ယူကရိန်းအရှေ့ပိုင်း ဒွန်းဘက်စ်ဒေသ၌ ရုရှားက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသည်ဟု သမ္မတ ဇယ်လန်စကီး စွပ်စွဲပြောကြား

ယူကရိန်းအရှေ့ပိုင်း ဒွန်းဘက်စ်ဒေသ၌ ရုရှားက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသည်ဟု သမ္မတ ဇယ်လန်စကီး စွပ်စွဲပြောကြား
မေလ ၂၆ ရက်တွင် ယူကရိန်းသမ္မတရုံးက ထုတ်ပြန်သောပုံ၌ ဖင်လန်ဝန်ကြီးချုပ်(ဝဲ)နှင့် ဇယ်လန်စကီးတို့ကို တွေ့ရစဉ် (Photo : AFP)
မေလ ၂၆ ရက်တွင် ယူကရိန်းသမ္မတရုံးက ထုတ်ပြန်သောပုံ၌ ဖင်လန်ဝန်ကြီးချုပ်(ဝဲ)နှင့် ဇယ်လန်စကီးတို့ကို တွေ့ရစဉ် (Photo : AFP)
Published 27 May 2022

ရုရှားသည် ဒွန်းဘက်စ်အရှေ့ပိုင်းဒေသတွင် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေသည်ဟု ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးက စွပ်စွဲပြောကြားလိုက်ပြီး အဆိုပါဒေသရှိ ဆီဗာရိုဒိုးနက်စ်မြို့သည် ရုရှားလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံနေရသည်ဟု ဆိုသည်။

ရုပ်သံမှ နေ့စဉ်ထုတ်လွှင့်သောမိန့်ခွန်းတွင် ဇယ်လန်းစကီးက ဒွန်းဘက်စ်ဒေသကို မော်စကို၏ ရက်ရက်စက်စက် ထိုးစစ်ဆင်မှုအား ပြစ်တင်ရှုတ်ချခဲ့သည်။ ရုရှားသည် ယူကရိန်းမြို့တော်ကိယက်ဗ်ကို သိမ်းယူခြင်းမပြုနိုင်ဖြစ်ခဲ့ရပြီးနောက် ၎င်း၏တပ်ဖွဲ့များကို ဒွန်းဘက်စ်အား တိုက်ခိုက်ရန် ပြန်လည်ညွှန် ကြားခဲ့သည်။ ထို့ကြောင့် ရုရှား၏ ဗုံးကြဲတိုက်ခိုက်မှုက အဆိုပါဒေသတစ်ခုလုံးကို လူသူမနေသည့်အနေအထားဖြစ်သွားစေနိုင်သည် ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ပြည်သူတွေကို နှင်ထုတ်တာ၊ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေ အပါအဝင် ဒါတွေ အားလုံးဟာ ရုရှားက လုပ်ဆောင်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားလိုလားသော ခွဲထွက်ရေးအုပ်စုများက ၂၀၁၄ ခုနှစ်ကတည်းက ဒွန်းဘက်စ်ဒေသများကို ထိန်းချုပ်ထားခြင်းဖြစ်ပြီး ယခုအခါ ရုရှားသည် ဒွန်းဘက်စ်ဒေသတစ်ခုလုံးကို ထိန်းချုပ်လိုပုံပေါ်နေသည်။

ကျူးကျော်လာသော တပ်ဖွဲ့များက မဟာဗျူဟာမြောက်တည်ရှိနေသည့် မြို့အချို့ ကို ပိတ်ဆို့ရန် နီးစပ်နေပြီဖြစ်သည်။ မဟာဗျူဟာအရ အရေးပါသော မြို့များဖြစ်သော ဆီဗာရိုဒိုးနက်နှင့် လိုက်ချန့်မြို့တို့သည် ယူကရိန်း အရှေ့ပိုင်းရှိ အုပ်ချုပ်ရေးဌာနဖြစ်သော ခရာမာတော့သို့ပေါက်သည့် အရေးပါသော လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။

အဆိုပါမြို့နှစ်မြို့ တိုက်ခိုက်ခံနေရသည့် အနေအထားတွင် လူသုံးဦးသေဆုံးသွားသည်ဟု ယူကရိန်းဒုတိယကာကွယ်ရေးဝန်ကြီး ဂန်နာမာလ်ယာက သတင်းထောက်များကို ပြောကြားခဲ့ပြီး အရှေ့ပိုင်းက တိုက်ပွဲများသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားကျူးကျော်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးအနေအထားကို ရောက်ရှိနေသည်ဟု ဆိုသည်။

ယူကရိန်းအရှေ့ပိုင်းတွင် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ရုရှားတပ်ဖွဲ့များက အရေးပါသောဆီဗာရိုဒိုးနက်မြို့ကို ၀ိုင်းထားရန် ပိုမိုနီးစပ်လာသည့်အနေအထားတွင် ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲ$ ယူကရိန်းအနိုင်ရစေရေးရန် အကူအညီ အလုံအလောက်မပေးသည့်အတွက်  ဇယ်လန်စကီးက အနောက်နိုင်ငံများကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

အကန့်အသတ်မရှိကူညီရေး အထူးသဖြင့် လက်နက်ကြီးများပို့ပေးရန် အကူအညီ တောင်းနေသည့် ဇယ်လန်စကီးက နယ်မြေများပေးအပ်ရန် ပါဝင်လာနိုင်ငံသည့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုများလုပ်ဆောင်ရန် မကြာသေးခင်ကအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဟင်နရီကစ်ဆင်ဂျာ၏ အကြံပေးမှုကို ဝေဖန်ခဲ့သည်။

ယူကရိန်းအနောက်မြောက်ပိုင်းရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ခါကိဗ်တွင် လက်နက်ကြီးများကြောင့် လူကိုးဦးသေဆုံးခဲ့ကာ ၁၉ ဦး ဒဏ်ရာရခဲ့သည်ဟု ယူကရိန်းတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားသည်။

သို့ရာတွင် ဒွန်းဘက်စ်တွင် တိုက်ပွဲများ အလွန်ပြင်းထန်နေသည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောသည်။          Ref : AFP

Most Read

Most Recent