မဟာသမယအခါတော်နေ့

မဟာသမယအခါတော်နေ့
Published 13 June 2022

နယုန်လသည် မြန်မာလများတွင် တတိယလဖြစ်သည်။ နွေဥတုတွင် ပါဝင်သည်။ နွေရာသီကုန်ဆုံးရန် ၁၅ ရက်မျှသာ ကျန်တော့သဖြင့် စာဆိုပညာရှင်များက ထိုလကို ‘နွေ နှောင်းလ၊ နွေစွန်လ’ ဟု စာဖွဲ့လေ့ရှိကြသည်။ နွေနှောင်းလဖြစ်သည့်အလျောက် ကဆုန်လတွင် ခြစ်ခြစ်တောက် ပူပြင်းခဲ့သော နေမင်းသည် နယုန်လတွင် အပူရှိန်အားလျော့လာသည်။ ကောင်းကင်ပြင်တစ်ခုလုံးတွင် မိုးသားများ မည်းမှောင်အုံ့ဆိုင်းပြီး မိုးသီးမိုးပေါက်များ ရွာသွန်းတတ်သည်။ ကဆုန်လ၏အပူရှိန်အောက်၌ ရွက်ခြောက်များ ကြွေကာ အရိုးပြိုင်းပြိုင်းဖြစ်နေကြသည့် သစ်ပင်သစ်ကိုင်းများမှာ ရွက်ညွန့်ကလေးများ ထွက်ပြူလာသည်။ စိမ်းစိုလန်းဆန်းလာကြသည်။ နယုန်လ၏ မိုးသေးမိုးဖွဲကလေးများကြောင့် မြေပြင်မှာလည်း မြက်နုကလေးများဖြင့် စိုပြည်လာသည်။ ထို့ကြောင့် ရှေးမြန်မာတို့က ‘နယုန်မိုးသေး မြက်သားမွေး’ ဟု ဆိုရိုးပြုကြသည်။ ဖြူစင်ရှင်းသန့်သော စံပယ်ဖြူပန်းတို့လည်း လှိုင်လှိုင်ပွင့်လာကြသည်။

နယုန်လတွင် မိုးသေးမိုးဖွဲကလေးများသာ ရွာသည်မဟုတ်။ တစ်ခါတစ်ရံ မိုးသည်းထန်စွာ ရွာတတ်သဖြင့် လယ်ယာမြစ်ချောင်းအင်းအိုင်များ ရေအပြည့်အဝ ရကြသည်။ ထို့ကြောင့် လယ်သမားတို့သည် ဆန်အတွက် မျိုးစပါးများကိုလည်း ပျိုးထောင်ကြသည်။ တောင်သူတို့သည် ၀ါဂွမ်း၊ ပြောင်း၊ နှမ်း၊ ဂျုံ၊ ပဲမျိုးစုံတို့ကို ကြဲကြသည်။ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ကြသည်။ ထို့ကြောင့် စိန္တကျော်သူ ဦးသြက မဟာအဓိကရ ကန်တော်မော်ကွန်းတွင် “နယုန်ဝါလ၊ ကြဲကြပျိုးထောင် ၀ါခေါင်သစ်ဆင်း၊ နှစ်လတွင်းမူ ဆင်းကြယာလယ်၊ တောင်သူမယ်တို့” ဟူ၍ ဖွဲ့ဆိုခဲ့သည်။ ရှေးမြန်မာဘုရင်များလက်ထက်က ဤလတွင် စာတော်ပြန်ပွဲများ ကျင်းပလေ့ရှိကြသည်။ ယခုခေတ်တွင် ကျင်းပသော ပထမပြန်စာမေးပွဲ များသည် ထိုနယုန်လ စာတော်ပြန်ပွဲမှ ဆင်းသက်လာသည်။ မြန်မာဘုရင်များသည် စာတော်ပြန်ပွဲများကို ကျင်းပရုံသာမက စိုက်ပျိုးရေးကို အားပေးသည့်အနေဖြင့် နယုန်လတွင် လယ်ထွန်မင်္ဂလာပွဲကိုလည်း ပြုလုပ်ခဲ့ကြသည်။

နယုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်သူတော်စင်များက မဟာသမယအခါတော်နေ့အဖြစ်လည်း အလေးအမြတ်ထားကြသည်။ နယုန်လပြည့်နေ့တွင် မြတ်စွာဘုရားသည် များပြားလှစွာသော နတ်ဗြဟ္မာပရိသတ်တို့ကို မဟာသမယသုတ်တရားတော်ကို ဟောကြားတော်မူခဲ့သည့်နေ့ဖြစ်သည်။ ‘မဟာ’ ဟူသည် ‘ကြီးကျယ်မြင့်မြတ်ခြင်း’၊ ‘သမယ’ ဟူသည် ‘အချိန်အခါ၊ ကာလ’ ဖြစ်သည်။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး စတုတ္ထဝါ-အရောက်၌ မဇ္စျိမဒေသတွင် ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်မင်းသားများက ရောဟဏီမြစ်မှ ရေကို သူတို့၏ စပါးစိုက်ပျိုးခင်းများအတွက် လုကြသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ “သူ ယူမယ်၊ ငါ ယူမယ်” ဟု ငြင်းခုံကြရာမှ စစ်ခင်းကြမည့်အခြေအနေအထိ ရောက်ခဲ့သည်။ ယင်းအချိန်ကာလသမယ၌ မြတ်စွာဘုရားရှင် ကြွရောက်တော်မူလာပြီး “အဖိုးမတန်တဲ့ ရေအတွက်နဲ့ အဖိုးတန်တဲ့ သင်တို့အသက်တွေ ဆုံးရှုံးခံတော့မလို့လား” ဟု မေးမြန်းတော်မူသည်။ ဘုရားရှင်က မေးခွန်းထုတ်လိုက်မှ အသိတရားဝင်လာကြပြီး ငြိမ်းချမ်းရေး ရှေးရှုသည့် ရန်ပြေမာန်ပြေတရားတော်ကို နာယူလိုက်သည့်အခါ အသိဉာဏ်အမြင်မှန်ရရှိပြီး ပြေငြိမ်းအေးချမ်းခြင်းကို ရရှိခဲ့သည်။ တစ်ဘက်စီမှ ၂၅၀ စီသော နှစ်ပြည်ထောင်မင်းသား  ၅၀၀ တို့လည်း ဘုရားရှင်၏ သာသနာတော်ကို ဝင်ပြီး ရဟန်းပြုခဲ့ကြသည်။

ထိုရဟန်းတို့သည် သာသနာတော်၌ မပျော်ပိုက်ကြသည့်အတွက် ဟိမဝန္တာတောအတွင်းမှ အလွန်မွေ့လျော်ဖွယ်ကောင်းသော ကုဏ္ဍလာအိုင်သို့ ခေါ်ဆောင်ကာ ဂါထာသုံးရာဖြင့် တန်ဆာဆင်အပ်သော ကုဏ္ဍလငှက်မင်း၏ ဇာတ်ကြောင်းကို ဟောကြားတော်မူခဲ့သည်။ ယင်းဇာတ်တော်အဆုံး၌  ရဟန်း ၅၀၀ တို့ သောတပတ္တိဖိုလ်၌ တည်တော်မူခဲ့သည်။  မြတ်စွာဘုရားရှင်သည် ရဟန်းတော် ၅၀၀ နှင့်အတူ ကပိလဝတ်ပြည်၏အနီး၌ရှိသည့် မဟာဝုန်တောသို့  ကြွချီတော်မူခဲ့သည်။ မဟာဝုန်တော၌ ကမ္မဋ္ဌာန်းကို ပေးသည့်အခါ မကြာမြင့်သည့်ကာလအတွင်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြသည်။ ထိုရဟန်း ၅ဝဝတို့သည် မိမိတို့ရရှိထားသော တရားထူးကို လျှောက်ထားရန်နှင့် ဘုရားရှင်ကို ဖူးမျှော်ရန်အတွက် နယုန်လပြည့်ညချမ်း၌  စုရုံးရောက်ရှိလာကြသည်။ ယင်းကဲ့သို့ ထူးခြားကြည်ညိုဖွယ်ရာ သံဃာ့အစည်းအဝေးကို တွေ့မြင်ဖူးတွေ့ကြည်ညိုလိုကြကုန်သော နတ်၊ ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့လည်း  မဟာဝုန်တောသို့ စုရုံးရောက်ရှိလာကြသည်။

ယင်းကဲ့သို့ ပရိသတ်များစုဝေးသည့် အချိန်၌ မြတ်စွာဘုရားရှင်သည် တရားနာရောက်ရှိလာသော နတ်၊ ဗြဟ္မာတို့၏ အမည်၊ အမျိုးအနွယ်တို့ကို ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာများကို သိစေလိုသည့်အတွက် အမျိုးတူအလိုက် စုပေါင်းကာ အမျိုးအနွယ်တစ်ခုချင်းစီကို ဖော်ထုတ်ပြီး နှုတ်ခွန်းဆက်စကား မိန့်ကြားတော်မူပြီးမှ မဟာသမယသုတ်တော်ကြီးကို ဟောကြားတော်မူခြင်းဖြစ်သည်။

ထို့ကြောင့်ပင် နယုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်သူတော်စင်များက မဟာသမယအခါတော်နေ့အဖြစ် အလေးအမြတ်ထားကြခြင်းဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်  ၁၄  ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Most Read

Most Recent