ရုရှားက အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် Facebook စီအီးအို မာ့ခ် ဇူကာဘက် အပါအဝင် နာမည်ကြီး အမေရိကန်နိုင်ငံသားများကို ပြည်ဝင်ခွင့် ပိတ်ပင်

ရုရှားက အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် Facebook စီအီးအို မာ့ခ် ဇူကာဘက် အပါအဝင် နာမည်ကြီး အမေရိကန်နိုင်ငံသားများကို ပြည်ဝင်ခွင့် ပိတ်ပင်
Photo:AFP ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် သမ္မတရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးမှုတစ်ခုတွင် ဘိုင်ဒင်အား တွေ့ရစဉ်
Photo:AFP ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် သမ္မတရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးမှုတစ်ခုတွင် ဘိုင်ဒင်အား တွေ့ရစဉ်
Published 22 May 2022

ရုရှားက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၊ Facebook စီအီးအို မာ့ခ်ဇူကာဘက်နှင့် ဟောလီးဝုဒ်သရုပ်ဆောင် မော်ဂန်ဖရီးမန်း တို့အပါအဝင် နာမည်ကြီး အမေရိကန်နိုင်ငံ သား ၉၆၃ ဦးကို ပြည်ဝင်ခွင့်ပိတ်ပင်ကြောင်း မေ ၂၁ ရက်က ထုတ်ပြန်ခဲ့ပြီး ယင်းသည် ယူကရိန်းပဋိပက္ခဖြစ်ပွားခဲ့ချိန်က အမေရိကန်၏ အလားတူ ပိတ်ပင်မှုကို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ပြည်ဝင်ခွင့်ပိတ်ပင်သည့်စာရင်းတွင် အမေရိကန် အစိုးရအရာရှိများ၊ လွှတ်တော်အမတ်များနှင့် အခြား ထိပ်သီးပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်။

ရုရှားအစိုးရသည် ဂျိုးဘိုင်ဒင်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၊ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် နှင့် ဇူကာဘက်တို့ကို ယခင်ကတည်းက ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခင်က ရုရှားအာဏာပိုင်များ၏ ပစမှတ်ထားခြင်းမခံခဲ့ရသည့် ဖရီးမန်းသည် ၂၀၁၇ ခုနှစ်က ဗီဒီယိုတစ်ခုထဲတွင် ရုရှားက အမေရိကန်ကို ဆန့်ကျင်ရန် လျှို့ဝှက်ကြံစည်နေကြောင်း ပြောကြားခဲ့သည်ဟု ရုရှားက စွပ်စွဲခဲ့သည်။

“ရုရှားရဲ့ ပိတ်ဆို့မှုတန်ပြန်ရေးတွေဟာ လိုအပ်လို့လုပ်ရတာဖြစ်ပြီး ပထဝီနိုင်ငံရေး အရှိတရားအခြေအနေသစ်တွေကို အသိအမှတ်ပြုရေးနဲ့ သူ့ရဲ့ အခြေအနေကို ပြောင်းလဲဖို့ ကမ္ဘာပေါ်မှာ ကိုလိုနီလက်သစ်ဖွဲ့စည်းပုံစနစ်ကို ပြဋ္ဌာန်းဖို့ကြိုးပမ်းနေတဲ့ အမေရိကန်ကို ထိန်းချုပ်ကန့်သတ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ရုရှားအစိုးရအနေဖြင့် ရိုးသားပွင့်လင်းသည့် ဆွေးနွေးမှုကိုပြုလုပ်ရန် လမ်းဖွင့်ထား ဆဲဖြစ်ပြီး အမေရိကန်ပြည်သူများနှင့် ရုရှား မုန်းတီးရေးကို သွေးထိုးလှုံ့ဆော်နေသည့် အာဏာပိုင်များကို သီးခြားစီသဘောထားကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားခဲ့ချိန် ကတည်းက ရုရှားသည် ရာနှင့်ချီသည့် အနောက်နိုင်ငံသားများကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်။ ထို့ပြင် မေ ၂၁ ရက်နေ့မှာပင် ကနေ ဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုး၏ ဇနီးဖြစ်သူ ဆိုဇီထရူဒိုးအပါအဝင် ကနေဒါနိုင်ငံသား ၂၆ ဦးကိုလည်း ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်။

ပြီးခဲ့သည့်လကလည်း ရုရှားအစိုးရသည် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၊ နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်စ်နှင့် ဗြိတိန် အစိုးရအဖွဲ့ဝင် ၂၈၇ ဦးကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်။ယင်းအချိန်က ဘောရစ်ဂျွန်ဆင်သည် ရုရှား၏ ပိတ်ပင်သည့်စာရင်းထဲတွင် ပါဝင်ခဲ့သူများအနေဖြင့် ဂုဏ်ယူသင့်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ယူကရိန်းနိုင်ငံ၌တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ရုရှားတပ်များသည် ယူကရိန်းအရှေ့ပိုင်း ရှိ ခွဲထွက်နယ်မြေဖြစ်သော လူဟန့်စ်ဒေသကို အလုံးစုံထိန်းချုပ်နိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း ရုရှားကာကွယ် ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူက မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ယင်းဒေသမှ ရုရှားစကား ပြောသည့် လူထုကို ကာကွယ်မှုဟု ခေါင်းစဉ် တပ်ကာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် အဓိကအားဖြင့် ခွဲထွက်နယ်မြေများဖြစ်သည့် လူဟန့်စ်နှင့် ဒိုးနက် အပါအဝင် ယူကရိန်းသို့ စစ်တပ်များ စေလွှတ်ခဲ့သည်။                           

Most Read

Most Recent