ယခုနှစ်ငါးသားပေါက်ရာသီကို တစ်နိုင်ငံလုံးအနေဖြင့် ဧပြီ၊ မေ၊ ဇွန်လများအဖြစ် သတ်မှတ်ထားသော်လည်း ဇွန်လတွင် ငါးဖမ်းလှေ ကြီးတွေကို ၃၀ ရာခိုင်နှုန်း ငါးပြန်လည် ဖမ်းဆီးခွင့် ပေးခဲ့ပါတယ်။ ပင်လယ်ထဲမှာ ငါးမျိုးစုံ ဥဥနေတဲ့အချိန်၊ သားပေါက်နေတဲ့ အချိန်မှာ ငါးဖမ်းလှေကြီးတွေကို ဘာကြောင့်ဖမ်းဆီးခွင့်ပေးလိုက်တာလဲ။ အကြောင်းပြချက်ကတော့ ရေလုပ်သားတွေရဲ့ စားဝတ်နေရေး ပြေလည်စေဖို့ ၊ကျောင်းဖွင့်တဲ့ရာသီမှာ မိသားစုတွေ အဆင်ပြေစေဖို့၊ COVID-19 ကပ်ရောဂါကာလအတွင်း အခက်အခဲဖြစ်ခဲ့တာတွေကို ပြန်လည်အဆင်ပြေစေဖို့၊ နိုင်ငံတော်က အခွန်အခတွေ ရရှိဖို့ဆိုတဲ့အချက် တွေ တွေ့ရပါတယ်။
ရေလုပ်ငန်းရှင်တွေကလည်း ဒီအချက်ကိုပဲ ထောက်ပြပြောဖို့ဆိုပြီး ငါးဖမ်းဆီးခွင့်ရရှိဖို့တင်ပြကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်က ဦးဆောင်ပြီး တင်ပြတဲ့အတွက် ကျန်တဲ့တစ်နိုင်ငံလုံးက ငါးဖမ်းကွက်တွေမှာ ငါးဖမ်း လှေကြီးတွေ ငါးဖမ်းခွင့်ပြန်ရလိုက် ကြပါတယ်။
အခုတော့ငါးသားပေါက်ရာသီမှာ ပင်လယ်ပြင်ကြီးထဲငါးဖမ်းလှေကြီးတွေ ဥဒဟိုသွားလာငါ းဖမ်းနေကြပါပြီ။ တချို့ကလည်းဒီဇယ်ဆီ စျေးကြီးမြင့်မှု၊ အထွက်စရိတ်ကြီး မြင့်လာမှုနဲ့ ရာသီဥတုအနေအထားအရ ကိုယ့်မှာရတဲ့ ရာခိုင်နှုန်းကိုယူပြီ း ငါးဖမ်းမထွက်သေးဘဲ ချိန်ဆနေကြတယ်လို့ပြောပါတယ်။
“ဒီအချိန်ထွက်ရင် တွက်ခြေ ကိုက်တာပေါ့။ ဘယ်သူမထွက်ဘဲနေမလဲ။ ထွက်နေတယ်။ ပင်လယ်မှာ ငါးတွေကဥဥဖို့၊ သားပေါက်ကြဖို့၊ ကျွန်းတွေအနားကို ဝင်လာကြမယ်။ ဒီအချိန်က ငါးတွေမြူးတဲ့အချိန် အခါပဲ။ တွက်ခြေကိုက်တာပေါ့”လို့ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားပါတယ်။
တကယ်ပဲ ရေလုပ်သားတွေ အဆင်ပြေဖို့လား။ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးကို ပြေလည် သွားဖို့လား။ ဒါမှမဟုတ် လုပ်ငန်းရှင်ကြီးတွေရဲ့ လိုအပ်ချက်လား ဆိုတာကိုတော့ ကမ်းရိုးတန်းနေ ပြည်သူတွေအားလုံးသိကြပါတယ်။ မြန်မာနိုင်ငံမှာ ပင်လယ်သယံဇာတတွေကိုအလွန်အကျွံ ထုတ်ယူလိုက်တဲ့အတွက် ပင်လယ်ပြင်မှာ ငါးသယံဇာတက ရာခိုင်နှုန်း ၈၀ လောက် ကုန်သွားပါပြီ။ ၁၉၇၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေသယံဇာများ တည်ရှိနေမှုကို သုတေသန သုံးကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်သလို ရေပေါ်၊ရေအောက်များမှာ ထုတ်ယူနိုင်တဲ့ ပမာဏထက် ပိုမိုထုတ်ယူခဲ့ကြတဲ့အတွက် နိုင်ငံတကာကလည်းသတိပေးထားခဲ့ပြီးပြီ။
“၁၉၇၉ ခုနှစ်ကတိုင်းထွာခဲ့တဲ့ ရလဒ်အရဆိုရင် တန်ချိန်အားဖြင့် ခုနစ်သိန်းခွဲလောက်တည်ရှိခဲ့တယ်။ နောက်ဆုံး ၂၀၁၃ နဲ့ ၂၀၁၈ ခုနှစ်က ပြန်တိုင်းထွာခဲ့တဲ့ ရလဒ်အရဆိုရင် တန်ချိန် သုံးသိန်းတစ်သောင်း လောက်ပဲရှိ တော့တာတွေ့ရတယ်။ ရေအောက်လွှာအနေနှင့်ဆိုရင် ၆၀ ရာခိုင်နှုန်းလောက်လျော့နည်းသွား တာတွေ့ရတယ်။ ရေပေါ်အလွှာ အနေနဲ့ဆိုရင် ၁၉၇၉ ခုနှစ်က တိုင်းထွာခဲ့တာ တန်ချိန်တစ်သန်း (၁၀ သိန်း) လောက်ရှိခဲ့တယ်။ အခု ၂၀၁၈ ခုနှစ်မှ ပြန်လည်တိုင်းတာတဲ့ အခါမှတော့ တစ်သိန်းခြောက် သောင်းလောက်ပဲ ရှိတော့တယ်။ သယံဇာတတည်ရှိမှုအနေနဲ့ဆိုရင် ၈၀ ရာခိုင်နှုန်း လောက်လျော့နည်း သွားတယ်။ အခုလက်ရှိတည်ရှိ နေတဲ့သယံဇာတကို ထုတ်ယူသုံးစွဲမယ်ဆိုရင် ဘယ်လောက်ပမာဏပဲ ထုတ်ယူသုံးစွဲသင့်တယ်ဆိုတဲ့ MSY တွက်တာမျိုးရှိတယ်။ အခုလက်ရှိမှာတော့ ထုတ်ယူသုံးစွဲနိုင်တဲ့ပမာဏထက် ကျော်လွန်ပြီး ထုတ်ယူသုံးစွဲနေတယ်ဆိုပြီးမြန်မာနိုင်ငံကို နိုင်ငံတကာကနေ အဝါကတ် သတိပေးထားတဲ့ အခြေအနေမျိုးရောက်နေတယ်”လို့ မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်မင်းဦးက ပြောကြားခဲ့ပါတယ်။
ငါးသားပေါက်ရာသီအတွင်းမှာ ငါးဖမ်းဆီးခွင့်ပြုလိုက်ပေမဲ့ ပြီးခဲ့တဲ့ ဇွန် ၈ ရက်မှာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက ငါးရစ်တက်ချိန်နဲ့ ငါးသားပေါက်ရာသီမှာ ငါးဖမ်းဆီးခြင်းမပြုဖို့ တားမြစ်စာ ထုတ်ပြန်လိုက်ပါတယ်။ တားမြစ်ထားမှုကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူ မည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ခဲ့တယ်။ ပင်လယ်ထဲမှတော့ ငါးဥဥ ဖို့မပြောနဲ့။ ငါးတွေ ရည်းစားထား ဖို့အချိန်တောင်မရှိတော့တဲ့ အနေအထားပါ။
“၀ါလတ်(ဒရွတ်ဆွဲ)လှေကြီး တွေကို ၃၀ ရာခိုင်နှုန်း ငါးဖမ်းခွင့် ပေးလိုက်တာပါ။ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ကမ်းဝေးငါးဖမ်းလှေ ကြီးတွေကို ၃၀ ရာခိုင်နှုန်း တွက်လိုက်ရင်တော့အစီးရေ ၂၅၀ ကျော် ငါးဖမ်းခွင့်ရပါတယ်။ ရေလုပ်သားတွေရဲ့စားဝတ်နေရေးပြေလည်စေဖို့၊ ကျောင်းဖွင့်ချိန် မိသားစုတွေ အဆင်ပြေနေစေဖို့၊ COVID-19 ကာလမှာ အခက်အခဲဖြစ်နေတာတွေကိုရည်ရွယ်ပြီး ငါးဖမ်းခွင့်ပေးလိုက်တာဖြစ်ပါတယ်”လို့ တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအ ဖွဲ့ချုပ် အတွင်းရေးမှူးဦးသက်စိုးက ပြောကြားခဲ့ပါတယ်။
ပင်လယ်ပြင်အတွင်းမှာ သယံဇာတတွေကို ပြန်ထိန်းသိမ်းမယ်။ ငါးအလွန်အကျွံ ဖမ်းနေတာတွေကို ငါးသားပေါက်ရာသီမှာ ရာခိုင်နှုန်း အပြည့်ပိတ်ပြီး တားဆီးမယ်ဆိုပေမဲ့ လုပ်ငန်းရှင်အခက်အခဲ၊ အခွန်အခ ရရှိရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ သယံဇာတတွေကို ဆက်ထုတ်နေပါပြီ။ တကယ်အကျိုးရှိသွားမှာက နိုင်ငံတော်လည်းမဟုတ်။ ရေလုပ်သားတွေလည်း မဟုတ်ပါဘူး။ အာဆီယံရေထွက်ပစ္စည်းတင်ပို့မှုကို ချုပ်ကိုင်ထားတဲ့ထိုင်းနိုင်ငံသာလျှင် အကျိုးဖြစ်ထွန်းဖို့ သေချာသလောက်ရှိပါတယ်။ ငါးသားပေါက် ရာသီဆိုရင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ငါးဖမ်းဆီးခွင့်ကို တင်းကျပ်စွာပိတ်ထားတဲ့အတွက ်ရေထွက်ကုန်တွေ ရှားပါးနေပါတယ်။
အဲဒီအချိန်မှာ မြန်မာနိုင်ငံက စေတနာတွေ ရေစီးကမ်းပြိုပြီး ထိုင်းကိုလာရောက်ရောင်းချပေးနေတော့ ထိုင်းနိုင်ငံမှအကျိုးမဖြစ်ထွန်းရင်ဘယ်သူတွေ အကျိုးဖြစ်ထွန်းမလဲ။ လိုအပ်တဲ့လုပ်သားတွေကလည်း မြန်မာနိုင်ငံကနေ ကိုယ့်ငွေ ကိုယ်စိုက်ထုတ်၊ အသက်နှင့်ရင်းပြီး လာရောက်ဖြည့်စွက်ပေးနေတော့ ထိုင်းနိုင်ငံအနေနဲ့ ဒီလိုအိမ်နီးချင်း မျိုးရထားတာအင်မတန်မှ ကံထူးတဲ့ အနေထားပါ။
“ပင်လယ်ထဲမှာ ငါးဖမ်းလှေတွေအများကြီး ငါးသယ်လှေတွေထဲကို ငါးတွေထည့်နေတယ်။ အဲဒီ အချိန်မှာရေတပ်သင်္ဘောတစ်စင်း ရောက်လာတော့ အကုန်မောင်းပြီး ထွက်ပြေးကြတယ်။ တရားဝင်ငါးဖမ်းခွင့်၊ တရားဝင်သယ်ယူခွင့် ပေးထားတာပဲ။ ဘာကြောင့်ထွက်ပြေးကြတာလဲ။ ကျွန်တော်တို့လည်း မပြောတတ်တော့ဘူး”လို့ မြိတ်ကျွန်းစုအတွင်းမှ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။ လိုင်းဖြူ (ငါးသယ်လှေ)တွေနဲ့ ထိုင်းနိုင်ငံကို နေ့ စဉ်တင်ပို့ပေးနေကြပြီး ပြီးခဲ့တဲ့ မီနီဘတ်ဂျက် ခြောက်လဖြစ်တဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လကုန်အထိ ကော့သောင်း FOB ရေထွက်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာသန်း ၁၆၀ ကျော်ရှိခဲ့ပါတယ်။
“ငါး၊ ပုစွန်စုစုပေါင်းတန်ချိန်က ၁၆၁၂၈၃ တန်၊ ပို့ကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၆၀ ဒသမ ၃၄၇၉သန်းရရှိခဲ့ပါတယ်။ အဲဒါက ဘတ်ဂျက်ခြောက်လမှာ ပို့တဲ့နှုန်းထားဖြစ်ပါတယ်။ ရခိုင်၊ ဧရာဝတီ၊ မွန်ဘက် ငါးဖမ်းလှေတွေဆီကနေ ယူဆောင်ပြီး Export လုပ်တာတွေ လည်းရှိပါတယ်”လို ့ကော့သောင်း ခရိုင်၊ ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွဋ်က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကထက်စာရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် လျော့နည်းသွားခဲ့ပါတယ်။ ထိုင်းကတော့ ဒီအချိန်မှာ သားရွှေအိုး ထမ်းလာတာမျိုးကို ကြုံရသလိုဖြစ်နေတယ်။ မြန်မာနိုင်ငံကတော့ သား ရော၊ ရွှေအိုးပါ ကျောခိုင်းထွက်သွားနေတာမျိုးပါ။
လာမယ့် ဇူလိုင်လမှာတော့ ငါးဖမ်းလှေအစုံအလင် ပင်လယ်ထဲကို ထွက်ကြတော့မယ်။ ရေသယံဇာတ ၈၀ ရာခိုင်နှုန်း ကုန်ခန်းနေပြီ ဖြစ်တဲ့ မြန်မာ့ပင်လယ်ပြင်ကြီးထဲမှာ လှေတွေ သောင်းနှင့်ချီပြီး ငါးဖမ်းဆီးကြ ပါဦးမယ်။ ရေနက်ထဲမှာ မရှိရင် ကမ်းနီးထဲဝင်ကြမှာပါ။ လောဘသားတွေရဲ့ ထုံးစံပါပဲ။ ဒီနှုန်းအတိုင်း ဆိုရင် နောက်မျိုးဆက်တွေအတွက် ငါးဆိုတာကို အရုပ်ရေးပြရမလားပဲ။










