မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်ရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်မည်

မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်ရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်မည်
မေ ၂၁ ရက်က ပြုလုပ်သည့် ကိုရီးယားအလုပ်သမားပါတီ ပေါ်လစ်ဗျူရို အစည်းအဝေးတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တွေ့ရစဉ် (Photo : AFP)
မေ ၂၁ ရက်က ပြုလုပ်သည့် ကိုရီးယားအလုပ်သမားပါတီ ပေါ်လစ်ဗျူရို အစည်းအဝေးတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တွေ့ရစဉ် (Photo : AFP)
Published 26 May 2022
Ref : Reuters

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများ ပြန်လည်လုပ်ဆောင်လာသည့်အပေါ် ဒဏ်ခတ်အရေးယူမှုများ တင်းတင်းကျပ်ကျပ် ချမှတ်လုပ်ဆောင်သွားရန် အမေရိကန် ပြည်ထောင်စု၏ တိုက်တွန်းမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မေ ၂၆ ရက်တွင် မဲခွဲဆုံးဖြတ်သွားမည်ဟု သိရသည်။

ဗီတိုအာဏာ သုံးစွဲခွင့်ရှိသော တရုတ်နိုင်ငံကမူ ဒဏ်ခတ်အရေးယူမှုများသည် ပြဿနာ တစ်စုံတစ်ရာကို ဖြေရှင်းနိုင်မည်မဟုတ်ဟု သတိပေးခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အာရှခရီးစဉ်အပြီးတွင် မြောက်ကိုရီးယားက ၎င်း၏ အကြီးဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် ဒုံးကျည်အပါအဝင် ဒုံးကျည်သုံးစင်းကို စမ်းသပ်ခဲ့ပြီး တစ်ရက်အကြာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ယခုမဲခွဲဆုံးဖြတ်မှုကို ပြုလုပ်သွားမည်ဖြစ်သည်။ မေ ၂၅ ရက် ဒုံးကျည်စမ်းသပ်မှုသည် မြောက်ကိုရီးယားက ယခုနှစ်ထဲတွင် အဆက်မပြတ်ပြုလုပ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများစွာထဲမှ တစ်ခုဖြစ်သည်။ လုံခြုံရေးကောင်စီသည် ယင်းကဲ့သို့ စမ်းသပ်မှုများကို ပိတ်ပင်ထား သည်။

ICBM အပါအဝင် ဒုံးကျည်သုံးစင်းကို မကြာသေးမီက လက်နက်စမ်းသပ်မှုများပြုလုပ်ရာတွင် အဓိက စမ်းသပ်ရေးကွင်းအဖြစ် အသုံးပြုခဲ့သော လေယာဉ်ကွင်းတည်ရှိရာ ပြုံယမ်းမြို့တော်ရှိ ဆူနန်ဒေသမှ ပစ်လွှတ်ခဲ့ ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့သည်။

ဆူနန်ဒေသမှ အရှေ့ပင်လယ်ထဲသို့ ဦးတည်ပစ်ခတ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည်များကို ဒေသစံတော်ချိန် နံနက် ၆ နာရီခန့်က ထောက်လှမ်းသိရှိခဲ့သည်ဟု တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က အစီရင်ခံ စာထုတ်ပြန်ခဲ့သည်။ “ICBM လို့ ယူဆရတဲ့ ပထမဆုံးပဲ့ထိန်းဒုံးကျည်ဟာ အမြင့် ၅၄၀ ကီလိုမီတာကနေ အကွာအဝေး ၃၆၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ပါတယ်”ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် လူအမြောက်အများ သေကြေပျက်စီးစေနိုင်သော တရားမဝင် လက်နက်များနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်တို့ကို မြောက်ကိုရီးယား၏ အဆင့်မြှင့်တင်နိုင်စွမ်းကို ထပ်မံထိန်းချုပ်ကန့်သတ်ကာ ဒဏ်ခတ်အရေးယူမှုများ လက်တွေ့အကောင်အထည်ဖော်ရေးကို ထိရောက်စွာ ဆောင်ရွက်ရေးနှင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူများကို မြန်မြန်ဆန်ဆန် ပေးအပ်နိုင်ရေးတို့ ပါဝင်သည်ဟု အမေရိကန် အစိုးရတာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်ကတည်းက ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများ တဖြည်းဖြည်း တိုးမြှင့်ချထားမှုကို ခံခဲ့ရသည်။ ထို့အပြင် လုံခြုံရေးကောင်စီက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်နှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များအတွက် ငွေကြေးစီးဝင်မှုများကို ပိတ်ဆို့ရန်လည်း ကြိုးပမ်းခဲ့သည်။ လုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို အတည်ပြုနိုင်ရန် အဖွဲ့ဝင် ကိုးနိုင်ငံ၏ ထောက်ခံမှုကို လိုအပ်ပြီး ဗီတိုအာဏာ အသုံးပြုခွင့်ရှိသည့် နိုင်ငံငါးနိုင်ငံ၏ ကန့်ကွက်မှုမရှိရန်လည်း လိုအပ်မည်ဖြစ်သည်။ အမေရိကန်က အဆိုပြုထားသော ယခုဆုံးဖြတ်ချက် မူကြမ်းသည် ပြဿနာများကို ပြေလည်စေမည်ဟု မယူဆကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။ 

Most Read

Most Recent