံရန် မဖော်ပြသော်လည်း ှNLD ပါတီကို ဇွန်လကုန် နောက်ဆုံးထား အစစ်ဆေးခံရန် ဆုံးဖြတ်ထားကြောင်း ကော်မရှင်က ဆိုသည်။
ပါတီဖျက်သိမ်းခံရမှသာ ရွေးကောက် ပွဲယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်ပြီး စာရင်းစစ်ခံ သည့်ကိစ္စနှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်မှု မဆက်စပ်ကြောင်း ရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြား သည်။
သို့သော် ငွေစာရင်း အစစ်ခံခြင်းမရှိသော မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကိုမူ မေလဆန်းတွင် ပါတီမှတ်ပုံတင် တစ်နှစ်ရပ်ဆိုင်းသည့် အရေးယူမှုပြုလုပ်ခဲ့ရာ အခြားသော ငွေစာရင်း အစစ်ဆေးခံခြင်း မရှိသေး သည့် ပါတီများကိုလည်း မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို စောင့်ကြည့်ရမည် ဖြစ် သည်။










