၂၀၂၁ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ထိုင်းနှင့် ဗီယက်နမ်၊ တတိယနေလုပွဲအဖြစ် မြန်မာနှင့် ဖိလစ်ပိုင်တို့ ယနေ့ယှဉ်ပြိုင်မည်

၂၀၂၁ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ထိုင်းနှင့် ဗီယက်နမ်၊ တတိယနေလုပွဲအဖြစ် မြန်မာနှင့် ဖိလစ်ပိုင်တို့ ယနေ့ယှဉ်ပြိုင်မည်
Photo: MFF
Photo: MFF
Published 21 May 2022

 

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ထိုင်းအမျိုးသမီးအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အမျိုးအသင်း၊ တတိယနေရာလုပွဲအဖြစ် မြန်မာအမျိုးသမီး အသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့  ယနေ့ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။ 

ထိုင်းအမျိုးသမီးအသင်းနှင့် ဗီယက်နမ် အမျိုးသမီးအသင်းတို့၏ဗိုလ်လုပွဲစဉ်အား ညနေ ၆ နာရီ မိနစ် ၃၀ တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ခုနစ်ကြိမ်မြောက် ဗိုလ်လုပွဲတွင် တွေ့ဆုံမှုဖြစ်ကြောင်း သိရသည်။  ပြီးခဲ့သည့် ခြောက်ကြိမ်တွေ့ဆုံမှုတွင် ဗီယက်နမ်အမျိုးသမီးအသင်းက ငါးကြိမ် ဗိုလ်စွဲထားပြီး ထိုင်းအမျိုးသမီးအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။ 

တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည့် မြန်မာအမျိုးသမီးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့၏ပွဲစဉ်ကို မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ မိနစ် ၃၀ ၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စုတွင်းပြိုင်ဘက်များအဖြစ် အုပ်စု (ခ) တွင် ထိုင်း၊ လာအို၊ စင်ကာပူအသင်းတို့နှင့် ကျရောက်ခဲ့သည်။ အုပ်စုတွင်း သုံးပွဲယှဉ်ပြိုင် ကစားခဲ့ရာ ထိုင်းအသင်းကို သရေ၊ စင်ကာပူ အသင်းနှင့် လာအိုအသင်းတို့ကို အနိုင်ရခဲ့ပြီး ထိုင်းအသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက် ကြောင့် အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ 

ဆီမီးဖိုင်နယ်တွင် အုပ်စု (က) မှ ပထမရခဲ့သည့် အိမ်ရှင် ဗီယက်နမ်အသင်းနှင့် တွေ့ ဆုံခဲ့ပြီး ရှုံးနိမ့်ခဲ့သောကြောင့် ဖိလစ်ပိုင် အသင်းနှင့် တတိယနေရာလုပွဲ (ကြေးဆု) အတွက် ယှဉ်ပြိုင်ကစားရခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာလက်ရွေးစင်အမျိုးသမီး အသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့ သည် ဆီးဂိမ်းစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တတိယ နေရာလုပွဲတွင် စတုတ္ထအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့် သုံးကြိမ်တွင် မြန်မာအမျိုးသမီးအသင်းက သုံးကြိမ်စလုံး အနိုင်ရထားသည်။ 

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နှင့် ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့သည် ဆီး ဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံး နှစ်ကြိမ်တွင်လည်း ယခုကဲ့သို့ တတိယနေရာလုပွဲတွင်ပင် တွေ့ဆုံခဲ့ပြီး မြန်မာအမျိုးသမီးအသင်းက အကြိတ်အနယ်ကစားကာ အနိုင်ရရှိထားသည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ယခုတွေ့ဆုံမှု တွင် ဖိလစ်ပိုင်အသင်းကို အနိုင်ရခဲ့မည်ဆိုပါက ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကို (၈) ကြိမ်မြောက် ဆွတ်ခူးနိုင်မည်ဖြစ်သည်။

Most Read

Most Recent