ပြည်ပအင်အားကြီး နိုင်ငံများ၏ ကြားဝင်စွက်ဖက်မှုကို ဟန့်တားကာကွယ်သွားမည်ဟု ဖိလစ်ပိုင်ရွေးကောက်ခံသမ္မတ မားကို့စ်ဂျူနီယာ ပြောကြား

ပြည်ပအင်အားကြီး နိုင်ငံများ၏ ကြားဝင်စွက်ဖက်မှုကို ဟန့်တားကာကွယ်သွားမည်ဟု ဖိလစ်ပိုင်ရွေးကောက်ခံသမ္မတ မားကို့စ်ဂျူနီယာ ပြောကြား
ဖိလစ်ပိုင်ရွေးကောက်ခံသမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာကို မေ ၂၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ် (Photo : Reuters)
ဖိလစ်ပိုင်ရွေးကောက်ခံသမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာကို မေ ၂၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ် (Photo : Reuters)
Published 26 May 2022
Ref : Reuters

မိမိအနေဖြင့် တိုင်းပြည်ကို အုပ်ချုပ်ရာတွင် ပြည်ပနိုင်ငံများ၏ မည်သို့သော ထိပါးနှောင့်ယှက်မှုကိုမဆို တားဆီးကာကွယ်သွားမည်ဖြစ်ကာ တိုင်းပြည်၏ အချုပ်အခြာအာဏာပိုင် နယ်မြေကို ကာကွယ်ပြီး တောင်တရုတ်ပင်လယ် ဒေသတွင်လည်း တရုတ်၏ ထိပါးရန်စမှု မှန်သမျှကို ရဲဝံ့စွာ ရင်ဆိုင်သွား မည်ဖြစ်ကြောင်း ဖိလစ်ပိုင်ရွေးကောက်ခံ သမ္မတ ဖာဒီနန်မားကို့စ်က မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ယင်းသည် ဇွန် ၃၀ ရက်တွင် သမ္မတတာဝန် စတင်ထမ်းဆောင်မည့် မားကို့စ် ဂျူနီယာအနေဖြင့် တရုတ်နှင့် ဆက်ဆံရေးကို ကိုင်တွယ်သွားမည့် နည်းလမ်းနှင့်ပတ်သက်၍ အပြတ်သားဆုံး မှတ်ချက်ပြုပြောဆိုခဲ့ခြင်း လည်းဖြစ်သည်။ ၎င်းအနေဖြင့် တရုတ်၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ကာ ၂၀၁၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

“အဲဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး တွန့်ဆုတ်နေလို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အလေးအမြတ်ထားရမှာဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လုံးဝအလျှော့ပေးမှာ မဟုတ်ပါဘူး” ဟု ၎င်း၏ Facebook စာမျက်နှာတွင် ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခုတွင် မားကို့စ်က ဆိုသည်။

“ကျွန်တော်တို့ နိုင်ငံဟာ ကိုယ်ပိုင်အစိုး ရတစ်ရပ်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံကို ဘယ်လိုဘယ်ပုံ အုပ်ချုပ်ရမယ်လို့ ကျွန်တော်တို့ကို ဘယ်သူကမှ ပြောပိုင်ခွင့်မရှိပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာ ပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိ သည်။ တောင်တရုတ် ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာ ထရီလျံနှင့်ချီ ရှိနေသည်။

သည်ဟိဂ်မြို့ အခြေစိုက် အနုညာတခုံရုံးက တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ တရုတ်၏ ပြောဆိုချက်များသည် အခြေအမြစ်မရှိဟု ဆုံးဖြတ်ခဲ့သော်လည်း တရုတ်က အဆိုပါ ဆုံးဖြတ်ချက်ကို လက်ခံခြင်းမရှိပေ။

ရာထူးမှ ထွက်ခွာတော့မည့် သမ္မတ ရိုဒရီဂို ဒူတာတေးသည် ၎င်း၏လက်ထက်တွင် အင်အားကြီး အိမ်နီးချင်းဖြစ်သော တရုတ်နှင့်ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် ကြိုးပမ်းခဲ့သည်။

၁၉၈၆ ခုနှစ် လူထုအုံကြွမှုအတွင်း ဖြုတ်ချခံခဲ့ရသည့် အာဏာရှင်သမ္မတဟောင်း ဖာဒီနန် မားကို့စ်၏ သားဖြစ်သူ မားကို့စ် ဂျူနီယာက ဖိလစ်ပိုင်၏ ကျယ်ပြောလှသော ကမ်းရိုးတန်းနှင့် ရေမိုင် ၂၀၀ ရှိသော အထူးစီးပွားရေးဇုန်ကို လုံးဝအထိပါးခံမည် မဟုတ်ဟု ပြောကြားထားသည်။

မေလ ၉ ရက် ဖိလစ်ပိုင် သမ္မတရွေး ကောက်ပွဲတွင် ဆန္ဒမဲအရေအတွက် ၅၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည့် အသက် ၆၄ နှစ်အရွယ် မားကို့စ် ဂျူနီယာ လက်ထက်တွင် တရုတ်နှင့်ရင်းနှီးသည့် ဆက်ဆံရေးကို ထူထောင်သွားမည်ဟူသော ယူဆမှုများရှိနေသည်။ တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဖုန်းပြော ဆိုမှုတွင်လည်း နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ခုအထိ တိုးမြှင့်နိုင်ရန် လုပ်ဆောင်သွားမည်ဟု မားကို့စ်က ကတိပြုခဲ့သည်။ သို့ရာတွင် တရုတ်လိုလားသော ရပ်တည်ချက်သည် အစဉ်အလာအရ မဟာမိတ် ဖြစ်ခဲ့သည့် အမေရိကန် ပြည်ထောင်စုနှင့် ရင်းနှီးသော ဆက်ဆံမှုကို ရှုပ်ထွေးမှုများ ဖြစ်စေနိုင်သည်။ အမေရိကန်သည် ဖိလစ်ပိုင်ကို သံတမန်ရေးနှင့် ကာကွယ်ရေးအရ အဓိက အထောက်အပံ့ပေးနေသည့် နိုင်ငံလည်းဖြစ်သည်။                        

Most Read

Most Recent