ဇွန်လအစောပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဆယ်ရက်ကြာပစိဖိတ်ဒေသခရီးစဉ် အဆုံးသတ်ချိန်၌ တရုတ်နှင့် သံတမန်ဆက်ဆံရေးထူထောင်ထားသည့် ပစိဖိတ်ကျွန်းနိုင်ငံ ၁၀ နိုင်ငံစလုံးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုခရီးစဉ်သည် အဆိုပါဒေသသို့ ယခင်နိုင်ငံခြားရေးဝန်ကြီး လီကျောက်ရှင်း၂၀၀၆ ခုနှစ်တွင် သွားရောက်ခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးက ဒုတိယအကြိမ် လာရောက်ခဲ့ခြင်းဖြစ်သကဲ့သို့ ၂၀၂၁ ခုနှစ်က တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပြုလုပ်ခဲ့ပြီး နောက်တွင်၎င်းခရီးစဉ် ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။
တရုတ်အနေဖြင့် ၎င်းဒေသအပေါ် အဘယ်ကြောင့် အာရုံစိုက်မှု မြင့်တက်လာပြီး မည်သည်ကိုအလိုရှိနေသနည်း။
သံတမန်ရေးမဟာမိတ်ဖွဲ့ခြင်းနှင့် မဟာဗျူဟာမြောက်ခြေကုပ်ယူခြင်း
တရုတ်အနေဖြင့် ပစိဖိတ်ဒေသနှင့် သံတမန်ရေးအရမဟာမိတ်ဖွဲ့ရေးနှင့် မဟာဗျူဟာမြောက် ခြေကုပ်ယူရေးဟူသည့် အဓိကကျသောအရာနှစ်ခုကိုလိုလားနေခြင်းပင်ဖြစ်သည်။
သံတမန်ရေးရှုထောင့်အရဆိုသော် တရုတ်အနေဖြင့် ကုလသမဂ္ဂ၌ ပစိဖိတ်ကျွန်းနိုင်ငံများ၏ထောက်ခံမဲပေးမှု ကိုလိုအပ်နေခြင်းဖြစ်သည်။ အများစုမှာ နိုင်ငံငယ်လေးများ ဖြစ်သော်လည်း ပစိဖိတ်ဒေသနိုင်ငံများသည် ကုလသမဂ္ဂတွင် တန်းတူမဲပေးပိုင်ခွင့်ရှိကြသည်။
ထိုင်ဝမ်၊ တိဘက်၊ ရှင်ကျန်း၊ ဟောင်ကောင်၊ တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်တို့နှင့် သက်ဆိုင်သောအရေးကိစ္စများ၊ လူ့အခွင့်အရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပစိဖိတ်နိုင်ငံများ၏ ထောက်ခံမှုသည် တရုတ်အတွက် အရေးပါနေသည်။ ဥပမာအားဖြင့်ဆိုရသော် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်အတွင်း ပစိဖိတ်ခေါင်းဆောင်များက ‘တရုတ်တစ်နိုင်ငံတည်း’ မူဝါဒကိုသာ စွဲစွဲမြဲမြဲလက်ခံကျင့်သုံးသွားမည်ဟု ကတိပြုခဲ့သည့်အတွက် ၎င်းတို့အနေဖြင့် ထိုင်ဝမ်ကို ပစ်ပယ်၍ တရုတ်ကိုသာ အသိအမှတ်ပြုမည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။ သို့တိုင်အောင် တရုတ်-ထိုင်ဝမ် သံတမန်ရေးအား ပြိုင်မှုအဆုံးသတ်ရန် အလှမ်းဝေးနေဆဲဖြစ်ပြီး ပစိဖိတ်ဒေသတွင် ပလောင်း၊ မာရှယ်ကျွန်း စု၊ တူဗာလူ၊ နော်ရူးနိုင်ငံတို့သည် ထိုင်ဝမ်ကို အသိအမှတ်ပြုဆဲဖြစ်သည်။
မဟာဗျူဟာအရဆိုသော် တရုတ်ကပစိဖိတ်ဒေသကို South-South co-operation ဟု လူသိများသော ဖွံ့ဖြိုးဆဲနိုင်ငံများအကြား သယံဇာတ၊ နည်းပညာနှင့် အသိပညာနယ်ပယ်တို့တွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကိုဖော်ဆောင်မည့် ဒေသအဖြစ် ရှုမြင်ထားသည်။
တရုတ်၏ဖွံ့ဖြိုးပြီး နိုင်ငံများအပေါ် မယုံကြည်မှုသည် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် ကွန်မြူနစ်အစိုးရကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက်တွင်လည်း ထိုသဘောထားကို အခိုင်အမာ ဆုပ်ကိုင်ထားခဲ့သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများထံမှ မဟာဗျူဟာအရ ဖိအားပေးမှုကိုထိန်းညှိရန်အတွက် တရုတ်သည် ဖွံ့ဖြိုးဆဲကမ္ဘာနှင့် နီးကပ်သော ဆက်ဆံရေးကိုခိုင်မာစေရန် ကြိုးပမ်းခဲ့သည်။
လတ်တလောတွင် တရုတ်နှင့် အမေရိကန်ဦးဆောင်သော အစဉ်အလာအင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှု မြင့်တက်လာခြင်းသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ပစိ ဖိတ်ဒေသခရီးစဉ် ဖြစ်ပေါ်လာသည့် အဓိကအကြောင်းရင်းပင်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယတို့ပါဝင်သော Quad လေးနိုင်ငံမဟာမိတ်အဖွဲ့က အင်ဒို-ပစိဖိတ်ဒေသနိုင်ငံများအပေါ် ထောက်ပံ့မှုများ တိုးမြှင့်သွားမည်ဟု ကတိပြုထားသော ပူးတွဲကြေညာချက်တစ်စောင်ကို အဆိုပါလေးနိုင်ငံ၏ခေါင်းဆောင်များက မကြာသေးမီကပင် ထုတ်ပြန်ခဲ့သည်။
ထို့နေ့၌ပင် ဝမ်ယိ၏ ပစိဖိတ်ဒေသခရီးစဉ်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ခြင်းကို တိုက်ဆိုင်မှုဟုဆိုနိုင်ပါမည်လော။ ထို့အပြင် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် တရုတ်နိုင်ငံမှ ကွမ်တုံ၊ ဖူကျန်းနှင့် ရှန်တုံပြည်နယ်တို့အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုမှ မြင်သာထင်သာရှိသော တိုးတက်မှု အခြေအနေများကိုလည်း တရုတ်က အသေးစိတ်ထုတ်ပြန်ခဲ့သည်။
တရုတ်အနေဖြင့် အစဉ်အလာအင်အားကြီးနိုင်ငံများနှင့် ပြိုင်ဆိုင်ရာတွင် အလျှော့ပေးမည့် အရိပ်အယောင်မျိုးမပြသကဲ့သို့ မိမိတို့နှင့် နီးကပ်စွာဆက်ဆံခြင်းမှ အကျိုးအမြတ်ဖြစ်ထွန်းနိုင်သည်ဟူသော မက်ဆေ့ချ်ကိုပေးနိုင်ရန်လည်း မျှော်လင့်ထားသည်။
တရုတ်၏ လုံခြုံရေးအတွက် ပစိဖိတ်ဒေသ၏ အရေးပါမှု
ပစိဖိတ်ဒေသသည် တရုတ်အတွက် လုံခြုံရေးအရ အလွန်အရေးပါသော ဒေသတစ်ခုလည်း ဖြစ်လာခဲ့သည်။
တရုတ်အနီးဝန်းကျင်ရှိ ကျွန်းများနှင့် ပစိဖိတ်ကျွန်းများတွင် တသီတတန်းတည်ရှိနေသော စစ်စခန်းများကိုအသုံးချပြီး အမေရိကန်နှင့် မဟာမိတ်များက ၎င်းတို့ကို ၀ိုင်းပတ်ထားရန် ကြိုးပမ်းနေသည်ဟု တရုတ်က ယူဆလျက်ရှိရာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရေတပ်သည် ထိုအခင်းအကျင်းကို ဖြိုဖျက်ရန် ရည်မှန်းထားသည်။
ပစိဖိတ်ကျွန်းများသည် အဆိုပါကျွန်းစုများထဲမှတစ်ခုပေါ်၌ တည်ရှိနေသည့်အတွက် တရုတ်စစ်တပ်အနေဖြင့် ပစိဖိတ်ဒေသ၌ ခြေကုပ်ယူရန် အပူတပြင်းလုပ်ဆောင်လာခြင်းမှာ ထူးဆန်းသည့်ကိစ္စ မဟုတ်သကဲ့သို့ တရုတ်နှင့် အမေရိကန်တို့အကြားအားပြိုင်မှုမှသည် ထိန်းချုပ်၍မရနိုင်တော့သည့် စစ်ရေးပဋိပက္ခတစ်ခုအသွင်သို့ ကူးပြောင်းသွားမည်ဆိုပါကလည်း ယင်းဒေသသည် အလွန်ပင်အရေးပါလာမည်ဖြစ်သည်။
သို့ဖြစ်ရာ ဆော်လမွန်ကျွန်းစုတွင် စစ်အခြေစိုက်စခန်း ထားရှိမည်မဟုတ်ဟု တရုတ်နှင့် ဆော်လမွန်ကျွန်းစုအစိုးရတို့က ရှင်းရှင်းလင်းလင်းပြောဆိုထားသည့်တိုင် အနောက်အင်အားကြီးနိုင်ငံများက တရုတ်-ဆော်လမွန်ကျွန်းစုလုံခြုံရေး သဘောတူညီချက်အပေါ် အလွန်စိုးရိမ်နေကြခြင်းဖြစ်သည်။
တရုတ်အနေဖြင့်လည်း ၎င်း၏ရည်မှန်းချက်များ ပြည့်မြောက်ရန်အတွက် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကိုဖော်ဆောင်ရန် အင်တိုက်အားတိုက်ကြိုးပမ်းလာခဲ့သည်။ အထူးသဖြင့် တရုတ်သည် ပစိဖိတ်ကျွန်းနိုင်ငံများကို တန်းတူရည်တူမိတ်ဖက်များအဖြစ် ရှုမြင်သည့် ၎င်း၏သဘောထား၊ အဆိုပါနိုင်ငံများမှ ပို့ကုန်များကို တရုတ်၏ ဧရာမစျေးကွက်ထဲသို့ တင်ပို့ခွင့်ကဲ့သို့သော စီးပွားရေးအခွင့်အလမ်းများနှင့် ၎င်းဒေသအတွက် အကူအညီများပေးခြင်း အစရှိသည့်အစီအစဉ်များကို အသားပေးပြောဆိုလာခဲ့သည်။
တရုတ်၏ အဆိုပြုချက်များကို ပစိဖိတ်နိုင်ငံများက ပယ်ချခဲ့
နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ခရီးစဉ်အတွင်း တရုတ်က ပစိဖိတ်မိတ်ဖက်နိုင်ငံအားလုံးအတွက် ကျယ်ပြန့်သော သဘောတူညီချက်နှစ်ရပ်ကို အဆိုပြုခဲ့သည်။
သို့ရာတွင် ထိုသဘောတူညီချက်များ၏ သဘောသဘာဝနှင့် ဒေသတွင်းလုံခြုံရေးအပေါ် ရိုက်ခတ်မှု ရှိလာနိုင်သည့် အလားအလာတို့ကြောင့် ပစိဖိတ်ခေါင်းဆောင်များအကြား ဘုံသဘောတူညီမှုမရရှိခဲ့သဖြင့် တရုတ်၏အစီအစဉ် ပျက်ပြယ်သွားခဲ့သည်။
ဝမ်ယိ၏ ခရီးစဉ်မတိုင်မီတွင် မိုက်ခရိုနီးရှား သမ္မတဒေးဗစ်ပန်နူလိုက ပစိဖိတ်ကျွန်းနိုင်ငံများနှင့် နယ်မြေဒေသများ၏ ခေါင်းဆောင်အားလုံးဆီသို့ စာတစ်စောင် ရေးသားခဲ့ပြီး ယင်းသဘောတူညီချက်များတွင် လက်မှတ်ရေးထိုးခြင်းကြောင့် ပစိဖိတ်ဒေသသည် အမေရိကန်နှင့်တရုတ်တို့အကြား အနာဂတ်ပဋိပက္ခများထဲတွင် ကြားညပ်သွားနိုင်သည်ဟု သတိပေးခဲ့သည်။
မိုက်ခရိုနီးရှားသမ္မတက ထိုကဲ့သို့သတိပေးမှုသည် တရုတ်ကို အံ့အားသင့်စေဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ၂၀၁၉ ခုနှစ်တွင် တရုတ်သို့ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ဖူးပြီး ထိုခရီးစဉ်အတွင်း တရုတ်နှင့် မိုက်ခရိုနီးရှားတို့၏ ချစ်ကြည်ရင်းနှီးမှုသည် ယခင်ကမရရှိဖူးသေးသည့် တိုးတက်ဖြစ်ထွန်းမှုများကို ရရှိနေပြီဟု အမွှမ်းတင်ခဲ့သူဖြစ်သောကြောင့်ဖြစ်သည်။
ယင်းသည် တရုတ်အတွက် မြင်သာထင်သာရှိသောထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ ထို့နောက် မေ ၃၀ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသဘောတူညီချက်များကို သဘောထားအစီရင်ခံစာတစ်စောင်အဖြစ် ပြောင်းလဲထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင်မူ တရုတ်က ပစိဖိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ကာ ဒေသတွင်းလုံခြုံရေးကို မြှင့်တင်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို တိုက်ဖျက်ရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အသင့်ရှိနေမှုကိုသာ အကျဉ်းချုပ်ဖော်ပြခဲ့သည်။
မူလသဘောတူညီချက်နှစ်ခုတွင်မူ ဒေသတွင်းနိုင်ငံများ၏ ရဲတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးခြင်း၊ ဆိုက်ဘာလုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကဲ့သို့သော လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အကျယ်တဝင့် ဖော်ပြခဲ့သည်။
ပြိုင်ဆိုင်မှုများရှိနေချိန်တွင် တရုတ်အနေဖြင့် ပိုမိုအကဲဆတ်လာသည့် လုံခြုံရေးနယ်ပယ်၌ ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် မဟာဗျူဟာကို အကျယ်တဝင့် ထုတ်ဖော်ပြောဆိုရန် မသင့်ကြောင်း ရိပ်စားမိသွားဟန်တူသည်။
အနာဂတ်ကာလကို မျှော်ကြည့်မည်ဆိုလျှင် တရုတ်အနေဖြင့် ပစိဖိတ်ဒေသနှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရာတွင် ပိုမိုသတိချပ်၍ ချဉ်းကပ်လုပ်ဆောင်သွားဖွယ်ရှိပြီး ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့ရေးကဲ့သို့သော ထိရှလွယ်မှုနည်းသည့် နယ်ပယ်များတွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရေးကိုသာ ပိုမိုအာရုံစိုက်သွားဖွယ်ရှိနေသည်။ တရုတ်အနေဖြင့် ကျယ်ပြန့်သော သဘောတူညီချက်များကို ပြန်လည်အသက်မသွင်းမီ ပစိဖိတ်ကျွန်းနိုင်ငံများ၏ ထောက်ခံမှုကိုပိုမိုရရှိနိုင်ရန် စည်းရုံးရလိမ့်မည်လည်း ဖြစ်သည်။










