မုန်တိုင်းငယ် တိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်ရှိ အရက်ချက်စက်ရုံခေါင်းတိုင် ပြိုကျသဖြင့် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ

မုန်တိုင်းငယ် တိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်ရှိ အရက်ချက်စက်ရုံခေါင်းတိုင် ပြိုကျသဖြင့် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ
​​​​​​​ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်ရန်ပြင်ဆင်နေစဉ်(ဓာတ်ပုံ-အေးမြကြည်လင်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့)
​​​​​​​ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်ရန်ပြင်ဆင်နေစဉ်(ဓာတ်ပုံ-အေးမြကြည်လင်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့)
Published 21 May 2022
ဘိုဘိုမြင့်

မေလ ၂၀ ရက်က မုန်တိုင်းငယ်တိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်ရှိ အရက်ချက်စက်ရုံခေါင်းတိုင် ပြိုကျသဖြင့် အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့(မေလ ၂၀ ရက်) မွန်းလွဲ ၂ နာရီ ဝန်းကျင်အချိန်က မုန်တိုင်းအရှိန်နဲ့အဲ့ဒီ မုပွန် အရက်ချက်စက်ရုံက ခေါင်းတိုင်လဲကျခဲ့တာ ပါ။ အဲ့ဒီအချိန်မှာ အမျိုးသားနှစ်ဦက အောက် မှာရှိနေတော့ ထိသွားတာပါ။  တစ်ဦးက ဦးခေါင်းဒဏ်ရာအပြင်းအထန်ရသွားတယ်။ နောက်တစ်ဦးက အခြေအနေသိပ်မဆိုးဘူး ပေါ့။ ဦးခေါင်းဒဏ်ရာရရှိသွားတဲ့အမျိုးသား က ဆေးရုံကိုပို့တဲ့အချိန်မှာ  သေဆုံးသွားတာ ပါ။ သူတို့ အဲ့ဒီမုပွန်အရက်ချက်စက်ရုံဝင်း ထဲမှာနေထိုင်ကြတဲ့သူတွေလို့ သိရပါတယ်” ဟု မော်လမြိုင်မြို့ရှိ ပရဟိတအရေးပေါ်လူ မှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့အပြင် ယမန်နေ့ကတိုက်ခတ်ခဲ့သည့် မုန်တိုင်းငယ်ကြောင့် မော်လမြိုင်မြို့၌ မိုး သည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်းများ ဖြစ်ပွားခဲ့ပြီး လူနေအိမ် များ အမိုးလန်ပျက်စီးခြင်း၊ သစ်ပင်ကြီးများလဲပြိုခြင်းများဖြစ်ပွားခဲ့သည်။

“မနေ့က မုန်တိုင်းအရှိန်ကြောင့် သာယာအေး ရပ်ကွက်နဲ့ ဇေယျာသီရိရပ်ကွက် ထဲက အိမ်ထောင်စုပေါင်း ၃၆ စု၊ လူဦးရေက ၁၅၀ လောက်ကို ခေတ္တနေထိုင်လို့ရမယ့် နေ ရာကို ရွှေ့ပြောင်းပေးထားပါတယ်။ လော လော ဆယ်သူတို့ စားရေးသောက်ရေးအတွက် ကို စီစဉ်ဆောင်ရွက်ပေးနေပါတယ်” ဟု မုန်တိုင်းဘေးသင့်ပြည်သူများအား ကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြား သည်။

၎င်းကဆက်လက်ပြီး “အိမ်တွေက ကျူးအိမ်တွေပါ။ ပြိုကျပျက်စီးတာမျိုးတော့ မရှိ ပေမယ့် အမိုးတွေပျက်စီးကုန်တော့ နေထိုင် လို့ မရတော့တဲ့ အခြေအနေမျိုးဖြစ်သွားလို့ပါ” ဟုပြောကြားသည်။

မေလ ၂၀ ရက်က မော်လမြိုင်မြို့အနီး မှ ဖြတ်ကျော်တိုက်ခတ်သွားသည့် မုန်တိုင်းငယ် ကြောင့် မော်လမြိုင်မြို့အနှံ့တွင် သစ်ပင်ကြီးများလဲပြိုခြင်း၊ နေအိမ်များအမိုး လန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ကြောင်း၊ ထို့ အတူ သံဖြူဇရပ်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ပေါင်မြို့နယ် နှင့် သထုံမြို့နယ်အတွင်း၌လည်း မုန်တိုင်း အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းများတိုက်ခတ်ခဲ့သည့်အတွက် နေ အိမ်များ အမိုးလန်ပျက်စီးခြင်း၊ သစ်ပင် ကြီးများလဲပြိုခြင်း၊ နေအိမ်နှင့် စျေးဆိုင်ခန်းတချို့ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း နှင့် ပျက်စီးမှုများအား မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ ပရဟိတအရေးပေါ် လူမှုကူညီ ကယ်ဆယ်ရေးအသင်းများ နှင့် ပြည်သူများပူး ပေါင်းကာ ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ကြ ကြောင်း သိရသည်။        

 

Most Read

Most Recent