ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ အပါအဝင် လေးဦးအား သေဒဏ်အတည်ပြုမှုနှင့်ပတ်သက်၍   ပြင်သစ်၊ အမေရိကန်နှင့်  ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတို့၏ ထုတ်ပြန်မှုများအပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်

ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ အပါအဝင် လေးဦးအား သေဒဏ်အတည်ပြုမှုနှင့်ပတ်သက်၍   ပြင်သစ်၊ အမေရိကန်နှင့်  ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတို့၏ ထုတ်ပြန်မှုများအပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်
Published 6 June 2022

ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ(ခ)ဦးကျော်မင်းယုအပါအဝင် လေးဦးအား သေဒဏ်အတည်ပြုမှုနှင့်ပတ်သက်၍     ပြင်သစ်၊ အမေရိကန်နှင့်  ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတို့၏ ထုတ်ပြန်မှုများအပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်ကြောင်း ထုတ်ပြန်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဦးဖြိုးဇေယျာသော်၊ နှင့် ကျော်မင်းယုတို့အပါအဝင် အကြမ်းဖက်သမားလေးဉီးအား ပြစ်ဒဏ်ချမှတ်ခဲ့မှုနှင့်ပတ်သက်၍ ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့၊ ပြင်သစ်သံရုံးတို့၏  ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်က ထုတ်ပြန်ချက်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူ၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ ရက်က ထုတ်ပြန်ချက်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်က ထုတ်ပြန်ချက်များကို ရည်ညှွန်းဖော်ပြအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ လက်ရှိအစိုးရအနေဖြင့် ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အပ်နှင်းထား သည့် အခွင့်အာဏာများကို အပြည့်အဝ ကျင့်သုံးပိုင်ခွင့်ရှိကြောင်း၊ နိုင်ငံသားတိုင်းသည် တရားဥပဒေနှင့်အညီ တန်းတူအခွင့်အရေးနှင့် အခြေခံ လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ် ပေးမှုများရရှိနိုင်မည်ဖြစ်သကဲ့သို့ တရားဥပဒေအရ စီရင်ဆုံးဖြတ်မှုကိုလည်း လက်ခံကြ ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် လွတ်လပ်မှုရှိသကဲ့သို့ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သူအားလုံးအပေါ် သာတူညီမျှရှိသည့် ဥပဒေများကို ကျင့်သုံးဆောင်ရွက်လျက်ရှိသည်ကိုလည်း ထပ်လောင်းအတည်ပြုကြောင်း၊ ဖြိုးဇေယျာသော် နှင့် ကျော်မင်းယုတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ (က)၊ ၅၀ (ဈ)နှင့် ၅၀ (ည) တို့အရ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရသဖြင့် သေဒဏ်အမိန့်ချမှတ်ခံရခြင်းဖြစ်ကြောင်း၊  ၄င်းတို့သည် အပြစ်မဲ့ပြည်သူများအား အကြောက်တရားကြီးစိုးစေရန်နှင့် တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေသည့် အကြမ်းဖက်မှုများ ကျူးလွန်ရာတွင် အဓိကကြိုးကိုင်စီစဉ်သူများ အဖြစ် ပြစ်မှုထင်ရှားသဖြင့် အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သို့ဖြစ်၍ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့၊ ပြင်သစ်သံရုံး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူရုံးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနတို့၏ တာဝန်မဲ့ထုတ်ပြန်ပြောကြားချက်များသည် အကြမ်းဖက်မှုများကို အားပေး အားမြှောက်ပြုရာရောက်ပြီး အပြစ်မဲ့ပြည်သူအများအပြား သေကြေဒဏ်ရာရစေပြီး အစိုးရနှင့် ပုဂ္ဂလိကပိုင် အဆောက်အဦနှင့် ပစ္စည်းများကို ပျက်စီးစေသည့် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့များဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (PDF) တို့၏ ဆက်လက် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို လျစ်လျူရှုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြင်သစ်သံရုံးတို့၏ ထုတ်ပြန် ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား မြန်မာအစိုးရအနေဖြင့် လက်ခံနိုင်ခြင်း မရှိသည့် အသုံးအနှုန်းဖြစ်သည့် “တရားမဝင်စစ်အစိုးရ ဟု သုံးနှုန်းရေးသားထားမှုအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်သည်။

ယင်းအပြင် သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၃ အရ သံတမန်များသည် စေလှွတ်သည့်နိုင်ငံနှင့် လက်ခံသည့်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေး တိုးမြှင့်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ယင်းကွန်ဗင်းရှင်း၏ အပိုဒ် ၄၁ တွင် သံတမန်များသည် လက်ခံသည့်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေများကို လေးစားရန်နှင့် လက်ခံသည့်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ဖော်ပြထားကြောင်း၊ ပြင်သစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှုကို တိုးမြှင့်ရမည့်အစား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိုအကြောင်းပြ၍  အထက်ဖော်ပြပါ လက်ခံနိုင်ခြင်းမရှိသည့် အသုံးအနှုန်းမျိုးပါဝင်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်၍ သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်းကို ပြောင်တင်းစွာချိုးဖောက်သည့် ပြင်းထန်သောထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ထုတ်ပြန်ချက်သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် မကောင်းသည့် အကျိုးဆက်များကိုသာ သက်ရောက်စေလိမ့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 နိုင်ငံအချို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၂ တွင် ရှင်းလင်းစွာ ဖော်ပြထားသည့် နိုင်ငံများ၏ အချုပ်အခြာ အာဏာ တန်းတူညီမျှမှုစည်းမျဉ်းကို လိုက်နာရန် ပျက်ကွက်လျက်ရှိသည်ကို စိတ်မကောင်း ဖွယ် မြင်တွေ့ရကြောင်းနှင့် ဗဟိုအဆင့်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များသည် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင် များနှင့် တပ်မတော်မှတာဝန်ရှိသူများဖြင့် ပါဝင်ဖွဲ့စည်းသည်ကို ကြည့်ခြင်းအားဖြင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တရားဝင်ဖြစ်မှုမှာ မေးခွန်းထုတ်ဖွယ်ရာ မရှိသည်ကို ဖော်ပြအပ်ကြောင်း၊  အဆိုပါအချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်အစိုးရမဟုတ်သည်ကို ရှင်းလင်းစွာပြသလျက် ရှိသည်။ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများ တိုးတက်လာစေရေးအတွက် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ပြဋ္ဌဌာန်းချက်များ၊ နိုင်ငံတကာ အသိအမှတ်ပြု သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ကွန်ဗင်းရှင်းများကို လေးစားလိုက်နာ ရန်နှင့် မြန်မာနိုင်ငံအား အချုပ်အခြာအာဏာပိုင် အစိုးရတိုင်းအပေါ် ကျင့်သုံးသည့် ဓလေ့နှင့်အညီ ဆက်ဆံရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆိုကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့၊ ပြင်သစ်သံရုံး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတို့၏ တာဝန်မဲ့ ပြောဆိုချက်၊ ထုတ်ပြန်ချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ပယ်ချပြီး ကန့်ကွက်စာများကို သံတမန်လမ်းကြောင်းမှတစ်ဆင့် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်မှုအရသိရသည်။

Most Read

Most Recent