ရုရှား၏ အပြင်းအထန် ထိုးစစ်ဆင်မှုမှ ဒွန်းဘတ်စ်ဒေသကိုကာကွယ်ရန် အရာအားလုံးကို လုပ်ဆောင်သွားမည်ဟု ယူကရိန်းအစိုးရ ပြောကြား

ရုရှား၏ အပြင်းအထန် ထိုးစစ်ဆင်မှုမှ ဒွန်းဘတ်စ်ဒေသကိုကာကွယ်ရန် အရာအားလုံးကို လုပ်ဆောင်သွားမည်ဟု ယူကရိန်းအစိုးရ ပြောကြား
မေ ၂၇ ရက်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသ ဘက်ခ်မွတ်မြို့တွင် လက်နက်ကြီး ထိမှန်မှုကြောင့် မီးလောင်ပျက်စီးနေသည့် စက်ရုံတစ်ရုံ၌ မီးသတ်ဝန်ထမ်းများက မီးငြိှမ်းသတ်ပေးနေစဉ် (Photo : AFP)
မေ ၂၇ ရက်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသ ဘက်ခ်မွတ်မြို့တွင် လက်နက်ကြီး ထိမှန်မှုကြောင့် မီးလောင်ပျက်စီးနေသည့် စက်ရုံတစ်ရုံ၌ မီးသတ်ဝန်ထမ်းများက မီးငြိှမ်းသတ်ပေးနေစဉ် (Photo : AFP)
Published 28 May 2022
Ref : AFP

ဒွန်းဘတ်စ်ဒေသကို ခုခံကာကွယ်ရန်အတွက် အရာအားလုံးကို လုပ်ဆောင်သွားမည်ဟု ယူကရိန်းက ကတိပြုခဲ့သည်။

အဆိုပါဒေသတွင် ရုရှားက ထိုးစစ်အရှိန် မြှင့်တင်လာခြင်းကြောင့် ယူကရိန်းတပ်များသည် ရန်သူအဝိုင်းမခံစေရန် အလို့ငှာ အချက်အချာကျသော အဓိကနေရာအချို့မှ မဟာဗျူဟာမြောက် ခွာစစ်ဆင်ရန် စဉ်းစားလျက်ရှိသည်။

ယူကရိန်း၏ စက်မှုလုပ်ငန်းဗဟိုချက်ဖြစ်သော ဒွန်းဘတ်စ်ဒေသထဲတွင် ပါဝင်သည့် ဒိုးနက်ဒေသ အရှေ့ပိုင်းနှင့် လူဟန့်ဒေသတို့တွင် ရုရှားက မီးကုန်ယမ်းကုန် ထိုးစစ်ဆင်နေသည်။

ရုရှားစစ်တပ်သည် ဒွန်းဘတ်စ်ဒေသတွင် အများဆုံး လက်နက်ကြီးပစ်အား၊ အများဆုံး အရန်တပ်ဖွဲ့ဝင် အင်အားကို စုစည်းထားကြောင်း နေ့စဉ်ပြုလုပ်သည့် ရုပ်သံမိန့်ခွန်းတွင် သမ္မတ ဇယ်လန်စကီးက ပြောကြားခဲ့သည်။

“ဒုံးကျည်နဲ့ တိုက်ခိုက်တာတွေ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ အပါအဝင် နည်းလမ်းမျိုးစုံပါပဲ။ မိမိတို့အနေနဲ့ လက်ရှိ ကာကွယ်ရေးအင်အားနဲ့ အမိမြေကို ကာကွယ်နေပါတယ်။ ကာကွယ်ရေးအင်အားကို မြှင့်တင်ဖို့ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ”ဟုလည်း ၎င်းက ဆိုသည်။

ရုရှားလိုလားသော ခွဲထွက်ရေးသမားများကမူ ဆီဗယ်ရိုဒိုးနက်နှင့် ကရာမာတော့ မြို့နှစ်မြို့အကြားရှိ လီမန်မြို့ကို သိမ်းယူထားသည်ဟု မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။  အဆိုပါမြို့သည် ယူကရိန်း၏ ထိန်းချုပ်မှုအောက်၌ပင် ရှိနေသေးသည့် အဓိကမြို့ကြီးများကို ချိတ်ဆက်ထားသော လမ်းမပေါ်တွင်တည်ရှိသည်။

ရုရှားတပ်များသည် လူဟန့်ဒေသရှိဆီ ဗယ်ရိုဒိုးနက်နှင့် လစ်ဆေချန့်စ် မြို့တို့ဆီ ချဉ်းကပ်လာသည်ဟု သိရပြီး ရုရှား၏ချီစစ်ဆင်မှု ခရီးရောက်မှုနှင့်ပတ်သက်၍ အမျိုးမျိုးသတင်း ထွက်ပေါ်လျက်ရှိသည်။

ဒေသန္တရ အုပ်ချုပ်ရေးမှူး ဆာဂေးဂိုင်ဒေးက ရုရှားတပ်များအနေဖြင့် ရက်ပိုင်းအတွင်း ဒေသတစ်ခုလုံးကို သိမ်းယူနိုင်လိမ့်မည် မဟုတ်ဟု အခိုင်အမာ ပြောကြားခဲ့သည်။ သို့ရာတွင် ရန်သူအဝိုင်းခံရမည့် အခြေအနေကို ရှောင်လွှဲနိုင်ရန်အတွက် ယူကရိန်းတပ်များအနေဖြင့် ဒေသအချို့မှ ဆုတ်ခွာရဖွယ်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် ဆီဗယ်ရိုဒိုးနက်မြို့သည် အဝိုင်းခံထားရသဖြင့် ယူကရိန်းတပ်များသည် အဆိုပါမြို့မှ ဆုတ်ခွာနိုင်ခြင်း မရှိတော့ဟု လူဟန့်ဒေသ ရဲအရာရှိတစ်ဦး၏အဆိုကို ကိုးကား၍ ရုရှားနိုင်ငံပိုင်သတင်းဌာန RIA က ဖော်ပြခဲ့သည်။

ယင်းဖော်ပြချက်ကို အဆိုပါမြို့၏ အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပယ်ချခဲ့သော်လည်း အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် မြို့၏အခြေအနေသည် အလွန်ပင် ဆိုးရွားနေသည်ဟု ၎င်းကဆိုသည်။ “မြို့ခံတွေဟာ ရေနဲ့ အစားအစာ ရရှိဖို့အတွက်နဲ့ အရာရာကို စတေးဖို့ ဆန္ဒရှိနေကြတယ်” ဟု လစ်ဆေချန့်စ်မြို့၏ အကူအညီပေးရေးစင်တာ အကြီးအကဲဖြစ်သူက ဆိုသည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက ယူကရိန်းကို စစ်ပွဲဆင်နွှဲခဲ့ပြီးနောက် နှစ်ဖက်လုံးတွင် လူထောင်ချီ သေဆုံးခဲ့ကာ ယူကရိန်းပြည်သူ ၆.၆ သန်း နိုင်ငံထဲမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရုရှားသည် ခါဆန်နှင့် မာရီယူပိုးလ်မြို့ အပါအဝင် ယူကရိန်းတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသ တစ်ခွင်ကို ထိန်းချုပ်နိုင်ခဲ့သည်။

Most Read

Most Recent