e-ID စနစ် အကောင်အထည်ဖော်နိုင်ရေး ဦးစီးဌာနဖွဲ့စည်းမှုနှင့် လိုအပ်သောဝန်ထမ်းများခန့်အပ် တာဝန်ပေးမှုတို့ကိုဆောင်ရွက်ပြီး အဆောက်အအုံဆောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

e-ID စနစ် အကောင်အထည်ဖော်နိုင်ရေး ဦးစီးဌာနဖွဲ့စည်းမှုနှင့် လိုအပ်သောဝန်ထမ်းများခန့်အပ် တာဝန်ပေးမှုတို့ကိုဆောင်ရွက်ပြီး အဆောက်အအုံဆောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 8 May 2022

e-ID စနစ် အကောင်အထည် ဖော်နိုင်ရေးဦးစီးဌာနဖွဲ့စည်းမှုနှင့် လိုအပ်သော ဝန်ထမ်းများ ခန့်အပ်တာဝန်ပေးမှုတို့ကို ဆောင်ရွက်ပြီး အဆောက်အအုံ ဆောက်လုပ်နိုင်ရေး အတွက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် e-ID စနစ်အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကို မေ ၆ ရက် က နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးခင်ရီ တက်ရောက်ခဲ့သည်။

e-Government စနစ်၏ အခြေခံ အကျဆုံးဖြစ်သည့် e-ID စနစ်လုပ်ငန်းကို မိမိတို့ ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းစနစ်လုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီးဝန်ကြီးဌာန၊ အဖွဲ့အစည်းအားလုံးမှဝိုင်းဝန်းကူညီ ဆောင်ရွက်မှသာအောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားသည်။

ထို့ပြင်e-ID စနစ်လုပ်ငန်းအား ပြီးခဲ့သည့် ဧပြီ ၁ ရက်မှ စတင်ဆောင်ရွက်သည် ဆိုသော်လည်း ယခင်ကတည်းက အောက်ခြေ အဆင့်လုပ်ငန်းများကို အဆင်ဆင့်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ e-ID စနစ်အကောင် အထည်ဖော်နိုင်ရေး အတွက်ဦးစီးဌာနဖွဲ့စည်းမှုနှင့်လိုအပ်သော ဝန်ထမ်းများခန့်အပ် တာဝန်ပေးမှုတို့ကို ဆောင်ရွက်ပြီး အဆောက်အဦ ဆောက်လုပ်နိုင်ရေးအတွက်လည်း စီစဉ် ဆောင်ရွက်လျက် ရှိပြီး လုပ်ငန်းဆိုင်ရာလိုအပ်သည့်အဖွဲ့များ ဖွဲ့စည်း၍ ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊  e-ID စနစ်ကို Unit-ID ကောက်ယူခြင်းနှင့် National ID ဆောင်ရွက်ခြင်းဆိုသည့် အပိုင်း(၂)ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ Unit-ID ကောက်ယူရာတွင် ယခုကာလအတွင်း နယ်မြေလုံခြုံရေး အခြေအနေ၊ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များအပေါ်မူတည်၍ မြို့နယ်(၈၁)မြို့နယ်ကို ရွေးချယ်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း   ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့အတူ လက်ရှိအခြေအနေတွင် မိမိတို့ဌာနမှ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ နိုင်ငံသား ကတ်ထုတ်ပေးသည့် မှတ်ပုံတင်စာရင်း (နိုင်-၄) မှတ်တမ်းများကို ကွန်ပျူ တာများဖြင့် Excel Format ရိုက်သွင်းကာ နေပြည်တော်ရုံးချုပ်သို့ ပေးပို့ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ရုံးချုပ်မှ  Software ပြောင်းလဲကာ Sever တွင် သိမ်းဆည်းသည့် လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက်မည့်ရှေ့ လုပ်ငန်းစဉ်များ အနေဖြင့် ယခုပြည်တွင်း နည်းပညာအကြံပေးအဖွဲ့ဝင်များက e-ID စနစ်၏ ဒီဇိုင်းပုံစံ၊ Biometric Data သုံးမျိုး ကောက်ယူရာတွင် ဆောင်ရွက်မည့်ပုံစံနှင့်လိုအပ်မည့် Enrollment Kit တွင်ပါရှိရမည့် ပစ္စည်းကိရိယာများ၊ လုပ်ငန်းဆိုင်ရာနိုင်ငံခြားသားပညာရှင် ငှားရမ်းနိုင်မည့်အခြေအနေ၊ IT ဆိုင်ရာ သင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း၊ လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း e-ID စနစ်နှင့် ပတ်သက်၍ ခြေလှမ်းတစ်လှမ်း၊ နှစ်လှမ်း စသည်ဖြင့် လှမ်းနိုင်သမျှ၊ ပြီးစီးနိုင်သမျှပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့၊ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးမှ အဖွဲ့ဝင်များ၏ အကြံပြု ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြပြီးပြည်တွင်း နည်းပညာ အကြံပေးအဖွဲ့အဖွဲ့ဝင်များက e-ID စနစ်လုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတကာ၌ ဆောင်ရွက်နေသည့် နည်းပညာဒီဇိုင်းပုံစံများနှင့်အားနည်းချက်၊ အားသားချက်များ၊ မိမိနိုင်ငံအတွက် ဆောင်ရွက်သင့်သည့် ဒီဇိုင်းပုံစံ၊ နည်းပညာလုံခြုံရေးဆိုင်ရာ လိုအပ်ချက်များ၊ နယ်ပယ်အသီးသီးသို့ ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် ဆောင်ရွက်ရန်နည်း လမ်းများနှင့်အသုံးပြုမည့် ပစ္စည်းကိရိယာ ရွေးချယ်အသုံးပြုနိုင်ရေးအခြေအနေများ၊ e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် လုပ်နည်းလုပ်ဟန်နှင့်  အချိန်ကာလ သတ်မှတ်ချက်၊ နည်းပညာဆိုင်ရာ နိုင်ငံခြားသားအကြံပေးနှင့်လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

Most Read

Most Recent