ယူရိုပါလိဂ် ဗိုလ်လုပွဲတွင်ဖရန့်ဖတ်နှင့် ရိန်းဂျားစ်အသင်းတွေ့ဆုံပြီး မေ ၁၈ ရက်တွင် စပိန်နိုင်ငံ ဆီဗီးလ်မြို့၌ ယှဉ်ပြိုင်ကစားရမည်

ယူရိုပါလိဂ် ဗိုလ်လုပွဲတွင်ဖရန့်ဖတ်နှင့် ရိန်းဂျားစ်အသင်းတွေ့ဆုံပြီး မေ ၁၈ ရက်တွင် စပိန်နိုင်ငံ ဆီဗီးလ်မြို့၌ ယှဉ်ပြိုင်ကစားရမည်
Photo: UEFA
Photo: UEFA
Published 7 May 2022

 

၂၀၂၁-၂၀၂၂ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျာမန်ကလပ် ဖရန့်ဖတ်နှင့် စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းတို့ တွေ့ဆုံနေပြီး မေ ၁၈ ရက်တွင် စပိန်နိုင်ငံ ဆီဗီးလ်မြို့၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားသည့် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များတွင် ဖရန့်ဖတ်အသင်းက ဝက်စ်ဟမ်းအသင်းအား အိမ်ကွင်း၌ (၁-၀) ဂိုးဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း (၃-၁) ဂိုး၊ ရိန်းဂျားစ်အသင်း က လိုက်ပ်ဇစ်အသင်းအား အိမ်ကွင်း၌ (၃-၁) ဂိုးဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း (၃-၂) ဂိုးဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။ 

ဖရန့် ဖတ်အသင်းသည် ၁၉၈၀ ပြည့်နှစ် UEFA ဖလားပြိုင်ပွဲနောက်ပိုင်း ၄၂ နှစ်အကြာတွင် ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်သို့ တစ်ကျော့ ပြန် တက်ရောက်ခွင့်ရခြင်းဖြစ်သည်။ ရိန်းဂျားစ်အသင်းမှာလည်း ၂၀၀၈ ခုနှစ် UEFA ဖလားပြိုင်ပွဲနောက်ပိုင်း ၁၄ နှစ်အကြာတွင် ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်သို့ တစ်ကျော့ပြန်တက်ရောက်နိုင်ခြင်းဖြစ်သည်။

ဖရန့်ဖတ်နှင့် ရိန်းဂျားစ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲကို ဆီဗီးလ်မြို့ရှိ ဆီဗီလာအသင်း၏ အိမ်ကွင်းဖြစ်သည့် Ramon Sanchez Pizjuan အားကစားကွင်း၌ မေ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ဗိုလ်လုပွဲ တက်ရောက်လာသည့် နှစ်သင်းအနက် ဖရန့်ဖတ်အသင်းမှာ ယူရိုပါလိဂ်အဖြစ် အမည်မပြောင်းလဲမီ ၁၉၈၀ UEFA ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ဖူးကြောင်း သိရ သည်။

Most Read

Most Recent