ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးပါက စားနပ်ရိက္ခာအကျပ်အတည်းမဖြစ်အောင်ဆောင်ရွက်ပေးရန် အဆင်သင့်ဖြစ်နေဟု ပူတင်ပြောကြား

ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးပါက စားနပ်ရိက္ခာအကျပ်အတည်းမဖြစ်အောင်ဆောင်ရွက်ပေးရန် အဆင်သင့်ဖြစ်နေဟု ပူတင်ပြောကြား
ဆိုဗီယက်နို်င်ငံဟောင်းများ၏ စီးပွားရေးဖိုရမ်ကို တက်ရောက်နေသည့် ပူတင်အား  မေလ ၂၆ ရက်က တွေ့ရစဉ် (Photo : AFP)
ဆိုဗီယက်နို်င်ငံဟောင်းများ၏ စီးပွားရေးဖိုရမ်ကို တက်ရောက်နေသည့် ပူတင်အား  မေလ ၂၆ ရက်က တွေ့ရစဉ် (Photo : AFP)
Published 27 May 2022
Ref : AFP 

ယူကရိန်းပဋိပက္ခနှင့် ပတ်သက်၍ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို အနောက်နိုင်ငံများက ရုပ်သိမ်းပေးမည်ဆိုပါက  ဖြစ်ပေါ်လာတော့မည့် စားနပ်ရိက္ခာအကျပ်အတည်းကို ရှောင်လွှဲရေးအတွက် ရုရှားက ထူးခြားသောအနေအထားမှ ဆောင်ရွက်ပေးသွားရန် အဆင်သင့်ဖြစ်နေသည်ဟု မေ လ ၂၆ ရက်တွင် သမ္မတဗလာဒီမာပူတင်က အီတလီဝန်ကြီးချုပ်မာရီယိုဒရာဂီကို ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ ရက်တွင် အိမ်နီးချင်းယူကရိန်းကို ကျူးကျော်ရန် ပူတင်က ရုရှားစစ်သားများကို အမိန့်ပေးခဲ့ပြီးနောက် ရုရှားသည် မကြံဖူးလောက်သော အရေးယူပိတ်ဆို့မှုများကို ခံခဲ့ရသည်။

ပိတ်ဆို့အရေးယူမှုများနှင့် စစ်ဆင်ရေးတို့က ရုရှားနှင့်ယူကရိန်းတို့မှ မြေသြဇာ၊ ဂျုံနှင့် အခြားကုန်စည်များရရှိမှုကို အနှောင့်အယှက်များဖြစ်ပေါ်စေခဲ့သည်။ အဆိုပါနှစ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာဂျုံပံ့ပိုးမှု၏ ၃၀ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိသည်။

“နိုင်ငံရေးအရ စေ့ဆော်မှုတွေကြောင့် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို အနောက်အုပ်စုက ဖယ်ရှားပေးမယ်ဆိုရင် ရုရှားပြည်ထောင်စုအနေနဲ့ ဂျုံနဲ့မြေသြဇာတို့ တင်ပို့ပေးတာကတစ်ဆင့် စားနပ်ရိက္ခာအကျပ်အတည်းကို ကျော်လွှားဖို့ သိသာထင်ရှားတဲ့ ဆောင်ရွက်မှုကို လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်လို့ ပူတင်က အလေးပေးပြောကြားခဲ့ပါတယ်”ဟု ပူတင်နှင့် အီတလီဝန်ကြီးချုပ်တို့ ဖုန်းဖြင့် စကားပြောခဲ့ပြီးနောက် ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ရုရှားအစိုးရက ဖော်ပြခဲ့သည်။

အဇော့ဗ်နှင့် ပင်လယ်နက်တို့တွင် ယူကရိန်းဘက်က ပိတ်ထားသော ဆိပ်ကမ်းများမှ  အရပ်သားသင်္ဘောများထွက်ခွာရေးအတွက် လူသားချင်းစာနာမှုလမ်းကြောင်းကို နေ့စဉ်ဖွင့်ပေးခြင်းအပါအဝင် ရေကြောင်း သွားလာမှုဘေးကင်းစေရန် ချမှတ်ထားသော အဆင့်များအကြောင်းကိုလည်း ပူတင်က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြခဲ့သည်။

ကမ္ဘာ့စျေးကွက်၌ စားနပ်ရိက္ခာရရှိမှု အပိုင်းနှင့်ပတ်သက်၍ ပေါ်ပေါက်လာသော ပြဿနာများအတွက် ရုရှားကို အပြစ်တင်နေသည့် စွပ်စွဲချက်များကို အခြေအမြစ်မရှိဟု ပူတင်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ပူတင်၏ ကမ်းလှမ်းချက်ကို သရော်ခဲ့သည်။

“အခုတော့ သူတို့က စီးပွားရေးဆိုင်တဲ့ တန်ဆာပလာတွေကို လက်နက်တွေအဖြစ် အသုံးပြုနေပါတယ်။ သူတို့ဟာ စားနပ်ရိက္ခာတွေကို လက်နက်လို လုပ်နေတာဖြစ်ပါတယ်။   သူတို့က အလိမ်အညာတွေနဲ့သတင်းအချက်အလက်တွေအပါအဝင် အခြားအရာအားလုံးကို လက်နက်လိုလုပ်နေတာဆိုတော့ အခု ကမ်းလှမ်းချက်ကို ကျွန်တော်တို့ အံ့အားမသင့်တော့ပါဘူး”ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားသည်။

“ဒီကိစ္စကို ဘယ်လို  အကောင်းဆုံးဖြေရှင်းမလဲဆိုတာနဲ့ပတ်သက်ပြီး အမေရိကန် အစိုးရဟာ နိုင်ငံတကာမိတ်ဖက်နိုင်ငံတွေ၊ မဟာမိတ်တွေနဲ့ဆွေးနွေးတာတွေ လုပ်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ပူတင်နှင့် ဖုန်းစကားပြောရသည့်ရည်ရွယ်ချက်မှာ ယူကရိန်းဂိုဒေါင်များတွင် ယခုရှိနေသော ဂျုံများကို ထုတ်ပေးရန် တစ်ခုခု ဆောင်ရွက်နိုင်စေရေးအတွက် မေးမြန်းခြင်း ဖြစ်သည်ဟု အီတလီဝန်ကြီးချုပ်ဒရာဂီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ပင်လယ်နက်ဆိပ်ကမ်းများဖွင့်ပေးရေးကိစ္စကို ရုရှားနှင့် ယူကရိန်း ပူးပေါင်းဆောင်ရွက်ရန် ဒရာဂီက အကြုံပြုခဲ့သည်။ အဆိုပါ ဂျုံများသည် ပုပ်သွားမည့် အန္တရာယ်ရှိနေသည်ဟု အီတလီဝန်ကြီးချုပ်က ပြောကြားခဲ့သည်။                                                   

Most Read

Most Recent