မြောက်ကိုရီးယား၊ တရုတ်တို့နှင့် တင်းမာမှုများရှိနေစဉ် အဓိက အာရှမဟာမိတ်နိုင်ငံများဖြစ်သည့်ဂျပန်နှင့် တောင်ကိုရီးယားသို့ သမ္မတ ဂျိုးဘိုင်ဒင် လာမည့်မေလတွင် သွားရောက်မည်

မြောက်ကိုရီးယား၊ တရုတ်တို့နှင့် တင်းမာမှုများရှိနေစဉ် အဓိက အာရှမဟာမိတ်နိုင်ငံများဖြစ်သည့်ဂျပန်နှင့် တောင်ကိုရီးယားသို့ သမ္မတ ဂျိုးဘိုင်ဒင် လာမည့်မေလတွင် သွားရောက်မည်
ဧပြီ ၂၇ ရက်က အိမ်ဖြူတော်တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တွေ့ရစဉ် (Photo : AFP)
ဧပြီ ၂၇ ရက်က အိမ်ဖြူတော်တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တွေ့ရစဉ် (Photo : AFP)
Published 28 April 2022
Ref : AFP

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် လာမည့်မေလတွင် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဧပြီလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ပြိုင်ဘက် တရုတ်၊ ရန်သူတော် မြောက်ကိုရီးယားတို့နှင့် တင်းမာမှုများ ရှိနေစဉ် အာရှဒေသမှ အဓိကမဟာမိတ် နှစ်နိုင်ငံသို့ သမ္မတဘိုင်ဒင် သွားရောက်မည်ဖြစ်သည်။

မေလ ၂၀ ရက်မှ ၂၄ ရက်အထိ ကြာမြင့်မည့် ခရီးစဉ်အတွင်း သမ္မတဘိုင်ဒင်သည် တောင်ကိုရီးယားနှင့် ဂျပန်တို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာနှင့် လုံခြုံရေးမဟာမိတ် တောင်ကိုရီးယား၊ ဂျပန်တို့နှင့်သက်ဆိုင်သည့် ခိုင်မာမြဲမြံသော ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းရန် ရည်ရွယ်ကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ယန်ဆာကီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သမ္မတဘိုင်ဒင်အနေဖြင့် တိုကျိုမြို့တွင် သြစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယတို့လည်း ပါဝင်သည့် Quad အဖွဲ့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ Quad  အဖွဲ့ကို ဒေသတွင်း၌ တရုတ်၏ သြဇာပိုမိုချဲ့ထွင်လာမှုအပေါ် တန်ပြန်ကာကွယ်မှုအဖြစ် ရှုမြင်ထားကြသည်။

သမ္မတဘိုင်ဒင် အစိုးရသည် အာရှ-ပစိ ဖိတ်ဒေသကို မကြာခဏဆိုသလို အလေးပေး ပြောဆိုလေ့ရှိပြီး အထူးသဖြင့် ကွန်မြူနစ်တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုသည် အမေရိကန် ပြည်ထောင်စုအတွက် နံပါတ်တစ် မဟာဗျူဟာရေးရာ ကိစ္စရပ်အဖြစ် တည်ရှိနေသည်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး အမေရိကန်နှင့် တရုတ်တို့သည် ကုန်သွယ်ရေးနှင့် လူ့အခွင့်အရေး အပါအဝင် ကိစ္စရပ် အများအပြားနှင့် ပတ်သက်၍ တင်းမာမှုဖြစ်ပွားလျက်ရှိပြီး သမ္မတဘိုင်ဒင်ကလည်း ၎င်းကို ၂၁ ရာစု၏ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများနှင့် အာဏာရှင် နိုင်ငံများအကြား အားပြိုင်မှုအဖြစ် မကြာခဏ ရည်ညွှန်းပြောဆိုလေ့ရှိသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ဆွေးနွေးမှုများ ပြုလုပ်ရန် အမေရိကန်၏ ကမ်းလှမ်းချက်များကို လျစ်လျူရှုကာ ၎င်း၏ နျူကလီးယား အစီအစဉ်ကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု အခိုင်အမာပြောဆိုထားပြီး ယခုနှစ်အတွင်း တားမြစ်ခံ ဒုံးလက်နက်စမ်းသပ်မှု အများအပြားကို လုပ်ဆောင်ခဲ့ ပြီးနောက်တွင် သမ္မတဘိုင်ဒင်က အာရှမဟာမိတ် နှစ်နိုင်ငံဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ဖုမိအို ခိရှိဒ၊ တောင်ကိုရီးယား ရွေးကောက်ခံသမ္မတ ယွန်းဆော့ယိုတို့နှင့် တွေ့ဆုံမှုများအတွင်း သမ္မတဘိုင်ဒင်သည် အရေးပါသည့် လုံခြုံရေးဆိုင်ရာ အပြန်အလှန် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစွာ ဖော်ဆောင်ရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများကို တိုးမြှင့်ရေးနှင့် လက်တွေ့ကျသည့် ရလဒ်များကို ဖော်ဆောင်ရန် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ယန်ဆာကီက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့တွင် မေလ ၁၂ ရက်မှ ၁၃ ရက်အထိ ပြုလုပ်သွားမည့် အမေရိကန်-အာဆီယံ အထူးအ စည်းအဝေးအပြီးတွင် သမ္မတဘိုင်ဒင်က အဆိုပါခရီးစဉ်ကို သွားရောက်မည်ဖြစ်သည်။

Most Read

Most Recent