ခရိုင်များ တိုးချဲ့ဖွဲ့စည်းထားသော်လည်း PR စနစ်ကျင့်သုံးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွှတ်တော်များဖွဲ့စည်းခြင်း ကိုယ်စားလှယ်ဦးရေအတိုင်းသာ ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း UEC အဖွဲ့ဝင် ပြောကြား

ခရိုင်များ တိုးချဲ့ဖွဲ့စည်းထားသော်လည်း PR စနစ်ကျင့်သုံးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွှတ်တော်များဖွဲ့စည်းခြင်း ကိုယ်စားလှယ်ဦးရေအတိုင်းသာ ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း UEC အဖွဲ့ဝင် ပြောကြား
Published 21 May 2022

ခရိုင်များ တိုးချဲ့ဖွဲ့စည်းထားသော်လည်း အချိုးကျကိုယ်စားပြုစနစ်(PR)ကျင့်သုံးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြည်သူ့လွှတ်တော် ဖွဲ့စည်းခြင်း၊ အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်းနှင့်တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်းများတွင ်သတ်မှတ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေအတိုင်းသာ ရွေးကောက် တင်မြှောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

မေ ၁၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၌ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ခရိုင်များ တိုးချဲ့ဖွဲ့စည်းထားခြင်းကြောင့် PR စနစ် ကျင့်သုံးရာတွင် ကိုယ်စားလှယ်ဦးရေ ရွေးကောက်တင် မြှောက်ရေးကိစ္စနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင်ဦးခင်မောင်ဦးက အထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ ခရိုင်တွေပေါ့။ မူလ ၇၅ ခရိုင်ကနေမှ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊အုပ်ချုပ်ရေး၊စီးပွားရေး၊ လူမှုရေး၊ ဒီတိုးတက်မှု အခြေအနေအရသော်လည်းကောင်း၊ အုပ်ချုပ်မှုကိစ္စနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အဆင်ပြေဖို့ကိစ္စအတွက် လည်းကောင်း၊ နောက်ထပ် ၄၆ ခရိုင် တိုးပါတယ်။ အားလုံး ၁၁၁ ခရိုင် ရှိပါတယ်။ ဒီခရိုင်တွေ တိုးတက်လာတဲ့အခါမှာလည်း ကျွန်တော်တို့က PR စနစ်ကို ကျင့်သုံးတဲ့ အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်း၊ အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ဖွဲ့ စည်းခြင်းမှာ ဦးရေတွေရှိပါတယ်။ ၃၃၀ တို့၊ ၁၆၈ တို့၊ နောက်တစ်မြို့နယ်မှာ နှစ်ဦးစီပေါ့၊ ဒီ သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်တဲ့ ကိုယ်စားလှယ်ဦးရေအတိုင်းပဲ ကျွန်တော်တို့က ရွေးကောက်တင်မြှောက်မှာ ဖြစ်ပါတယ်”ဟု ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

အထက်ပါကဲ့သို့ ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၉ ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ တို့အရ မဲဆန္ဒနယ် သတ်မှတ်ခြင်းနှင့် ရွေးကောက်ပွဲကျင်းပရေးသည် ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်ကြောင်း ဦးခင်မောင်ဦးက ပြောကြား သည်။

ဦးခင်မောင်ဦးက “PRနဲ့FPTP အဓိက ခြားနားချက်က FPTP သည် တစ်ဦးတည်း ရွေးပါတယ်။ မဲအများဆုံး တစ်ယောက်ပဲ ရပါတယ်။ အဲတော့ သူက မဲဆန္ဒနယ်က တစ်ဦးကို တစ်နယ်ဖြစ်ပါတယ်။ တစ်ယောက်ရွေးဖို့ တစ်နယ်ဖြစ်ပါတယ်။ အဲတော့ရရှိတဲ့ ရာခိုင် နှုန်း ၃၀ နဲ့ပဲ နိုင်နိုင် ကျန်တဲ့လူတွေက ၂၀၊ ၁၀ နဲ့ ၇၀ ကျန်ကျန်၊ ၃၀ ရတဲ့သူက နိုင်ပါတယ်။ အဲတော့ ၃၀ နဲ့ အားလုံးယူသွားပါတယ်။ ကျန်တဲ့ ၇၀ ၊သူက ၃၀ နဲ့နိုင်ပေမယ့်၊ ၇၀ ကို ပေးတဲ့မဲတွေရော၊ ၇၀ ရတဲ့ ပါတီတွေရော အခွင့်အရေး လုံးဝမရပါဘူး၊ ဆုံးရှုံးပါတယ်။ PR စနစ်ကျတော့ မဲဆန္ဒနယ် ကျယ်ပြန့်စွာ သတ်မှတ်ပါတယ်။ ကျယ်ပြန့်စွာသတ်မှတ်ပြီး တော့မှ တစ်ယောက်သည် ၅၀ ရတယ်၊ တစ်ယောက်သည် ၄၀ ရတယ်၊ တစ်ယောက်သည် ၃၀ ရတယ်၊ တစ်ယောက်သည် ၂၀ ရတယ်၊ တစ်ယောက်သည် ၁၀ ရတယ်ဆိုရင် (၁၀)ယောက်ကို PR ကျယ်ပြန့်စွာသတ်မှတ်ပြီး လူ(၁၀)ယောက်ရွေးတဲ့အခါမှာ ၄၀ ရတဲ့သူက အချိုးအရလေးယောက်ရမယ်၊ ၃၀ ရာခိုင်နှုန်းရတဲ့သူက သုံးယောက်ရမယ်၊ ၂၀ ရာခိုင်နှုန်း ရတဲ့သူက နှစ်ယောက်ရမယ်၊ ၁၀ ရာခိုင်နှုန်းသော မဲရတဲ့သူက တစ်ယောက် ရမယ်။ပေးတဲ့မဲအတိုင်းအဟောသိကံ မဖြစ်ဘဲနဲ့ရရှိတဲ့ဆန္ဒမဲအတိုင်း အချိုးကျရတာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ယင်းအခြေအနေများကြောင့် တိုင်းရင်းသားများ၊ လူနည်းစုပါတီများ အားလုံးအတွက် အခွင့်အရေးညီမျှသည့် ရွေးကောက်ပွဲစနစ် ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံနှင့်လည်း ကိုက်ညီသည့်အပြင်ပါတီအားလုံးကလည်း သဘောတူထားကြောင်းဦးခင်မောင်ဦးက ပြော ကြားသည်။

“ကျွန်တော်တို့ မဲဆန္ဒနယ်သတ်မှတ်ခြင်းတွေ၊ စနစ်တကျ ခုနကမေးတဲ့ခရိုင်တွေ ဖွဲ့စည်းမှုက မဲဆန္ဒနယ်သတ်မှတ်မှုမှာတော့ ဆက်စပ်မှုရှိပါတယ်။မဲဆန္ဒနယ်တွေ သတ်မှတ်တဲ့အခါမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုရင်တော့ မဲဆန္ဒနယ်တွေ သတ်မှတ်ပေးရပါမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကတော့ တစ်မြို့ နယ်ကို မဲဆန္ဒနယ် တစ်နယ်သတ်မှတ်ပြီးတော့ နှစ်ယောက်ကို PR စနစ်နဲ့ ရွေးလို့ရပါတယ်။ ဒါကတော့ရှင်းတယ်။ ကျန်တဲ့ဟာတွေကျတော့ ဘယ်လိုဖြစ်မလဲဆိုရင်သူ့ရဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွေခွဲဝေတဲ့အခါမှာ ဒီတိုင်း ဒေသကြီးနဲ့ပြည်နယ်ရဲ့ပထဝီဝင်အနေ အထား၊ နောက် နေထိုင်တဲ့လူမျိုးစုတွေ၊ ပြီးရင် အုပ်ချုပ်မှုအရဆက်သွယ်သွားလာမှု၊ လမ်းပန်းဆက်သွယ်မှုအနေအထား၊ လူဦးရေ ထူထပ်မှု၊ ဒါတွေကို မူတည်ပြီးမှ အားလုံးအတွက် ညီညွတ်မျှတအောင် အကျယ်အဝန်းသတ်မှတ်ပြီး အဲဒီအကျယ်အဝန်း၊ သတ်မှတ်တဲ့ မဲဆန္ဒနယ်မှာ ရွေးကောက်တင်မြှောက်မယ့် ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပါမယ်။ သတ်မှတ်ပြီးမှ PR စနစ်ကို အသုံးပြုပြီးမှ လွှတ်တော်သုံးရပ်လုံးအတွက်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်” ဟု ဦးခင်မောင်ဦးက ပြော ကြားသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတို့ အတွက် အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ်နေရာခြောက်ခုရှိပြီး ယင်းကိုယ်စားလှယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ အတွက် တစ်ဦးစီသာ ရွေးရခြင်းကြောင့် FPTP စနစ်ကိုသာ ကျင့်သုံးမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များတွင် သတ်မှတ်ထားသော တိုင်းရင်းသား လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်များသည်လည်း တစ်ဦးစီသာ ရွေးချယ်ရခြင်းကြောင့် FPTP စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဦးက ပြောကြားသည်။

ထို့ပြင် PR  စနစ်နှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်မှ စာတမ်းများ ပြုစုထားပြီး ဥပဒေကြောင်းအရလည်း တင်ပြထားဆဲဖြစ်ကြောင်းနှင့် ဥပဒေကြောင်းအရ တရားဝင်ထွက်ရှိလာအောင် စောင့်ဆိုင်းရဦးမည် ဖြစ်ကြောင်းလည်း ဦးခင်မောင်ဦးက ပြောကြားသည်။

Most Read

Most Recent