ထိုင်ဝမ်-တရုတ်ပဋိပက္ခနှင့် တရုတ်၏ချင့်ချိန်နိုင်စွမ်းအတိုင်းအတာ 

ထိုင်ဝမ်-တရုတ်ပဋိပက္ခနှင့် တရုတ်၏ချင့်ချိန်နိုင်စွမ်းအတိုင်းအတာ 
Photo : Reuters
Photo : Reuters
Published 18 June 2022
ခက်ဝေ

ထိုင်ဝမ်ရှိ သေးငယ်သည့်ဖုန်းဟူကျွန်းပေါ်တွင် သဲဖြူကမ်းခြေများ၊ ပျားပန်းခပ်မျှ ဆူညံနေသော ငါးစျေးများနှင့်ကပ်လျက် တည်ရှိနေသည်မှာ ဒုံးကျည်တပ်စခန်းများဖြစ်ပြီး ၎င်းတို့တည်ရှိမှုသည် တရုတ်၏ကျူးကျော်မှုရန်ကို အလိုလိုသတိပေးနေမှုဖြစ်သည်။

တရုတ်နှင့် ထိုင်ဝမ်အကြား စစ်အင်အားကွာဟမှုမှာ ကြီးမားလွန်းသော်လည်း လေ့ လာဆန်းစစ်သူအများစုက ထိုင်ဝမ်၏တည်နေရာ၊  ကြမ်းတမ်းသည့်မြေပြင်အနေအထား၊ အမေရိကန်၏ထောက်ခံမှု စသည့်အချက်များကြောင့် တရုတ်သည် ထိုင်ဝမ်ကို အလုံးစုံ ကျူးကျော်ရန် အလွန်ပင် ခက်ခဲလိမ့်မည်၊ ပေးဆပ်ရမှု ကြီးမားကောင်းကြီးသွားနိုင်သည်ကို သိသွားပေလိမ့်မည်ဟု ယူဆနေကြသည်။

ကွန်မြူနစ်တရုတ်နှင့် ထိုင်ဝမ်သည် ၁၉၄၉ ခု နှစ်က ပြည်တွင်းစစ်အပြီးတွင် ကွဲသွားခဲ့ပြီး ယခုထိမူ တရုတ်နိုင်ငံက (ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသည့်) ထိုင်ဝမ်သည် ၎င်းပိုင်နက်၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လိုအပ်လာပါက တစ်နေ့နေ့တွင် အင်အားသုံး၍ ပြန်သိမ်းမည်ဟု တွင်တွင်ပြောလာခဲ့သည်။

ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်အတွင်း တရုတ်စစ်လေယာဉ်များ ချဉ်းနင်းဝင်ရောက်မှု၊ တရုတ်သမ္မတရှီကျင်းပင်လက်ထက် ရန်လိုပြောဆိုမှုများ ပိုတိုးလာမှုတို့ ကြောင့်လည်း တရုတ်က ၎င်း၏ကြုံးဝါးချက်ကို အချိန်မဆွဲဘဲ အဆောတလျင် အကောင်အထည်ဖော်ရန် စဉ်းစားလာနိုင်သည်ဆိုသည့် စိုးရိမ်စရာများ တိုးလာစေပြန်သည်။

ပြီးခဲ့သည့်သီတင်းပတ်မှာပင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက  ထိုင်ဝမ်ကို သီး ခြားနိုင်ငံမဖြစ်သွားအောင် ကာကွယ်ရန်အတွက် စစ်စဖြစ်ရန် ဝန်လေးနေမည်မဟုတ်ဟု ထုတ်ပြန်ထားသည်။

အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးကမူ ထိုင်ဝမ်ကိုကျူးကျော်မှုသည် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရာပြည့်ဖြစ်သည့် ၂၀၂၇ ခုနှစ်တွင်ဖြစ်လာနိုင်သည်ဟု ပြောကြားထားလေသည်။

၂၀၁၉ ခုနှစ်မတိုင်မီအထိ  ထိုင်ဝမ်တပ်မတော်အကြီးအကဲ တာဝန်ကိုယူခဲ့သည့် အ ငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီး လီရှီးမင်က အကယ်၍စစ်ရေးနည်းဖြင့် နှစ်ဖက်ထိပ်တိုက် တွေ့ရမည်ဆိုပါက ၎င်းတို့ဘက်မှအနိုင်ရရန် အလားအလာမမြင်ဟု  AFP သတင်းဌာနသို့ တဲ့တိုးပြောဆိုထားသည်။

သို့သော်ယူကရိန်းကို အလျင်အမြန်သိမ်းရန် ရုရှားတို့မအောင်မြင်သေးခြင်းသည် တရုတ်အတွက် သတိပြုစရာသာဓကတစ်ခု ဖြစ်ပြီး ထိုင်ဝမ်အတွက်မူ မိမိတို့ထက် အင်အားပိုကြီးသည့်ရန်သူကို မည်သို့ခုခံတွန်းလှန် ရမည်ဆိုသည့်လှုံ့ဆော်မှုကို ရသွားစေသည်။ 

ထိုင်ဝမ်၏အကြီးဆုံးအားသာချက်က ပထဝီဝင်အနေအထားပင်ဖြစ်သည်။ ကုန်း၊ရေနှစ်သွယ်စစ်ဆင်တိုက်ခိုက်ပါက အလွန်တရာ ခက်ခဲမည်ဖြစ်ပြီး အကယ်၍တရုတ်က ထိုင်ဝမ်ကိုကျူးကျော်မည်ဆိုလျှင် စစ်သည်အလုံးအရင်းနှင့်စစ်လက်နက်များကို ထိုင်ဝမ်ရေ လက်ကြားသို့ ဖြတ်ကာ ရွှေ့ရမည်ဖြစ်သည်။ ရေလက်ကြား၏အကျဉ်းမြောင်းဆုံး နေရာသည်ပင် မိုင် ၈၀ ရှိပြီး ရာသီဥတုကလည်း ဆိုးရွားသည်ဟု ကျော်ကြားသည်။

သေးငယ်ပြန့်ပြူးသည့် အစွန်အဖျားကျွန်းများသည် တရုတ်အတွက်ထိန်းချုပ်ရ လွယ်ကူခဲ့လျှင်လည်း ထိုင်ဝမ်ပြည်မကြီးသည် ထိုသို့ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ အဓိက ကမ်းရိုးတန်းအနေအထားကြောင့်ဖြစ်သည်။  ထိုင်ဝမ်သို့ခြေချရန် သင့်လျော်သည့် ကမ်းခြေငယ် ၁၄ ခုသာ ရှိပြီး ထိုကမ်းခြေများကိုလည်း တောင်များ၊ ကျောက်ထရံများက အနားသတ် ထားသည်ဟု The Chinese Invasion Threat စာအုပ်ကိုရေးသားသူ အီအန်အီစတန်က ခန့်မှန်းထားသည်။ 

ထိုင်ဝမ်ရှိ စိမ့်မြေအရပ်များ၊ တောင်ကြောများနှင့် လူနေထူထပ်သည့်မြို့ပြဧရိယာ များကိုဖြတ်သန်းခရီးပေါက်ရန်မှာ တိုက်ခိုက်ရေးစွမ်းရည်နှင့်လက်နက်အမျိုးမျိုး များစွာ လိုအပ်လှသည်။

တရုတ်သည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ၎င်း၏စစ်ရေးအင်အားကို ဒေါ်လာဘီလျံပေါင်းများစွာ အကုန်ကျခံ အဆင့်မြှင့်တင်ထားပြီး ထိုင်ဝမ်ထက်အရေအတွက်အင်အား သာလွန်မှုသည်  အလွန်ပင်ကြီးမားလှသည်။

တရုတ်တပ်မတော် PLA တွင် မြေပြင်စစ်သည်အင်အား တစ်သန်းကျော်ရှိပြီး ထိုင်ဝမ်တွင်မူ ၈၈,၀၀၀၊ တရုတ်တွင် တင့်ကားအစီး ရေ ၆,၃၀၀၊ ထိုင်ဝမ်တွင် ၈၀၀၊  တရုတ်တွင် တိုက်ဂျက်လေယာဉ်အစင်း ၁,၆၀၀၊ ထိုင်ဝမ်တွင် ၄၀၀ သာ ရှိသည်ဟု အမေရိကန်ကာ ကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စစ်သင်္ဘောအရေအတွက်ချင်း ယှဉ်လျှင်လည်း  တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေတပ်ကို ပိုင်ဆိုင်ထားသည်ဟု အမေရိကန်က ခန့်မှန်းထားကာ လတ်တလော အမေရိကန်ရေတပ်စစ်ကောလိပ်စာတမ်းတွင် တရုတ်စစ်သင်္ဘောများသည် ပို၍ခေတ်မီလာပြီး စွမ်းဆောင်ရည်ရှိကြသည်ဟု ဖော်ပြထားသည်။

ထိုင်ဝမ်တွင်လည်း ရွှေ့ပြောင်းနိုင်သည့် ဒုံးကျည်အမြောက်များနှင့် ပခုံးထမ်းဒုံးလက်နက်များ အများအပြား စုဆောင်းမိထားသည်။          

အင်အားမမျှသည့် ယူကရိန်း-ရုရှား စစ်ပွဲမှာပင်  ယူကရိန်းဘက်မှ ဒုံးကျည်လောင်ချာကြောင့် ရုရှားပင်လယ်နက်စစ်သင်္ဘောမော့စ်ခ်ဗာ နစ်မြုပ်သွားခဲ့ရသည့် မထင်မှတ်ဖွယ်ဖြစ်စဉ်မျိုးရှိသည်။

         

PLA အတွက် အကြီးမားဆုံး အဟန့်အတား

တရုတ်ကို စိတ်အရှုပ်စေဆုံးပြဿနာက တရုတ်-ထိုင်ဝမ် စစ်ဖြစ်လျှင် မည်သူကြားဝင် လာမည်ဆိုသည့်ကိစ္စဖြစ်သည်ဟု  တရုတ်စစ်ဘက်ရေးရာကျွမ်းကျင်သူ စုန့်ကျုံ့ဖျင်က AFP ကို ပြောသည်။                                    

ထိုင်ဝမ်လွတ်မြောက်ရေးတွင် အမေရိ ကန်ကြားဝင်လာမည့်အလားအလာသည်  တရုတ်တပ်မတော် PLA  အတွက် ဖယ်ရှားရန် အကြီးမားဆုံးအဟန့်အတားဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထိုင်ဝမ်ကျူးကျော်ခံရလျှင် စစ်ရေးနည်းဖြင့် ကြားဝင်ပါမည်လားဆိုသည့်အဖြေကို အမေရိကန်က တရားဝင်အားဖြင့်တော့ ပြတ်ပြတ်သားသားမဟုတ်သည့်ယူဆချက်မျိုး လက်ကိုင်ထားသည်။ သို့သော်ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ထောက်ပ့ံထားပြီး အမေရိကန် ကြားဝင်မည်ဟုလည်း  သမ္မတ ဂျိုးဘိုင်ဒင်က အကြိမ်များစွာပြောကြားခဲ့ဖူးသည်။ 

၎င်းအတွက်အန္တရာယ်ကို တန်ပြန်ခုခံရန် တရုတ်ကလည်း လေယာဉ်တင်သင်္ဘောများကို ဖျက်ဆီးနိုင်သည့် ဟိုက်ပါဆောနစ်ဒုံးကျည်ထုတ်လုပ်မှုကို ဦးစားပေးခဲ့ပြီး  အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းများတွင် တပ်စွဲခြင်းများပြုလုပ်ခဲ့သည်။

သို့သော်အမေရိကန်တပ်များကို တိုက်ခိုက်လျှင် ပို၍အလျှော့မပေးသည့်တုံ့ပြန်မှုများ ပေါ်ပေါက်လာနိုင်ပြီး အမေရိကန်၏မဟာမိတ်များကိုပါ ကမ္ဘာစစ်တစ်ခုအတွင်း ဆွဲခေါ်ရာကျနိုင်သည်။

စစ်ရေးကြားဝင်မှု မပါဘဲနှင့်ပင် စီးပွားရေးပိတ်ဆို့အရေးယူခြင်းများ ( ဥပမာ-ရုရှား ကိုဒဏ်ခတ်ဖယ်ကြဉ်ထားသည့်ပုံစံမျိုး)သည် တရုတ်အစိုးရအတွက် ထိုင်ဝမ်ကို ကျူးကျော် မည့်ကိစ္စအပေါ် အလေးအနက်စဉ်းစားစရာဖြစ်စေလိမ့်မည်။

တရုတ်အနေဖြင့် ထိုင်ဝမ်ကို ကျူးကျော်ပြီး သေကြေပျက်စီးမှုများမည့်၊ တစ်ဖက်တွင်လည်း ၎င်းတို့၏ပြည်တွင်းပြည်ပပုံရိပ်ကို ထိခိုက်စေမည့်လမ်းကို ရွေး၊ မရွေးဆိုသည်မှာ အဓိကစဉ်းစားစရာပင်။

ကျူးကျော်သည့်နည်းအပြင် ထိုင်ဝမ်ကို ဒူးထောက်လာစေမည့် အခြားရွေးချယ်စရာ (ထိုင်ဝမ်ရေလက်ကြားကိုပိတ်ဆို့ခြင်း၊ အစွန်အဖျားကျွန်းများကို သိမ်းပိုက်လိုက်ခြင်း၊ ထိုင် ဝမ်စစ်တပ်နှင့်  ဆိုက်ဘာစနစ်တို့ ချည့်နဲ့လာအောင် လုပ်ဆောင်လိုက်ခြင်း အပါအဝင်) များလည်း တရုတ်ဘက်က ပြုလုပ်နိုင်သေးသည်။

တရုတ်စစ်ဘက်ရေးရာကျွမ်းကျင်သူ စုန့်ကျုံ့ဖျင်ကတရုတ်သည် ကျူးကျော်မည့် ကိစ္စကို ရှင်းရှင်းလင်းလင်းချပြထားပြီး  ထိုသို့လုပ်ဆောင်လာမည့်အချိန်သည် ထိုင်ဝမ်ခွဲထွက်ရေးသမားများ၏ လုပ်ရပ်နှင့်  ၎င်းတို့၏ ထိုင်ဝမ်လွတ်လပ်ရေးကို မလျှော့တမ်း အားပေးနေမှုတို့အပေါ် မူတည်သည်ဟု ဆိုသည်။

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ၂၀၁၉ မိန့်ခွန်းတွင် သမ္မတရှီကျင်းပင်က  တရုတ်ပြည်သူများကို အားသစ်လောင်းပေးရာတွင် ထိုင်ဝမ်နှင့်ပြန်ပေါင်းစည်းရေးသည် မုချလိုသည့် လိုအပ်ချက်တစ်ရပ်ဟု ထည့်ပြောကြားထားသည်။

လူဦးရေ ၂၄ သန်းရှိရာထိုင်ဝမ်ကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရှုမြင်ထားသူ သမ္မတဆိုင်အင်းဝမ်သည် ရွေးကောက်ပွဲနှစ်ခုအနိုင်ရထားသည်။ လာမည့်ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲက ၂၀၂၄ ခုနှစ်တွင် ကျင်းပမည်ဖြစ်ပြီး  ယူကရိန်းအရေးသည် တရုတ်နိုင်ငံအပေါ် သဘောထားအမြင်များကို ပိုတင်းမာသွားစေခဲ့သည်။ မေလက ပြုလုပ်သည့်စစ် တမ်းကောက်ယူမှုတစ်ရပ်တွင်  ပါဝင်သူများ၏ ၆၁ ဒသမ ၄ ရာခိုင်နှုန်းက  ထိုင်ဝမ်ကျူးကျော်ခံရလျှင် လက်နက်ကိုင်စွဲပြီး တိုက်ပွဲဝင်ရန် ဆန္ဒရှိနေကြသည်။

Most Read

Most Recent