(၁) ၂၁ ရာစု ကမ္ဘာတွင် လူသားတို့ တီထွင်ကြံဆမှုများ အထွတ်အထိပ် ရောက်ရှိလျက် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများမှာလည်း နယ်ပယ်စုံ၌ အံ့မခန်းတိုးတက်လာနေသည်။ သို့ သော် လောကသဘာဝအတိုင်း
လူသားတို့ ဖြစ်တည်မှုအပေါ် အကောင်းနှင့်အဆိုး ယှဉ်တွဲသက်ရောက်မှုများ ဖြစ်နေသည်။ ယနေ့ ကမ္ဘာသည် ယခင်ကမ္ဘာကဲ့သို့မဟုတ်။ မသေချာ၊ မရေရာမှု အခြေအနေမြင့်မားသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရ၏။
(၂) ၂၀၂၀ ပြည့်နှစ်ကစ၍ ကမ္ဘာ့ လူသားများ တစ်ခါမျှ မကြုံဖူးခဲ့သည့် ကမ္ဘာကပ်ရောဂါ ကိုဗစ်ပျံ့နှံ့ ကူးစက်နေခဲ့သည်မှာ ယခုတိုင် အကင်းမသေနိုင်သေး။ ယခု ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်ပွားနေသည်။ ကမ္ဘာ့နေရာဒေသအနှံ့အများစုတွင် စီးပွားရေးအတွက် ရုန်းကန်နေကြ ရသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မည်သည့်အရေးအရာမှ သေချာပေါက်မှန်းဆ၍မရသည့် ကမ္ဘာ့အခြေအနေ။
ကမ္ဘာ့ မသေချာမရေရာမှု ညွှန်းကိန်း - ဒဗလျူယူအိုင် (World Uncertainty Index-WUI) ကို ကြည့်လိုက်သောအခါ မြင့်တက်နေသည်ကို တွေ့ရ၏။
ဂလိုဘယ်မသေချာမရေရာမှု မြင့်တက်နေခဲ့ပြီဖြစ်သည်။ ကမ္ဘာ့မသေချာ မရေရာမှု ညွှန်းကိန်း (ဒဗလျူယူအိုင်) မြင့်တက်နေမှုသည် ကောင်းသောသင်္ကေတ မဟုတ်ပေ။
အထူးသဖြင့် စီးပွားရေးတိုးတက်မှု ရှုထောင့်မှကြည့်ပါက (ဒဗလျူယူအိုင်) ညွှန်းကိန်းမြင့်တက်လာခြင်းသည် သိသိသာသာဖြစ်လာနိုင်သည့် ကုန်ထုတ်လုပ်မှုကျဆင်းခြင်း ရှေ့ပြေးနိမိတ်ဖြစ်သည်။ ခန့်မှန်းချက် များကိုအခြေခံ၍ ထုတ်ပြန်ထား သော ၂၀၂၂ ခုနှစ် ပထမသုံးလအတွင်း ဒဗလျူယူအိုင်ညွှန်းကိန်း များ မြင့်တက်လာခြင်းသည် မူလခန့်မှန်းထားသည့် ယခုနှစ်ကမ္ဘာလုံး ဆိုင်ရာဖွံ့ဖြိုးမှုကို သုည ဒသမ ၃၅ ရာခိုင်နှုန်းအထိ လျှော့ချရန် လုံလောက်သောအကြောင်းတရားဖြစ်လာသည်။
(၃) ကမ္ဘာ့မသေချာမရေရာမှုညွှန်းကိန်း - ဒဗလျူယူအိုင်သည် စီးပွားရေး ပေါ်လစီများ၏ မသေချာမှု၊ စတော့စျေးကွက်များ မတည်ငြိမ်မှု၊ ဘေးအန္တရာယ်စွန့်စားရမှု၊ ဂျီဒီပီကျဆင်းမှု၊ နိုင်ငံရေးအခြေအနေများနှင့် ဆက်စပ်၍ နိုင်ငံများ၏ မသေချာမရေရာမှုများကို ခြေရာခံသည့် တိုင်းတာမှု တစ်ခုဖြစ်သည်။
Economist Intelligence Unit (EIU) အဖွဲ့က သုံးလတစ်ကြိမ်ထုတ် ဝေသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၃ နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် မူဝါဒများ ပါဝင်သည့် အစီရင်ခံစာ များထဲမှ မသေချာမရေရာမှုကို ဖော်ညွှန်းသော ဝေါဟာရများနှင့် ဆက်စပ်စကားလုံးများကို ရှာဖွေဖော်ထုတ်၍ တည်ဆောက်ထားသည်။
ညွှန်းကိန်းတည်ဆောက်မှုကို အဆင့်သုံးဆင့်ဖြင့်လုပ်ဆောင်ထားသည်။ပထမအဆင့်အနေဖြင့် သုံးလ တစ်ကြိမ် ထုတ်ဝေသည့် နိုင်ငံများ အစီရင်ခံစာများကို စုဆောင်းသည်။ ဒုတိယအနေဖြင့် အစီရင်ခံများထဲတွင် ဖော်ပြထားသော မသေချာ မရေရာမှု သို့မဟုတ် ထိုကဲ့သို့ အဓိပ္ပာယ်ရသော ဝေါဟာရ၊ စာလုံးများပါဝင်သည့် အကြိမ်အရေ အတွက်ကို ရေတွက်ရသည်။ တတိယအကြိမ်တွင် အစီရင်ခံစာတစ်ခု ချင်းစီထဲရှိ စုစုပေါင်း အကြိမ်အရေ အတွက်အရ “မသေချာ မရေရာမှု”အဓိပ္ပာယ်နှင့်နှီးနွှယ်သော ဝေါဟာရ စုစုပေါင်း အရေအတွက် ပြန်လည် ရေတွက်သည်။
(၄) ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများသည် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနှင့်အတူ မမျှော်မှန်းနိုင်သည့် အခြေအနေအထိ မြင့်တက်သွားခဲ့ပြီး တစ်ဖန်ကျဆင်းသွားခဲ့ပြန်သည်။ ၂၀၂၂ ၏ ပထမ သုံးလပတ်အတွင်း၌မူ ပြန်လည်မြင့်တက်လာခဲ့၏။ အခြေအနေသည်ကား လွန်ခဲ့သော ၁၀ နှစ်ကျော်ကာလ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အမေရိကန်ပြည်ထောင်စု၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် အချိန်ဝန်းကျင်၊ ၂၀၁၆ ခုနှစ် ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ခွဲထွက်ရန် မဲခွဲဆုံးဖြတ်မှုပြုလုပ်သည့် အချိန်ကဖြစ်ခဲ့သည့်အဆင့်မျိုး ဖြစ်နေခဲ့သည်။
လက်ရှိအခြေအနေတွင် ညွှန်းကိန်းအဆင့်သည် ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားစဉ် အချိန်ကာလ၏ ထက်ဝက်ခန့်သာရှိနေသည်။ မကြာသေးခင်ကမူ မြင့်တက်မှုအနည်းငယ်ရှိခဲ့သည်။ ထိုအခြေအနေသည် အကြောင်းသုံးရပ်ကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။ ပထမ အခြေအနေမှာ ကိုဗစ်ကပ်ရောဂါသည် ကမ္ဘာအနှံ့ ပျံ့နှံ့ဖြစ်ပွားနေဆဲဖြစ်ပြီး တစ်ကမ္ဘာလုံးနီးပါးဒေသအနှံ့ရှိ စီးပွားရေးနှင့် ကျန်းမာရေးစနစ်အား လုံး ထိခိုက်စေခဲ့သည့် အခြေအနေ ဖြစ်သည်။
ဒုတိယအချက်မှာ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ နုတ်ထွက်သည့် ဘရီဇစ် (Brexit) အခြေအနေနှင့် အမေရိကန် -တရုတ်တို့၏ ကုန်သွယ်ရေး တင်းမာမှုများကလည်း မရေရာမှု မြင့်တက်စေခဲ့သည်။ နောက်ဆုံးအခြေအနေတစ်ရပ်မှာ ရုရှား-ယူကရိန်းနှင့် ဆက်စပ်ပတ်သက်မှုရှိသည့် မသေချာမှုများကြောင့် အညွှန်းကိန်းများ အထွတ်အထိပ်သို့ မြင့်တက်လာခြင်းဖြစ်သည်။
လက်ရှိ အခြေအနေအရ နိုင်ငံတစ်နိုင်ငံစီအတွက် လစဉ်ညွှန်းကိန်း ဖော်ထုတ်ရာ၌ လတ်တလော ဖြစ်ပွားနေသည့် ရုရှား-ယူကရိန်းစစ်ပွဲနှင့် ဆက်စပ်မှုရှိသော စကားလုံးများ၏ အနီးအနားတွင် ရှိနေသည့် မသေချာ၊ မရေရာမှုကို ညွှန်းထားသော uncertain၊ uncertainty နှင့် uncertainties စကားလုံးများ၊ အကြောင်းအရာ၏ အဓိကဝေါဟာရများဖြစ်သည့် ရုရှား (Russia)၊ ယူကရိန်း (Ukarine) ၊ စီးပွားရေးပိတ်ဆို့မှု (Sanction)၊ စစ်ပွဲ (War)၊ ကျူးကျော်ခြင်း (Invasion)၊ ပဋိပက္ခ (Conflict)၊ ကာကွယ်မှုရေးအသုံးစရိတ် (Defense Spending)၊ စစ်ရေး (War) ပထဝီနိုင်ငံရေးနှင့်ဆိုင်သော (Geopolitical)၊ ပူတင် (Putin)၊ ဇလန်စကီး (Zelenskvy)၊ လောင်စာဆီ (Oil) ၊ ကုန်ပစ္စည်းများ (Commodity)၊ စွမ်းအင် (Energy)၊ ဓာတ်ငွေ့(Gas) များလည်း ထည့်သွင်း စဉ်းစားထားသည်။
(၅) ဖော်ပြထားသောပုံသည် ၁၉၉၀ ပြည့်နှစ်ကတည်းကတိုင်းတာထားသည့် ရှိနေသည့် သုံးလပတ် အညွှန်းကိန်းများ (ဘယ်ဘက်ပုံ)နှင့် ရုရှား-ယူကရိန်းစစ်ပွဲအပေါ် အထူး အာရုံစိုက် လေ့လာထားသည့် လအလိုက် တိုင်းတာမှုအသစ် (ညာဘက် ပုံ) ဖြစ်သည်။ လစဉ်အညွှန်းကိန်းသည် ကမ္ဘာ့စီးပွားရေး၏ ၉၀ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသည့် နိုင်ငံပေါင်း ၄၂ နိုင်ငံတွင် ရုရှား-စစ်ပွဲနှင့် ဆက်စပ်ဖြစ်ပေါ်နေသော မသေချာ မရေရာမှုများကို ခြေရာခံထားသည်။
ကမ္ဘာ့မသေချာမရေရာမှု ညွှန်းကိန်းများသည် စစ်ပွဲများနှင့် ပတ်သက်၍ မသေချာ၊ မရေရာမှုများ ကမ္ဘာတစ်ဝန်း မြင့်တက်လာနေသည်ကို သက်သေပြနေသည်။ ညွှန်းကိန်းများကို လေ့လာသုံးသပ်မှုပြုရာတွင် အခြေအနေနှစ်ရပ်ကိုတွေ့ ရသည်။ ပထမအခြေအနေမှာ စစ်ပွဲနှင့် ပတ်သက်သော မသေချာ မရေရာမှုများသည် ယခုနှစ်အစပိုင်းမှစပြီး တဖြည်းဖြည်းတိုးမြင့်လာခဲ့ပြီး ယခုအခါ ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း၏ ရာခိုင်နှုန်း ၄၀ နီးပါးအထိ ဖြစ်လာခဲ့သည်ကို တွေ့ရသည်။
ဒုတိယအခြေအနေမှာ ဥရောပနိုင်ငံများတွင် ဖြစ်ပေါ်နေသော မသေချာမရေရာမှုများသည် အခြားဒေသများနှင့် နှိုင်းယှဉ်ပါက အစပိုင်းတွင် ပိုမိုမြင့်မားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဒေသအားလုံး၌ ကွာဟချက်သည် ကျဉ်းမြောင်းလာခဲ့ပြီး စစ်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးလျှံကျ သက်ရောက်မှုများဖြစ်ပေါ်နေသည် ကို မီးမောင်းထိုးပြသည်။ ကမ္ဘာ့အခြားဒေသများတွင်လည်း အခြေအနေအရပ်ရပ်သည် တည်ငြိမ်မှု အားနည်းလျက် ရှိနေပေသည်။
၂၁ ရာစု ကမ္ဘာကြီးသည် မသေချာ မရေရာမှု မြင့်မားလာခဲ့ပြီ။ ကမ္ဘာ့နိုင်ငံများအားလုံးသည်လည်း ယခင်ကာလများကထက်ပို၍ သတိထားနေကြရပြီဖြစ်သည်။ ကမ္ဘာ့မသေချာ မရေရာမှု ညွှန်းကိန်းသည်လည်း ကမ္ဘာ့နိုင်ငံများ၊ကမ္ဘာ့သူကမ္ဘာ့ သားများကို စိုးရိမ်စရာသတင်းစကား ထပ်မံပါးသကဲ့သို့ပင် ဖြစ်နေတော့ သတည်း။










