ခေါင်းဆောင်ကင်ဂျုံအွန်သည် မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားအင်အားကြီး နိုင်ငံဖြစ်စေလိုသော ဆန္ဒအခိုင်အမာရှိထားပုံပေါ်သည်။ မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုများ အထူးသဖြင့် ဒုံးကျည်စမ်းသပ်မှုများကို မကြာခဏလုပ်ဆောင်နေခြင်း၊ နျူကလီးယားစမ်းသပ်ရန် ပင်ဆင်နေခြင်းတို့က ကင်ဂျုံအွန်လျှောက်ချင်သော လမ်းကြောင်းကို ထင်ထင်ရှားရှားမီးမောင်းထိုးပြနေသည်။
နျူကလီးယားလက်နက်အစီအစဉ်များကို ခေါင်းမာမာဖြင့် ဆက်လက်အကောင်အထည်ဖော်နေခြင်းကြောင့် ကင်ဂျုံအွန်၏ အထီးကျန် မြောက်ကိုရီးယားသည် ပိတ်ဆို့အရေးယူမှုအများအပြားကို ခံထားရသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးစီးပွားရေး ကျဆင်းနေခိုက် ကျပ်တည်းနေသော မြောက်ကိုရီးယားနိုင်ငံသည် မည်မျှကျပ်တည်းနေမလဲဆိုသည်ကို မေးစရာပင်လိုမည်မထင်။ လက်နက်များ မကြာခဏထုတ်ဖော်စမ်းသပ်ပြရင်း ပိတ်ဆို့မှုများ ဖယ်ရှားပေးရေးကို ကင်ဂျုံအွန် အကောင်အထည်ဖော်နေသည်ဟု နိုင်ငံတကာသုံး သပ်ဝေဖန်သူများက ပြောကြသည်။
မြောက်ကိုရီးယားသည် ဆင်းရဲသောနိုင်ငံဖြစ်ပါလျက် စစ်အင်အားကြီးသောနိုင်ငံဖြစ်အောင် တည်ဆောက်နေခြင်းက နိုင်ငံ၏စီးပွားရေးကို ပိုမိုထိခိုက်စေသည်။ စီးပွားရေးထိခိုက်သဖြင့် မြောက်ကိုရီးယားပြည်သူများ ဆင်းရဲကြရသည်။ ဤသို့သော အနေအထားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါသည် မြောက်ကိုရီးယားတွင် အကြီးအကျယ်ဖြစ်ပွားလျက်ရှိသည်။ မြောက်ကိုရီးယားတွင် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံသည် အလွန်အားနည်းသည်။
ထို့ကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါဖြစ်ပွားနေသော မြောက်ကိုရီးယားပြည်သူများ၏ဘဝသည်ကား မတွေးဝံ့စရာပင်။ မြောက်ကိုရီးယားစစ်တပ် ပိုမိုအင်အားကြီးလာအောင် တည်ဆောက်မည်ဟူသော ရည်မှန်းချက်ကို ဦးစားပေးအကောင်အထည်ဖော်နေသော ကင်ဂျုံအွန်ကြောင့် ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးလမ်းစကို မမြင်ရသေးပေ။ ဤသို့သောအနေအထားတွင် တောင်ကိုရီးယားကလည်း သမ္မတသစ်တစ်ဦးနှင့် ရှေ့ဆက်နေပြီဖြစ်သည်။ တောင်ကိုရီးယားသမ္မတသစ်သည် မြောက်ကိုရီးယားအပေါ် သဘောထား တင်းမာပုံရသည်။ ထို့ကြောင့် ကိုရီးယားကျွန်းဆွယ်အကျပ်အတည်းသည်ကား မကြာမီ ပိုမိုကြီးထွားလာရန်သာ ရှိပါတော့သည်။
ကိုရီးယားကျွန်းဆွယ်သည် မငြိမ်းချမ်းနိုင်သေးပါ။ မြောက်ကိုရီးယားက အဏုမြူလက်နက်များဖြင့် အိမ်နီးချင်းများကို ခြိမ်းခြောက်နေသောကြောင့် ကိုရီးယားကျွန်းဆွယ် မငြိမ်းချမ်းသေးဟု ဆိုရခြင်းဖြစ်သည်။ မကြာသေးမီက မြောက်ကိုရီးယားသည် ဒုံးကျည်ပစ်လွှတ်မှုများကို စံချိန်တင်ပြုလုပ်ခဲ့ သည်။ အသံလွန်ဒုံးကျည် စမ်းသပ်မှုကိုပင် လုပ်ဆောင်ခဲ့သေးသည်။ ထို့ကြောင့် မြောက်ကိုရီးယား၏ အိမ်နီးချင်းများဖြစ်သော ဂျပန်ကြောင့် တောင်ကိုရီးယားတို့ အထိတ်တလန့် ဖြစ်ခဲ့ကြရသည်။ ထိုနှစ်နိုင်ငံသာမဟုတ် ကမ္ဘာကပါ မြောက်ကိုရီးယား၏လုပ်ရပ်များကို ထိတ်လန့်ခဲ့ရသည်။
ဇွန်လ ၅ ရက်တွင် မြောက်ရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်ခဲ့သည်။ ထို့ကြောင့် တောင်ကိုရီးယားသည် ငြိမ်နေ၍ မရတော့ပေ။ ဇွန်လ ၆ ရက်တွင် တောင်ကိုရီးယားနှင့် အမေရိကန်တို့ ဒုံးကျည်များ ပစ်လွှတ်ကာ မြောက်ကိုရီးယား၏လုပ်ရပ်ကို တုံ့ပြန်ခဲ့သည်။ ဇွန်လ ၆ ရက် အစောပိုင်းတွင် တောင်ကိုရီးယားနှင့် အမေရိကန်သည် တောင်ကိုရီးယား၏ အရှေ့ဘက်ကမ်းရိုးတန်းအလွန်မှနေ၍ မြေပြင်-မြေပြင်ပစ် ဒုံးကျည်ရှစ်စင်း ပစ်လွှတ်ခဲ့သည်။
မြောက်ကိုရီးယား၏ဒုံးကျည်ပစ်လွှတ်ရာနေရာများ သို့မဟုတ် ကွပ်ကဲရာနေရာများနှင့် ထောက်ပံ့ရာနေရာများကို တိတိကျကျတိုက်ခိုက်နိုင်စွမ်းရှိခြင်းနှင့် ယင်းသို့တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေခြင်းတို့ကို သရုပ်ပြလိုက်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားစစ်တပ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ တောင်ကိုရီးယား၏ Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။
လွန်ခဲ့သောလတွင် အာဏာရလာသော တောင်ကိုရီးယားသမ္မတ ယွန်းဆက်ရိုလ်က မြောက်ကိုရီးယားကို တင်းတင်းမာမာတုံ့ပြန်သွားမည်ဟု ပြောကြားထားသည်။ ထို့အပြင်မတ်လတုန်းက ဆိုးလ်မြို့၌ပြုလုပ်ခဲ့သော ထိပ်သီးတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အဆင့်မြှင့်တင်သွားရန် တောင်ကိုရီးယားသမ္မတသစ်နှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်တို့ သဘောတူခဲ့ကြသည်။ ထို့အပြင် နှစ်နိုင်ငံပူးပေါင်းကာ ဟန့်တားမှုကိုလည်း လုပ်ဆောင်သွားမည်ဟု သမ္မတနှစ်ဦးက ကတိပြုခဲ့ကြသည်။
ယခုနှစ်တွင် မြောက်ကိုရီးယားသည် ဒုံးကျည်ပစ်လွှတ်မှုအများအပြားကို လုပ်ဆောင်ခဲ့သည်။ မြောက်ကိုရီးယား၏ဒုံးကျည်နှင့် နျူကလီးယားလက်နက်များအစီအစဉ်သည် ဒေသဆိုင်ရာငြိမ်းချမ်းရေးကိုလည်းကောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်းကောင်း ခြိမ်းခြောက်သည် အဆင့်သို့ ရောက်ရှိနေပြီဟု ယွန်းဆက်ရိုလ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားသည် အခြေခံကျ၍ လက်တွေ့ကျသော လုံခြုံရေးစွမ်းရည်များကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကာ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို ဆက်လက်ဟန့်တားသွားမည်ဟု တောင်ကိုရီးယား၏Memorial Day အတွက် ကျင်းပသော အခမ်းအနားတွင် ယွန်းက ပြောကြားခဲ့သည်။
တောင်ကိုရီးယားစစ်တပ်နှင့် အမေရိကန်စစ်တပ်တို့သည် ဇွန်လ ၅ ရက်က မြောက်ကိုရီးယား၏ဒုံးကျည်ရှစ်စင်း ပစ်လွှတ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဇွန်လ ၆ ရက် နံနက် ၄ နာရီ ၄၅ မိနစ်မှ စတင်ကာ ၁၀ မိနစ်အတွင်း မြေပြင်-မြေပြင်ပစ် ဒုံးကျည်ရှစ်စင်းကို ပစ်လွှတ်ခဲ့သည်။ Army Tactical Missile Systems (ATACMS) ရှစ်စင်းကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့သည်။
စစ်ရေးလေ့ကျင့်ရာတွင် အမေရိကန်ဒုံးကျည်တစ်စင်းနှင့် တောင်ကိုရီးယားဒုံးကျည် ခုနစ်စင်း ပါဝင်ခဲ့သည်ဟု အမေရိကန်၏ အင်ဒို-ပစိဖိတ်ကွပ်ကဲရေးဌာနက ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားနှင့် အမေရိကန် မဟာမိတ်သည် တောင်ကိုရီးယားကျွန်းဆွယ်နှင့် အင်ဒို-ပစိဖိတ်ဒေသတစ်ခုလုံး ငြိမ်းချမ်း၊ သာယာဝပြောရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ စစ်ရေးလေ့ကျင့်မှုပြီးဆုံးပြီး နောက်တစ်ရက်အကြာတွင် ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခြင်းဖြစ်သည်။
ဇွန်လ ၅ ရက်တွင် မြောက်ကိုရီးယားက မတူညီသော နေရာလေးနေရာမှ တာတိုပစ်ဒုံး ကျည်ရှစ်စင်းကို ၃၅ မိနစ်အတွင်း ပစ်လွှတ်သည်ကို တောင်ကိုရီးယားစစ်တပ်က တွေ့ရှိခဲ့သည်။ အနောက်ဘက်နှင့် တောင်ဘက်ကမ်းရိုးတန်းဒေသများမှလည်းကောင်း၊ မြို့ တော်ပြုံယမ်းအနီးနှင့် မြောက်ပိုင်းရှိ ကုန်းတွင်းပိုင်းဒေသတို့မှလည်းကောင်း ဒုံးကျည်များ ပစ်လွှတ်ခဲ့ခြင်းဖြစ်ရာ မြောက်ကိုရီးယားအနေဖြင့် တစ်ရက်အတွင်း စံချိန်တင်ဒုံးကျည် ပစ်လွှတ်မှုဟုပင် ဆိုနိုင်စရာရှိသည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ စစ်ရေးလေ့ကျင့်မှုပြီးဆုံးပြီးနောက် တစ်ရက်အကြာတွင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခြင်းဖြစ်သည်။ ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဒုံးကျည်များ ပစ်လွှတ်စမ်းသပ်မှုများမှာ ၂၀၂၂ ခုနှစ်ထဲတွင် မြောက်ကိုရီးယား၏ ၁၈ ကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှုဖြစ်သည်။ မြောက်ကိုရီးယားသည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ၂၀၂၂ ထဲတွင် စမ်းသပ်ခဲ့သေးသည်။
ထို့အပြင် မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ရန်ပြင်ဆင်နေသည်ဟု တောင်ကိုရီးယားနှင့် အမေရိကန်တာဝန်ရှိသူများက ပြောကြားထားသည်။ ကင်ဂျုံအွန်သည် အန္တရာယ်ခံတွင်းထဲဝင်ကာ စွန့်စားခန်း ဖွင့်ရန် ကြံစည်နေသည်ဟု နိုင်ငံတကာလေ့လာဆန်း စစ်သူများက ထောက်ပြလျက်ရှိသည်။ ကင်ဂျုံအွန်သည် မြောက်ကိုရီးယားကို နျူကလီးယားအင်အားကြီးနိုင်ငံအဆင့် ဖြစ်လာအောင် လုပ်ဆောင်နေပုံရသည်။ နျူကလီးယားအင်အားကြီးနိုင်ငံအဖြစ် ရပ်တည်ရင်း အင်အားအသာရသည့်အနေအထားဖြင့် စီးပွားရေးကိစ္စများ၊ လုံခြုံရေးကိစ္စများကိုဆွေးနွေးရာတွင် တစ်ဖက်က အလျှော့ပေးရသည့်အနေအထားဖြစ်လာစေရန် လုပ်ဆောင်လိုနေပုံရလေသည်။
ထို့ကြောင့် ကင်သည် အန္တရာယ်များသော လမ်းကြောင်းကို လျှောက်နေသည်ဟု နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ခြင်းဖြစ်သည်။ တောင်ကိုရီးယားနှင့် အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် လေးနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်း ပါဝင်ခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယား၏ နောက်ဆုံးဒုံးကျည်စမ်းသပ်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဇွန်လ ၅ ရက်တွင် ဂျပန်နှင့် အမေရိကန်တို့သည်လည်း ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့သည်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုများက မြောက်ကိုရီးယားအပေါ် အမေရိကန်ဘက်က ရန်လိုသောမူဝါဒများ ဆက်လက်ကျင့်သုံးနေခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ဝေဖန်ထားသည်။ သံတမန်ရေးနည်းလမ်း အသုံးပြုမည်ဟု ပြောနေသည့်တိုင် လက်တွေ့တွင် အမေရိကန်က ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်နေခြင်းမှာ နည်းလမ်းမကျဟု မြောက်ကိုရီးယားတာဝန်ရှိသူများက ပြောသည်။ တောင်ကိုရီးယား၏ လတ်တလော ဒုံးကျည်ကာကွယ်ရေးသည် တိုးလာနေသည့် မြောက်ကိုရီးယားခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် မလုံလောက်ဟု ဆိုးလ်မြို့ရှိ Ewha တက္ကသိုလ်မှ နိုင်ငံတကာလေ့လာရေးပါမောက္ခ Leif-Eric Easley က ပြောသည်။ တောင်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယားနှင့် လက်နက်ပြိုင်ဆိုင်မှု လျှော့ချရေးအတွက် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်သည့်အပိုင်းတွင် ထပ်မံရင်းနှီးမြှုပ်နှံရမည်ဖြစ်သကဲ့သို့ ဂျပန်နှင့် အလွှာပေါင်းစုံဆက်ဆံရေးကိုလည်းကောင်း၊ တရုတ်နှင့် သံတမန်ဆက်ဆံရေးကိုလည်းကောင်း ပိုမိုလုပ်ဆောင်ရမည်ဟု ၎င်းက ပြောသည်။
မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုကို လုပ်မည်ဆိုပါက ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် အရေးယူရန် လွန်ခဲ့သောလတွင် အမေရိကန်က တောင်းဆိုခဲ့သည်။ သို့သော်လည်း တရုတ်နှင့် ရုရှားတို့က အမေရိကန်၏ တောင်းဆိုမှုကို ပယ်ချခဲ့ကြသဖြင့် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်ရေးကိစ္စမှာ ဗီတိုကိုင်ထားသော အင်အားကြီးနိုင်ငံများအကြားတွင် သဘောထား ကွဲစရာဖြစ်နေပြန်သည်။ မည်သို့ဆိုစေ ကင်ဂျုံအွန်သည် မြောက်ကိုရီးယားကို စစ်အင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်ရေးဆိုသည့် စိတ်ကူးကိုကား စွန့်လွှတ်မည်မဟုတ်ဆိုသည်မှာ သေချာနေပါသည်။ ထို့ကြောင့် ကိုရီးယားကျွန်းဆွယ်၌ ငြိမ်းချမ်းရေးအလင်းရောင်သည် မှေးမှိန်နေရာမှ မကြာမီ ပျောက်ကွယ်သွားမည်လောဆိုသည်ကို ဆက်လက်စောင့်ကြည့်ရုံသာရှိပါတော့သည်။










