အာဆီယံနှင့် မဟာအင်အားကြီး အမေရိကန်၊ တရုတ်တို့အကြား ဆက်ဆံရေး

အာဆီယံနှင့် မဟာအင်အားကြီး အမေရိကန်၊ တရုတ်တို့အကြား ဆက်ဆံရေး
Photo: Asia Times
Photo: Asia Times
Published 13 June 2022
ဖြိုးဟိန်းကျော်

စစ်အေးခေတ်လွန်ကာလတွင် အာရှ-ပစိဖိတ်ဒေသနှင့်ပတ်သက်၍ မဟာအင်အားကြီးနိုင်ငံများ၏ ဆက်ဆံရေးသည် အတော်အတန် ပျော့ပျောင်းပြီး လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အလေးထားခဲ့ကြသည်။ သို့ရာတွင် ယင်းအခြေအနေသည် ဆယ်စုနှစ် နှစ်ခုကျော်မျှသာ ကြာမြင့်ခဲ့ပြီး သိသာထင်ရှားသော ပါ၀ါအရွေ့များကြောင့် မဟာအင်အားကြီး နိုင်ငံများအကြား တစ်ကျော့ပြန် အားပြိုင်မှု၊ လုံခြုံရေးဆိုင်ရာဖွဲ့စည်းမှုအသစ်နှင့် မဟာမိတ်ဖွဲ့မှုများ၊ မရေရာမှုများစွာတို့ကို ဖြစ်ပေါ်စေခဲ့သည်။

စစ်အေးကာလအတွင်း ကွန်မြူနစ်မဟုတ်သော အာရှ-ပစိဖိတ်နိုင်ငံများ၏ အဓိကကျသောဒေသတွင်း လုံခြုံရေးအခင်းအကျင်းသည် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်ပြုသည့် စနစ်ပင်ဖြစ်ကာဂျပန်နှင့် အခြားသောဒေသတွင်း နိုင်ငံအများအပြားသည် အမေရိကန်နှင့် အပြန်အလှန် စစ်ရေးမဟာမိတ်ဖွဲ့မှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ မဟာမိတ်ပြုသည့် သဘောသဘာဝအရ မဟာမိတ်များသည် လုံခြုံရေးနှင့်ပတ်သက်၍ တူညီသော စိုးရိမ်မှုများရှိနေသည့် စိတ်တူကိုယ်တူ နိုင်ငံများဖြစ်ရမည်ဖြစ်သည်။

စစ်အေးကာလအလွန် ၁၉၉၄ ခုနှစ်တွင် အာဆီယံဒေသတွင်းဖိုရမ်၊ နောက်ပိုင်းတွင် အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတို့ ပေါ်ပေါက်လာခြင်းနှင့်အတူ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)အပေါ် ဗဟိုပြုသည့် ဘက်ပေါင်းစုံ ပါဝင်သော အခင်းအကျင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ယင်းတို့သည် အဓိကအားဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးရေး၊ ချိတ်ဆက်ဆောင်ရွက်ရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးတို့အတွက် ညင်သာပျော့ပျောင်းသည့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ယန္တရားများပင်ဖြစ်သည်။ ထိုယန္တရားများကြောင့်ပင် စိတ်တူကိုယ်တူဖြစ်ခြင်းမဖြစ်ခြင်း၊ မိတ်ဖက်နိုင်ငံများဖြစ်ခြင်း သို့မဟုတ် အနာဂတ်ပြိုင်တွင် ရန်ဘက်များ ဖြစ်လာနိုင်ခြင်းစသဖြင့် မည်သို့သောအခြေအနေမျိုးတွင် ရှိခဲ့စေကာမူ အာရှ-ပစိဖိတ်ဒေသ၏ အရေးပါသော နိုင်ငံအားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်စေခဲ့သည်။ အာဆီယံဦးဆောင်သော ယန္တရား၏ အနှစ်သာရသည် အားလုံးပါဝင်နိုင်ရေးပင်ဖြစ်သည်။

အာဆီယံဦးဆောင်သော ယန္တရားများထွက်ပေါ်လာသည့်တိုင် အာရှ-ပစိဖိတ်နိုင်ငံ အများအပြားသည် အမေရိကန်နှင့် မဟာမိတ်ပြုသည့်စနစ်ကို ဒေသတွင်းလုံခြုံမှုနှင့် တည်ငြိမ်မှု၏ အခြေခံမူအဖြစ်သာမက အာဆီယံအခြေပြု ယန္တရားကိုလည်း ထိုစနစ်ကို ပေါင်းစပ်ဖြည့်သွင်းမည့်အရာအဖြစ် မှတ်ယူထားဆဲဖြစ်သည်။

ပါ၀ါချိန်ခွင်လျှာ ညီမျှရေးကိုအလွန်အလေးထားသူဖြစ်သော စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုသည်လည်း ဖိလစ်ပိုင်ရှိ စစ်အခြေစိုက်စခန်းများမှ အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခြင်းကြောင့် အရှေ့အာရှဒေသချိန်ခွင်လျှာ ညီမျှမှုအပေါ် ထိခိုက်လာမည်ကို စိုးရိမ်သည့်အတွက် အမေရိကန်အမှတ်- ၇ စစ်ရေယာဉ်စု၏ ထောက်ပံ့ပို့ ဆောင်ရေးအဖွဲ့ကို စင်ကာပူ၌ လက်ခံပေးမည်ဟု ကမ်းလှမ်းခဲ့လေသည်။

အခြားသော အင်အားကြီးနိုင်ငံများကဲ့သို့ပင် အမေရိကန်သည်လည်း ၎င်း၏အဓိကအမျိုးသားအကျိုးစီးပွားနှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ မဟာဗျူဟာရည်မှန်းချက်များကို အာဆီယံအခြေပြု ယန္တရားများနှင့် သီးခြားစီဖော်ဆောင်ရန် အမြဲတစေ ကြိုးပမ်းခဲ့သည်။

သို့သော်ငြားလည်း နောက်ပိုင်းတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပြီး တရုတ်၏ စီးပွားရေးနှင့် စစ်ရေးအင်အား တစ်မုဟုတ်ချင်း ကြီးထွားလာချိန်တွင် မိမိတို့၏ အပြန်အလှန် မဟာမိတ်ပြုမှုစနစ်သည် မဟာမိတ်များနှင့် မိတ်ဖက်များထံမှ ပိုမိုခိုင်မာသည့် ပံ့ပိုးမှုများမရှိဘဲ တရုတ်၏ သြဇာဖြန့်ကြက်မှုကို တန်ပြန်ထိန်းညှိရန် မလုံလောက်ကြောင်း အမေရိကန်က ရိပ်စားမိခဲ့သည်။

အမေရိကန်အစိုးရသည် တရုတ်ထက် ကာကွယ်ရေးအသုံးစရိတ် ပိုမိုသုံးစွဲနေသည့်တိုင် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်များအရ နိုင်ငံအများအပြားတွင် တပ်ဖွဲ့ဝင်များကို ဖြန့်ခွဲထားရှိရသဖြင့် တရုတ်သည် ပစိဖိတ်ဒေသအနောက်ပိုင်းတွင် ပထဝီဝင်ရှုထောင့်အရ အသာစီးရလျက်ရှိသည်။

ထို့အတွက်ကြောင့်ပင် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယတို့ ပါဝင်သည့် ှQuad လေးနိုင်ငံမဟာမိတ်အဖွဲ့၊ အမေရိကန်၊  ဗြိတိန်နှင့် သြစတြေးလျတို့ ပါဝင်သော AUKUS  သဘောတူစာချုပ်အဖွဲ့ကဲ့သို့ နိုင်ငံအနည်းငယ်သာပါဝင်သော မဟာမိတ်အဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။

Quad နှင့် AUKUS မဟာမိတ်အဖွဲ့များ၌ အရှေ့တောင်အာရှနိုင်ငံများ မပါဝင်ခြင်းနှင့် တရုတ်ကို ချန်လှပ်ထားမှုတို့အပေါ် အစောပိုင်းတွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

သို့ရာတွင် ရှုပ်ထွေးမှုများနှင့် ၀ိရောဓိဖြစ်ခြင်းတို့ကို ဖြေရှင်းရန်အတွက် အရေးပါသော နောက်ထပ်အကြောင်းခြင်းရာများ ရှိနေသည်။ ယင်းကဲ့သို့ လုံခြုံရေးသဘောတူညီချက်အသစ်များတွင် အာဆီယံနိုင်ငံများ မပါဝင်သည့်အပေါ် အမှန်တကယ်စိုးရိမ်မှုများရှိနေသည့်တိုင် အမေရိကန်ဦးဆောင်သော လုံခြုံရေးသဘောတူညီချက်အသစ်များကို ထောက်ခံအားပေးခြင်းကြောင့် ဒေသတွင်း၌ စီးပွားရေးနှင့် စစ်အင်အားကြီးနိုင်ငံဖြစ်လာသော တရုတ်နှင့် ထိပ်တိုက်တွေ့လာနိုင်သည့် အရေးကိုလည်း သတိချပ်ရန် လိုအပ်မည်ဖြစ်သည်။

မယုံကြည်မှုများ၊ အပြိုင်အဆိုင် လက်နက်တပ်ဆင်ခြင်းနှင့် စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်လာချိန်တွင် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအလားအလာသည် မှေးမှိန်လျက်ရှိပြီး မဟာအင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်နှင့် တရုတ်တို့၏ မဟာဗျူဟာရည်မှန်းချက်အများစုသည်လည်း ဆန့်ကျင်ကွဲလွဲလျက်ရှိသည်။ တစ်နိုင်ငံက အရှေ့အာရှတွင် ခြေကုပ်ယူမှု လက်လွှတ်ရမည်ကို စိုးရိမ်လျက်ရှိပြီး အခြားတစ်နိုင်ငံကမူ ဝန်းရံပိတ်ဆို့ခံရခြင်းနှင့် အထီးကျန်မည့်အရေးကို စိုးရိမ်လျက်ရှိသည်။ ယင်းကဲ့သို့ စိုးရိမ်မှုများသည် အားပြိုင်မှုများကို အရှိန်မြင့်တက်စေခဲ့ပြီး လုံခြုံရေးဆိုင်ရာ ယန္တရားအသစ်များကိုလည်း ပေါ်ပေါက်စေခဲ့သည်။

ဖေဖော်ဝါရီအစောပိုင်းတွင် ရုရှားနှင့် တရုတ်တို့ ပူးတွဲကြေညာခဲ့သည့် အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်သည် အမေရိကန်၏ အစီအမံများကို တန်ပြန်ရန် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ဆက်ဆံလာခြင်း၏ ရှေ့ပြေးနိမိတ်ဖြစ်သည်။

အခြားရှုထောင့်အရဆိုသော် ယူကရိန်းကို ရုရှားက ကျူးကျော်မှုကြောင့် ဖင်လန်နှင့် ဆွီဒင်တို့သည် ၎င်းတို့၏ ကြားနေရေးဝါဒကို စွန့်လွှတ်ကာ မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများ (နေတိုး) အဖွဲ့ထဲသို့ ဝင်ရန် အင်တိုက်အားတိုက် ကြိုးပမ်းလာခဲ့သည်။

တရုတ်နှင့်  အားပြိုင်ရာတွင် စီးပွားရေးနှင့် ကုန်သွယ်မှုနယ်ပယ်၌ ကြီးမားသောကွာဟချက်ကို တစ်စိတ်တစ်ပိုင်းဖြည့်ဆည်းရန်အတွက် အမေရိကန်အစိုးရက အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်ကို စတင်အကောင်အထည်ဖော်ခဲ့သည်။ Quad မဟာမိတ်အဖွဲ့ကို ပိုမိုခိုင်မာလာစေရန် မြန်မြန်ဆန်ဆန် ကြိုးပမ်းလျက်် တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် ၎င်းမဟာမိတ်အဖွဲ့၏ ထိပ်သီးအစည်းအဝေးတွင် ဒေသတွင်း၌ တရားမဝင် ငါးဖမ်းယူမှုများကို ခြေရာခံဖော်ထုတ်ရန် ကြိုးပမ်းသွားမည့် Indo-Pacific Partnership for Maritime Domain Awareness သဘောတူညီချက်ကိုလည်း ကြေညာခဲ့သည်။ ယင်းတို့သည် တရုတ်ကိုဦးတည်သော ပထဝီဝင်နိုင်ငံရေးရှုထောင့်မှ တန်ပြန်မှုများပင်ဖြစ်သည်။

ပထဝီဝင်နိုင်ငံရေးဆိုင်ရာသီးခြား ဖြစ်စဉ်များသည် မဆက်ရသေးသော ဉာဏ်စမ်းရုပ်ဆက်လေးများသဖွယ် ကာလအတန်ကြာ သီးခြားစီရှိနေခဲ့သည်။ အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့များဖြစ်သည့် Quad၊ AUKUS နှင့် ဂျပန်၏ စစ်လက်နက်အင်အား ပြန်လည်တပ်ဆင်မှု၊ အင်ဒို-ပစိဖိတ်ဒေသတွင် အိန္ဒိယ၊ ဗြိတိန်နှင့် ဥရောပနိုင်ငံတို့၏လုံခြုံရေးအရ ပူးပေါင်းပါဝင်လာမှု၊ နေတိုးမဟာမိတ်အဖွဲ့နှင့် ဂျပန်၊ သြစတြေးလျ၊  နယူးဇီလန်နှင့် တောင်ကိုရီးယားတို့အကြား ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်လာခြင်း အစရှိသည့် အခြေအနေတို့ ပေါင်းဆုံ၍တစ်ချိန်တွင် အလွန်ကျယ်ပြန့်သည့် လုံခြုံရေးသဘောတူညီမှုတစ်ရပ် ရုပ်လုံးပေါ်လာခြင်းရှိမရှိကို စဉ်းစားသုံးသပ်မှုများ ရှိလာလိမ့်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည်လည်း သူ့နည်းသူ့ဟန်ဖြင့် တုံ့ပြန်ဆောင်ရွက်မှုများလုပ်ဆောင်နေပြီး မေလထဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖီဂျီနိုင်ငံခရီးစဉ်အတွင်းချပြခဲ့သော ပစိဖိတ်နိုင်ငံများနှင့် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်သည် ထိုကဲ့သို့ တုံ့ပြန်မှုများအနက်မှ ထင်ရှားသော သာဓကတစ်ခုပင် ဖြစ်သည်။

အမေရိကန်ပင်မကုန်းမြေနှင့် အနောက်ပစိဖိတ်ဒေသအနောက်ခြမ်း၏ ပထမဆုံးကျွန်းစုပေါ်ရှိ အမေရိကန်၏ ရှေ့တန်းခံစစ်စည်းအကြားတွင် တည်ရှိပြီး မဟာဗျူဟာအချက်အချာကျသည့် ပစိဖိတ်ဒေသတွင် ခြေကုပ်ယူမှု ခိုင်မာစေရန် တရုတ်နိုင်ငံကလည်း ကြိုးပမ်းလာခြင်းဖြစ်သည်။

ထိုကဲ့သို့သော ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကြားတွင် အာဆီယံအနေဖြင့် အရှေ့တောင်အာရှ ဒေသတွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို မဖြစ်မနေဆက်လက်ထိန်းသိမ်းလျက် တစ်ချိန်တည်းတွင် မဟာအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ဖြစ်ထွန်းလာအောင် လုပ်ဆောင်ရာ၌ စိန်ခေါ်မှုအသစ်များနှင့်လည်း ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အာဆီယံသည် အလွန်အရေးပါသော ပင်လယ်ထွက်ပေါက်လမ်းကြောင်းများရှိသည့် မဟာဗျူဟာအချက်အချာကျသော ဒေသတစ်ခုဖြစ်သကဲ့သို့ ခိုင်မာအားကောင်းသော စီးပွားရေးအလားအလာကောင်းများနှင့် မဟာအင်အားကြီးနိုင်ငံများ မက်မောတောင့်တနေသော အားသာချက်များရှိနေသည့် ဒေသကြီးတစ်ခုပင် ဖြစ်သည်။

Most Read

Most Recent