ပစိဖိတ်ကျွန်းနိုင်ငံ ၁၀ နိုင်ငံကိုထိန်းချုပ်ရန် တရုတ်၏ကြိုးပမ်းမှုကို သြစတြေးလျနှင့် အနောက်အင်အားကြီးနို်င်ငံများက သတိပေး

ပစိဖိတ်ကျွန်းနိုင်ငံ ၁၀ နိုင်ငံကိုထိန်းချုပ်ရန် တရုတ်၏ကြိုးပမ်းမှုကို သြစတြေးလျနှင့် အနောက်အင်အားကြီးနို်င်ငံများက သတိပေး
ဆောလ်မွန်အိုင်းလန်းသို့ ဆိုက်ရောက်လာသည့် တရုတ်နို်င်ငံခြားရေးဝန်ကြီး ဝမ်ယိကို မေလ ၂၅ ရက်က တွေ့ရစဉ် (Photo : AFP)
ဆောလ်မွန်အိုင်းလန်းသို့ ဆိုက်ရောက်လာသည့် တရုတ်နို်င်ငံခြားရေးဝန်ကြီး ဝမ်ယိကို မေလ ၂၅ ရက်က တွေ့ရစဉ် (Photo : AFP)
Published 26 May 2022
Ref : AFP

တရုတ်၏ လုံခြုံရေးနှင့် စီးပွားရေးသြဇာကို တောင်ပစိဖိတ်အထိ တိုးချဲ့ရန် ပေါက်ကြားခဲ့သော အစီအမံများနှင့် ပတ်သက်၍ မေလ ၂၆ ရက်တွင် အနောက်အင်အားကြီးနိုင်ငံများက သတိပေးခဲ့ကြသည်။

တရုတ်၏ လုပ်ရပ်မှာ ကျွန်းနိုင်ငံများကို ပေကျင်း၏ နယ်ပယ်အဖြစ် ထိန်းချုပ်ရန် အပေါ်ယံအားဖြင့်ဖုံးကွယ်ထားသော ကြိုးပမ်းမှုဖြစ်သည်ဟု ဒေသဆိုင်ရာခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။

ပစိဖိတ်ကျွန်းနိုင်ငံများက အတည်ပြုမည်ဆိုပါက ကျယ်ပြန့်သော မူကြမ်းသဘောတူညီချက်နှင့် ငါးနှစ်တာ စီမံကိန်းက အမေရိကန်နှင့် မဟာမိတ်များ၏ အကျိုးစီးပွားများအတွက် အရေးပါသည်ဟု ရှုမြင်ထားသော တောင်ပစိဖိတ်ဒေသတွင် တရုတ်ကို ပိုမိုကြီးမားသောလုံခြုံရေးအကျိုးသက်ရောက်မှုများ ရှိလာစေမည်ဖြစ်သည်။ အဆိုပါအစီအမံများကို အေအက်ဖ်ပီသတင်းဌာနက လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပေကျင်းအတွက် ဒေသ၏ အရေးပါမှု မြင့်တက်လာမှုလက္ခဏာအဖြစ် မေလ ၂၆ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် အဆင့်မြင့်အစည်းအဝေးအစပိုင်း၌ ဆောလ်မွန်အိုင်းလန်းကို ဆိုက်ရောက်လာခဲ့သည်။ ဝမ်ယိသည် ရှစ်နိုင်ငံ ပစိဖိတ်ခရီးစဉ်အဖြစ် ဆော်လ်မွန်အိုင်းလန်းသို့ရောက်ရှိလာခြင်းဖြစ်ပြီး  အကျိုးအမြတ်နိုင်ဖွယ်ရာရှိသောကမ်းလှမ်းချက်ကို တင်ပြသွားရန် ရှိနေသည်။

အဆိုပါကမ်းလှမ်းချက်တွင် တရုတ်ထောက်ပံ့မှုအဖြစ် ကျွန်းနိုင်ငံငယ် ၁၀ နိုင်ငံကို အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ပေးအပ်မည့်အစီအစဉ်ပါဝင်နေသည့်အပြင်  တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ၏ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အလားအလာနှင့် တရုတ်၏ လူဦးရေ ၁.၄ ဘီလျံ ရှိသော ကျယ်ပြန့်သည့်စျေးကွက်သို့ ဝင်ရောက်ခွင့်တို့ပါဝင်မည်ဖြစ်သည်။

ထို့အပြင် အဆိုပါသဘောတူညီချက်များကြောင့် တရုတ်အနေဖြင့် ဒေသခံရဲတပ်ဖွဲ့များကို သင်တန်းပေးခွင့်ရရှိမည်ဖြစ်ပြီး ဒေသဆိုင်ရာ ဆိုက်ဘာလုံခြုံရေးတွင် ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံရေးဆိုင်ရာဆက်ဆံရေးများကို တိုးချဲ့ခြင်း၊ ထိရှလွယ်သည့် အဏ္ဏဝါမြေပုံရေးဆွဲခြင်း၊ သဘာဝသယံဇာတများနှင့် ပတ်သက်၍ ပိုမိုကြီးမားသော အခွင့်အလမ်းများရရှိခြင်းတို့ ပါဝင်နေသည်။

ဝမ်ယိသည် မေလ ၃၁ ရက်တွင် ဖီဂျီ၌ ဒေသဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများကို တွေ့ဆုံသည့်အခါ အဆိုပါအစီအစဉ်များကို သဘောတူရန်ရှိနေသည်ဟု ယုံကြည်ရသည်။

“ဒုတိယကမ္ဘာစစ်ကတည်းက သြစတြေးလျက လုံခြုံရေးမိတ်ဖက်အဖြစ်ရွေးချယ်ခံထားရတဲ့ ဒေသမှာ တရုတ်အနေနဲ့သူ့သြဇာကို မြှင့်တင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်” ဟု မေလ ၂၆ ရက်တွင် သြစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘာနက်စ်က ပြောကြားခဲ့သည်။

သြစတြေးလျအနေဖြင့် တု့ံပြန်ရန် လိုအပ်နေသည်ဟု ၎င်းက ပြောကြားခဲ့ပြီး ပစိဖိတ်စေ့စပ်ညှိနှိုင်းမှုများတွင် ခြေတစ်လှမ်း ပိုလှမ်းထားရေးအတွက် အစီအစဉ်များကို ချပြခဲ့သည်။ ကာကွယ်ရေးသင်တန်းများပေးခြင်း၊ ရေကြောင်းလုံခြုံရေးများ ဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် အခြေခံအဆောက်အအုံများတည် ဆောက်ရေးတို့အတွက် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ထပ်မံသုံးစွဲသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent