ဝါရင့်နိုင်ငံရေးသမားကြီး SNLD ပါတီဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး ကွယ်လွန်

ဝါရင့်နိုင်ငံရေးသမားကြီး SNLD ပါတီဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး ကွယ်လွန်
Published 30 April 2022

ဝါရင့်နိုင်ငံရေးသမားကြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးသည် ယနေ့(ဧပြီ ၃၀ ရက်) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ၉ မိုင်ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားကြောင်း SNLD ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က အတည်ပြုပြောကြားသည်။

ဦးခွန်ထွန်းသည် အသက်(၇၉)နှစ် အရွယ်ရှိပြီဖြစ်ပြီး နေအိမ်တွင် အိပ်နေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ဦးစိုင်းလိတ်က ပြောကြားသည်။ 

 “ ရောဂါကြီးကြီးမားမားရှိတယ်လို့ မကြားမိဘူး။ အိမ်မှာအိပ်နေတာ၊ အိပ်ယာထနောက်ကျလို့ သွားနိုးမှ အသက်မရှိတော့ဘူး။ လွန်ခဲ့တဲ့ တစ်နာရီကျော်လောက်က ဆုံးသွားတာ။ ဒါက ကျွန်တော်တို့ SNLD ပါတီအတွက်တော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုပါပဲ။ ကျွန်တော်တို့ကတော့ သူ့ရဲ့ နိုင်ငံရေးမူဝါဒ ရပ်တည်ချက်တွေအတိုင်း ဆက်သွားနေတုန်းပါပဲ။ သူမရှိတော့ပေမဲ့ သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်အောင် ဆက်သွားမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

SNLD ပါတီ ဥက္ကဋ္ဌတာဝန်မှ ဦးခွန်ထွန်းဦးအနားယူခဲ့ပြီးနောက် ပါတီတွင် နာယကအဖြစ် ဆက်လက်ထားရှိသော်လည်း ၎င်းက လက်မခံခဲ့ကြောင်း၊ မိမိတို့အနေဖြင့်မူ ပါတီ၏ခေါင်းဆောင်တစ်ဦးအဖြစ်သာ သတ်မှတ်ထားကြောင်း ဦးစိုင်းလိတ်က ဆိုသည်။

 

Most Read

Most Recent