■ ဘယ်သူတွေ မှတ်ကျောက်တင်ဦးမလဲ 

■ ဘယ်သူတွေ မှတ်ကျောက်တင်ဦးမလဲ 
Published 6 May 2022
Phoe Thar

ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ တိုက်စစ်မှူးတွေအတွက် ကစားသမားဘဝသမိုင်းမှတ်တိုင်တစ်ခုဖြစ်သလို၊ ပရိသတ်စိတ်ဝင်စားတဲ့တစ်ဦး ချင်းထူးချွန်ဆုတံဆိပ်ကတော့ သက်ဆိုင်ရာအမှတ်ပေးလိဂ်တွေရဲ့ ဂိုးသွင်းဘုရင်ဆု (ရွှေဖိနပ်ဆု)ပါပဲ။အထူးသဖြင့် အရည်အသွေးမြင့် နာမည်ကျော် တိုက်စစ်မှူးတွေအားပြိုင်နေတဲ့ ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ဘယ်ကစားသမားတွေ၊ ဘယ်တိုက်စစ်မှူးတွေက ဂိုးသွင်းဘုရင်ဆုနဲ့အတူ မော်ကြွားဂုဏ်ယူခွင့်ရမလဲဆိုတာ ရာသီကုန်ဆုံးဖို့နီးကပ်လာတာနဲ့အမျှ ပိုပြီး ရင်ခုန်စရာဖြစ်လာခဲ့ပါတယ်။ 

ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ တိုက်စစ်မှူးတွေအတွက် ကစားသမားဘဝသမိုင်းမှတ်တိုင်တစ်ခုဖြစ်သလို၊ ပရိသတ်စိတ်ဝင်စားတဲ့တစ်ဦး ချင်းထူးချွန်ဆုတံဆိပ်ကတော့ သက်ဆိုင်ရာအမှတ်ပေးလိဂ်တွေရဲ့ ဂိုးသွင်းဘုရင်ဆု (ရွှေဖိနပ်ဆု)ပါပဲ။အထူးသဖြင့် အရည်အသွေးမြင့် နာမည်ကျော် တိုက်စစ်မှူးတွေအားပြိုင်နေတဲ့ ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ဘယ်ကစားသမားတွေ၊ ဘယ်တိုက်စစ်မှူးတွေက ဂိုးသွင်းဘုရင်ဆုနဲ့အတူ မော်ကြွားဂုဏ်ယူခွင့်ရမလဲဆိုတာ ရာသီကုန်ဆုံးဖို့နီးကပ်လာတာနဲ့အမျှ ပိုပြီး ရင်ခုန်စရာဖြစ်လာခဲ့ပါတယ်။ 

■ ပရီးမီးယားလိဂ်ရဲ့ အာဖရိကလား၊ အာရှလား



ဒီရာသီပရီးမီးယားလိဂ် ပွဲစဉ် (၃၅)အပြီး ဂိုးသွင်းအများဆုံးကစားသမားစာရင်းရဲ့ ထိပ်ဆုံးနေရာမှာရှိနေသူက လီဗာပူးလ်တိုက်စစ်မှူး ဆာလာ ပါ။ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး ဆာလာဟာ  သွင်းဂိုး (၂၂)ဂိုးနဲ့အတူ ကစားသမားဘဝ (၃)ကြိမ်မြောက် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး သူ့ရဲ့နောက်မှာတော့ စပါးအသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်က (၁၉)ဂိုးနဲ့ ဖိအားပေးနေပါတယ်။ လက်ကျန်ပွဲစဉ် (၄)ပွဲစီကစားဖို့ (ပွဲကျန်ပွဲစဉ်အပါ) ကျန်ရှိနေသေးလို့ ဆွန်ဟောင်မင်အတွက်အခွင့်အရေးရှိနေသေးတယ်ဆိုပေမဲ့ ရေပန်းစားမှုတွေမှာတော့ ဆာလာက အပြတ်အသတ်အသာရနေပါတယ်။ ဆွန်ဟောင်မင်ကိုယ်တိုင်ကတော့ ရွှေဖိနပ်ရရှိဖို့ဟာ သူ့ရဲ့ကစားသမားဘဝမှာ အမြဲမက်ခဲ့ရတဲ့အိပ်မက်လို့ဖွင့်ဟထားပြီး လက်ရှိအခြေအနေအရ အခွင့်အရေးနည်းတယ်ဆိုရင်တောင် အဆုံးသတ်ချိန်အထိ တိုက်ပွဲဝင်ဖို့ပြင်ဆင်ထားမှာ သေချာပါတယ်။ ဆွန်ဟောင်မင်အနေနဲ့ ရွှေဖိနပ်ဆုနဲ့ လွဲချော်ခဲ့တယ်ဆိုရင်တောင် ဥရောပထိပ်တန်းလိဂ် (၅)ခုရဲ့သမိုင်းမှာ တစ်ရာသီအတွင်း လိဂ်သွင်းဂိုးအများဆုံးသွင်းယူနိုင်တဲ့ အာရှကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကို ပိုင်ဆိုင်ထားပြီးဖြစ်လို့ ဂုဏ်ယူစရာဖြစ်ခဲ့မှာတော့ သေချာပါတယ်။ ထိပ်တန်းအဆင့်တိုက်စစ်မှူးတွေတောင် တစ်ရာသီသွင်းဂိုး (၂၀)ရဖို့ မလွယ်ကူတဲ့ ပရီးမီးယားလိဂ်လိုပြိုင်ပွဲမှာ ဆွန်ဟောင်မင်သွင်းယူထားတဲ့ သွင်းဂိုးပမာဏဟာ တကယ့်ကို ချီးကျူးစရာပါ။ ဒီရာသီမှာပရီးမီးယားလိဂ်သွင်းဂိုး (၁၈) ဂိုးအထိသွင်းယူပေးထားတဲ့ အသက် (၃၇)နှစ်အရွယ် မန်ယူဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကတော့ လက်ကျန်ပွဲစဉ် (၂)ပွဲသာကစားဖို့ကျန်ရှိတော့လို့ ဆာလာ၊ ဆွန်ဟောင်မင်တို့နဲ့နှိုင်းယှဉ်ရင် အခွင့်အရေးနည်းသွားခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။ ဒီရာသီပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုအတွက် ထူးခြားချက်လို့ဆိုရမှာက ဂိုးအများဆုံးသွင်းထားတဲ့ ထိပ်ဆုံး (၅)ဦးစာရင်းမှာ အင်္ဂလန်ကစားသမားတစ်ဦးမှမပါဝင်ခဲ့တာပါပဲ။ အင်္ဂလန်ကစားသမားတွေထဲ ဒီရာသီပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး သွင်းယူထားသူက စပါးတိုက်စစ်မှူးဟာရီကိန်းဖြစ်ပြီး (၁၃)ဂိုးသာသွင်းယူထားနိုင်လို့ ဂိုးသွင်းစာရင်း ရဲ့ အဆင့် (၆)နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။   

 

■ ဘန်ဇီမာတံဆိပ်နှိပ်ထားတဲ့ ပီချီချီ



လာလီဂါရပ်ဝန်း ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာတော့ ရီးယဲလ်အသင်းရဲ့ ပြင်သစ်ဝါ ရင့်တိုက်စစ်မှူး ဘန်ဇီမာက သွင်းဂိုး (၂၆)ဂိုးသွင်း ယူပြီးထိပ်ဆုံးဦးဆောင်နေပါတယ်။ ဒုတိယဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ဆယ်လ်တာဗီဂိုတိုက်စစ်မှူး အက်စ်ပတ်စ်တောင် (၁၅)ဂိုးသာသွင်း ယူထားနိုင်လို့ ဒီရာသီလာလီဂါဂိုးသွင်းဘုရင်ဆု (ပီချီချီဆု)ကတော့ ဘန်ဇီမာအတွက် ရာနှုန်းပြည့် နီးပါးသေချာနေပြီလို့ပဲဆိုရပါလိမ့်မယ်။ လက်ကျန် ပွဲစဉ် (၄)ပွဲကစားဖို့ကျန်ရှိနေသေးပေမဲ့ ရပ်တန့်မရဖြစ်နေတဲ့ ဘန်ဇီမာကို လိုက်မီဖို့ဆိုတာ ကျန်ကစားသမားတွေအတွက် ဖြစ်နိုင်ဖွယ်မရှိတော့ပါဘူး။  ကစားသမားဘဝ လာလီဂါပြိုင်ပွဲမှာ (၁၃)ရာသီကြာ ဖြတ်သန်းခဲ့ပေမယ့် မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ခေတ်ပြိုင်ဖြစ်ခဲ့ပြီး သူတို့(၂)ဦးရဲ့အပြိုင်အဆိုင် လွှမ်းမိုးမှုအောက်ရောက်ခဲ့ရတဲ့ ဘန်ဇီမာအတွက်တော့ ပထမဆုံးအကြိမ်ရရှိမယ့် လာလီဂါဂိုးသွင်းဘုရင်ဆုဟာ အတိုင်းထက် အလွန်ချိုမြိန်ခြင်းလည်း ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် ရီးယဲလ်အသင်းနဲ့ လာလီဂါချန်ပီယံဆုကိုပါ ဆွတ်ခူးထားနိုင်လို့ ဘန်ဇီမာအတွက်တော့ ကစားသမားဘဝပြီးပြည့်စုံမှု အရှိဆုံးရာသီတစ်ခုလို့ သတ်မှတ်ရမှာပါ။

 

■ ဂျာမန်မြေက လီဝန်ဒေါစကီးရဲ့ စံချိန်များ



ဂျာမန်ဘွန်ဒစ်လီဂါကတော့ ရာသီမကုန်ဆုံးခင်မှာပဲ ဘိုင်ယန်မြူးနစ်ရဲ့ ရိုးအီနေသော (၁၀) ရာသီဆက်ချန်ပီယံအောင်ပွဲကို မြင်တွေ့ခဲ့ရသလို၊ ရွှေဖိနပ်ဆုပြိုင်ဆိုင်မှုမှာလည်း ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ပြိုင်ဘက်မဲ့အောင်မြင်မှုကိုပဲခံစားရဖို့ရှိနေပါတယ်။ ဘွန်ဒစ်လီဂါရာသီ ကုန်ဆုံးဖို့ (၂)ပွဲသာလိုအပ်တော့ချိန်မှာ လီဝန်ဒေါစကီးဟာ သွင်းဂိုး (၃၄)ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းရဲ့ထိပ်ဆုံးမှာရှိနေပြီး ဒုတိယနေရာက လေဗာကူဆင်တိုက်စစ်မှူး ပက်သရစ်ရှစ်ခ် (၂၂ ဂိုး)ကို (၁၂)ဂိုးအထိ အသာရထားပါတယ်။ ဒါကြောင့်လည်း ဒီရာသီဘွန်ဒစ်လီဂါဂိုးသွင်းဘုရင်ဆုဟာ လီဝန်ဒေါစကီးအတွက် သေချာသလောက်ဖြစ်နေပြီး ဒါဟာ သူ့ရဲ့ကစားသမားဘဝ (၇)ကြိမ် မြောက် (ဒေါ့မွန်နှင့် ၁ကြိမ်၊ ဘိုင်ယန်မြူးနစ်နှင့် ၆ ကြိမ်)ရရှိတဲ့ ဘွန်ဒစ်လီဂါရွှေဖိနပ်ဆုဖြစ်လာမှာပါ။ ဒါ့အပြင် လီဝန်ဒေါစကီးအနေနဲ့ ဘွန်ဒစ်လီဂါ ပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေဖိနပ်အကြိမ်အများဆုံးရယူထားတဲ့ ဂျာမန်ဂန္ထဝင်တိုက်စစ်မှူး ဂတ်မူလာ (၇ ကြိမ်)ရဲ့ စံချိန်ကို လိုက်မီမှာဖြစ်သလို၊ ပြိုင် ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် (၅)ကြိမ်ဆက် (၂၀၁၇-၁၈ ရာသီမှ ၂၀၂၁-၂၂ ရာသီအထိ)  ရွှေဖိနပ်ဆုရရှိသူအဖြစ်လည်း စံချိန်မှတ်တမ်းတင် ရှိနိုင်မှာဖြစ်ပါတယ်။

 

■ စီးရီးအေနဲ့ ပြင်သစ်လီဂူးရပ်ဝန်းမှာ



အီတလီစီးရီးအေပြိုင်ပွဲမှာတော့ ပွဲစဉ် (၃၅) အပြီးမှာပဲ လာဇီယိုတိုက်စစ်မှူး အီမိုဘီလီက သွင်းဂိုး (၂၇)ဂိုးနဲ့ထိပ်ဆုံးမှာဦးဆောင်နေပြီး ဂိုးသွင်းဘုရင်ဆုရဖို့ အခြေအနေကောင်းနေခဲ့ပါပြီ။ ဒုတိယနေရာမှာ (၂၃)ဂိုးသွင်းယူထားတဲ့ ဗလာဟိုဗစ်ရှိနေသေးပေမဲ့ အီမိုဘီလီအတွက် အဟန့်အတား ဖြစ်နိုင်လောက်တဲ့အထိတော့ စွမ်းဆောင်နိုင်မယ် မထင်ပါဘူး။ ဒီတစ်ကြိမ် ရွှေဖိနပ်ဆုသာ ရရှိခဲ့မယ်ဆိုရင် အီမိုဘီလီအနေနဲ့ ကစားသမားဘဝ (၄)ကြိမ်မြောက်ရယူနိုင်ခြင်းနဲ့အတူ စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယအကြိမ် အများဆုံးရယူနိုင်သူအဖြစ်သာမက အီတလီကစားသမားတွေထဲ အကြိမ်အများဆုံးရယူနိုင်သူအဖြစ် စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။ အီမိုဘီလီအနေနဲ့ ဒီရာသီမှာပဲ တစ်ရာသီ စီးရီးအေသွင်းဂိုး (၂၅)ဂိုးနဲ့အထက်ကို (၃)ရာသီ သွင်းယူနိုင်တဲ့ ပထမဆုံးအီတလီကစားသမားအဖြစ် မှတ်တမ်းဝင်ထားလို့ ရွှေဖိနပ်ဆု စံချိန်မှတ် တမ်းသစ်နဲ့အတူ ရာသီသိမ်းဖို့ ပစ်မှတ်ထားနေမှာ သေချာပါတယ်။



    

ပြင်သစ်လီဂူးပြိုင်ပွဲမှာတော့ ရာသီကုန်ဆုံး ဖို့ (၃)ပွဲအလို ပွဲစဉ် (၃၅)အပြီးမှာပဲ PSG အသင်း ရဲ့ ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေက သွင်း ဂိုး (၂၄)ဂိုးနဲ့ ဂိုးသွင်းဇယားရဲ့ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ ဒုတိယနေရာမှာ မိုနာကိုတိုက်စစ်မှူး ဘင်ယက်ဒါနဲ့ ရန်းစ်တိုက်စစ်မှူး တီရာယာတို့က သွင်းဂိုး (၂၁)ဂိုးစီနဲ့ဖိအားပေးနေလို့ ဘာပေအတွက် အနည်းငယ်တော့ စိုးရိမ်စရာဖြစ်လာနိုင်တယ်ဆိုပေမဲ့ အစဉ်အလာ၊ သမ္ဘာနဲ့ အရည်အသွေးအရတော့ ဘာပေအတွက် (၄)ကြိမ်ဆက် (၂၀၁၈-၁၉ ရာသီမှ ၂၀၂၁-၂၂ ရာသီအထိ) လီဂူးရွှေဖိနပ်ဆုအောင်ပွဲ အကောင်အထည်ပေါ်ဖို့ ရာခိုင်နှုန်းများနေခဲ့ပြီ လို့ပဲဆိုရပါလိမ့်မယ်။ ဒီရာသီပြင်သစ်လီဂူးပြိုင်ပွဲ မှာထူးခြားချက်လို့ဆိုရမှာက ပြီးခဲ့တဲ့နွေရာသီက PSG  အသင်းကိုပြောင်းရွှေ့လာခဲ့တဲ့ စူပါစတား မက်ဆီ (၄)ဂိုးသာသွင်းယူနိုင်ခဲ့တဲ့ အခြေအနေပါ။ မက်ဆီအနေနဲ့ ရာသီအစကာလတုန်းက လီဂူးပြိုင် ပွဲရဲ့ ဂိုးသွင်းဘုရင်ရေပန်းစားမှုမှာ ထိပ်ဆုံး (၅)ဦး ထဲပါဝင်ခဲ့ပေမဲ့ လက်တွေ့မှာတော့ မထင်မှတ်ထားတဲ့ စိတ်ပျက်စရာစွမ်းဆောင်ရည်ကိုပဲ မြင်တွေ့ခဲ့ရပါတယ်။ ပြိုင်ပွဲအသစ်၊ နယ်မြေအသစ်ဖြစ် တာကြောင့်ဆိုရင်တောင် မက်ဆီလိုကစားသမား တစ်ဦးအတွက်တော့ လိဂ်သွင်းဂိုး (၄)ဂိုးဆိုတဲ့ အရေအတွက်ဟာ အတော်လေးကိုနည်းပါးတာအမှန်ပါပဲ။



    

ထိပ်တန်းလိဂ်ပြိုင်ပွဲတွေအလိုက် ရွှေဖိနပ်ဆု ရေပန်းစားမှုတွေအပြီး နောက်ထပ်အခမ်းနားဆုံးဆုလို့ဆိုရမယ့် ဥရောပရွှေဖိနပ်ဆုအတွက် ရေပန်းစားမှုကိုချိန်ထိုးကြည့်ရင်တော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးက (၃၄) ဂိုးနဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ လီဝန်ဒေါစကီးအနေနဲ့ ပြီးခဲ့တဲ့ရာသီကလည်း သွင်းဂိုး (၄၁)ဂိုးနဲ့ ဥရောပ ရွှေဖိနပ်ဆုကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့သလို၊ ဒီရာသီမှာလည်း အနီးဆုံးပြိုင်ဘက်လို့ဆိုရမယ့် လာဇီယိုတိုက်စစ်မှူး အီမိုဘီလီကိုယ်တိုင်က (၂၇) ဂိုးသာရှိလို့ (၂)ကြိမ်ဆက်ရယူနိုင်ဖို့ အခြေအနေကောင်းနေခဲ့ပါပြီ။ (ဥရောပရွှေဖိနပ်ဆုသတ်မှတ်ချက်မှာ ထိပ်တန်းလိဂ် ၅ ခုမှကစားသမားများ၏ သွင်းဂိုးများကို၂  ဖြင့်မြှောက်ကာအမှတ်တွက်ချက် ပြီး ကျန်လိဂ်များမှာမူ ၁.၅၊ ၁ တို့ဖြင့်သာမြှောက်၍ အမှတ်တွက်ချက်သည်) ထိပ်တန်းလိဂ်ပြိုင်ပွဲတွေရဲ့ ဂိုးသွင်းဘုရင်ဆုဆိုတာ တိုက်စစ်မှူးတွေအတွက်တော့ ကစားသမားဘဝမှတ်ကျောက်တင်ခံရတဲ့ဆုတံဆိပ်ပါ။ တိုက်စစ်မှူးတိုင်း ရွှေဖိနပ်မရနိုင်ပေမဲ့ ထိပ်တန်းတိုက်စစ်မှူးတော်တော်များများရဲ့ ကစားသမားဘဝအတိတ်သမိုင်းမှာတော့ ထိပ်တန်းလိဂ်ပြိုင်ပွဲ ရွှေဖိနပ်ဆုတွေနဲ့ ခန့်ထည်မော်ကြွားခဲ့ကြပါတယ်။ ဒီအတွက်ပဲ ကစားသမားတွေဟာ အမြင့်ဆုံး သော စွမ်းဆောင်ရည်တွေကို ထုတ်ဖော်ပြီး ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဒီရာသီမှာရော ထိပ်တန်းလိဂ် (၅)ခုရဲ့ ရွှေဖိနပ်ဆုတွေကို ဘယ်တိုက်စစ်မှူးတွေက ရယူပြီး ကစားသမားဘဝမှာ မှတ်ကျောက်တင်နိုင်မလဲ။ ဘယ်ကစားသမားတွေ က ဂုဏ်ယူမော်ကြွားခွင့်တွေနဲ့ လွဲချော်သွားမလဲဆိုတာ . . .။