ယူကရိန်းအရှေ့ပိုင်း ခွဲထွက်နယ်မြေ တစ်ခုဖြစ်သော လူဟန့်စ်ဒေသကို အလုံးစုံထိန်းချုပ်နိုင်ရန် နီးစပ်နေပြီဟု ရုရှား ပြောကြား

ယူကရိန်းအရှေ့ပိုင်း ခွဲထွက်နယ်မြေ တစ်ခုဖြစ်သော လူဟန့်စ်ဒေသကို အလုံးစုံထိန်းချုပ်နိုင်ရန် နီးစပ်နေပြီဟု ရုရှား ပြောကြား
၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်က မော်စကိုမြို့တွင် ပြုလုပ်သည့် အစည်းအဝေး တစ်ခုသို့ တက်ရောက်လာသည့် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂူကို တွေ့ရစဉ် (Photo : AFP)
၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်က မော်စကိုမြို့တွင် ပြုလုပ်သည့် အစည်းအဝေး တစ်ခုသို့ တက်ရောက်လာသည့် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂူကို တွေ့ရစဉ် (Photo : AFP)
Published 21 May 2022
Ref : AFP

ရုရှားတပ်များသည် ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်နယ်မြေဖြစ်သော လူဟန့်စ်ဒေသကို အလုံးစုံထိန်းချုပ်နိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူက မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

၎င်းဒေသမှ ရုရှားစကားပြောလူထုကို ကာကွယ်မှုဟု ခေါင်းစဉ်တပ်ကာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် အဓိကအားဖြင့် ခွဲထွက်နယ်မြေများဖြစ်သည့် လူဟန့်စ်နှင့် ဒိုးနက် အပါအဝင် ယူကရိန်းသို့ စစ်တပ်များ စေလွှတ်ခဲ့သည်။

ရုရှားက စစ်ဆင်ရေး မစတင်မီတွင် အဆိုပါ ခွဲထွက်ရေး ဒေသနှစ်ခုကို လွတ်လပ်သော သမ္မတနိုင်ငံများအဖြစ် အသိအမှတ်ပြုခဲ့သည်။

“လူဟန့်စ် ပြည်သူ့သမ္မတနိုင်ငံ လွတ်မြောက်ရေး ပြီးမြောက်အောင်မြင်ဖို့ နီးစပ်နေပါပြီ” ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူက ရုပ်သံမှထုတ်လွှင့်သော ဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယူကရိန်း ဆိပ်ကမ်းမြို့ မာရီယူပိုးလ်ရှိ ပိတ်ဆို့ခံ Azovstal သံမဏိစက်ရုံထဲမှ ယူကရိန်းစစ်သား ၁,၉၀၈ ဦး လက်နက်ချအညံ့ခံခဲ့သည်ဟုလည်း ၎င်းက သီးခြားပြောဆိုခဲ့သည်။

ယူကရိန်း အရှေ့တောင်ပိုင်းရှိ မဟာဗျူဟာ အချက်အချာကျသော မာရီယူပိုးလ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီဟု ရုရှားက ဧပြီလနှောင်းပိုင်းတွင် အခိုင်အမာ ပြောကြားခဲ့ပြီးနောက်ဆုံးကျန်ရှိနေသော ယူကရိန်း တပ်ဖွဲ့ဝင်များသည်လည်း သံမဏိစက်ရုံကြီးထဲတွင် ပိတ်မိနေသည်ဟု ရုရှားက ပြောဆိုခဲ့သည်။

မေလအစောပိုင်းက ယူကရိန်းအာဏာပိုင်များသည် မဟာဗျူဟာကျသော ပင်လယ်နက်ထဲရှိ မြွေကျွန်းကို ပြန်လည်သိမ်းယူရန် ကြိုးပမ်းခဲ့သည်ဟုလည်း ရုရှားကာကွယ်ရေးဝန်ကြီးက ဆိုသည်။ အဆိုပါကျွန်းကို ရုရှားတပ်များက စစ်ပွဲအစောပိုင်းကာလတွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။

“စဉ်းစားစရာဖြစ်တဲ့ အဲဒီလုပ်ရပ်ဟာ လုံးလုံးလျားလျား ကျရှုံးခဲ့ပါတယ်” ဟုလည်း ရွှိုင်ဂူက ပြောကြားခဲ့သည်။ စစ်ပွဲအစပိုင်းတွင် ရုရှားစစ်သင်္ဘောကြီး မော့စ်ဗာက မြွေကျွန်းရှိ ယူကရိန်းစစ်သားများကို လက်နက်ချရန် တိုက်တွန်းမှုကို ယူကရိန်းဘက်က ခါးခါးသီးသီး ငြင်းဆန်ခဲ့ပြီးနောက် အဆိုပါကျွန်းသည် ယူကရိန်းတို့၏ ခုခံစစ် အမှတ်သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။

ရုရှားစစ်သင်္ဘောကြီး မော့စ်ဗာသည် ဧပြီလလယ်က ပင်လယ်နက်ထဲတွင် နစ်မြုပ်သွားခဲ့ပြီး ရုရှားဘက်က သင်္ဘောပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားပြီး ယူကရိန်းနှင့် အမေရိကန်တို့ကမူ ဒုံးကျည်ထိမှန်မှုကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

နေတိုးမဟာမိတ်အဖွဲ့၏ အင်အားချဲ့ထွင်မှုကို တုံ့ပြန်သည့်အနေဖြင့် ရုရှားအနောက်ပိုင်းတွင် စစ်အခြေစိုက် စခန်းအသစ်များ ထားရှိသွားမည်ဟုလည်း ရုရှားကာကွယ်ရေးဝန်ကြီးက မေ ၂၀ ရက်တွင်  ပြောကြားခဲ့သည်။

“အခုနှစ်ကုန်ပိုင်းမှာ ရုရှားရဲ့ အနောက်ပိုင်းစစ်ဒေသမှာ စစ်ဌာနနဲ့ တပ်မ ၁၂ ခုကို ဖွဲ့စည်းသွားမှာပါ” ဟု ၎င်းက ပြောကြားသည်။ ထို့အပြင် ရုရှားစစ်တပ်အနေဖြင့် စစ်ဘက်အသုံးအဆောင်နှင့် စစ်လက်နက် ယူနစ်နှစ်ထောင်ကျော်ကို လက်ခံရရှိမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ရုရှားက ယူကရိန်းကို စစ်ပွဲဆင်နွှဲမှု အပေါ် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့က အကြီးအကျယ် တုန်လှုပ်လျက်ရှိသည်။ သို့ဖြစ်ရာ ဆယ်စုနှစ်များစွာတိုင်အောင် စစ်ရေးမဟာမိတ် ပြုခဲ့ခြင်းမရှိသည့် ဆွီဒင်နှင့် ဖင်လန်တို့သည် ရုရှားက သတိပေးနေသည့်ကြား၌ပင် နေတိုးမဟာမိတ် အဖွဲ့ထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ 

Most Read

Most Recent