သီတင်းပတ်နှင့်ချီ ထိုးစစ်ဆင်ပြီးနောက် ယူကရိန်းတောင်ပိုင်းရှိ အဓိက မြို့ကြီးတစ်မြို့ဖြစ်သည့်  ခါဆန်မြို့ကို ရုရှားစစ်တပ် သိမ်းယူ

သီတင်းပတ်နှင့်ချီ ထိုးစစ်ဆင်ပြီးနောက် ယူကရိန်းတောင်ပိုင်းရှိ အဓိက မြို့ကြီးတစ်မြို့ဖြစ်သည့်  ခါဆန်မြို့ကို ရုရှားစစ်တပ် သိမ်းယူ
လက်နက်ကြီး ထိမှန်မှုကြောင့်ဟုဆိုသော ယူကရိန်းနိုင်ငံ ခါကိဗ်မြို့ရှိ ရဲဌာနအဆောက်အအုံ မီးလောင်ကျွမ်းနေပုံကို ယူကရိန်း အရေးပေါ်ဌာနက မတ်လ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတွင် တွေ့ရစဉ် (Photo: AFP)
လက်နက်ကြီး ထိမှန်မှုကြောင့်ဟုဆိုသော ယူကရိန်းနိုင်ငံ ခါကိဗ်မြို့ရှိ ရဲဌာနအဆောက်အအုံ မီးလောင်ကျွမ်းနေပုံကို ယူကရိန်း အရေးပေါ်ဌာနက မတ်လ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတွင် တွေ့ရစဉ် (Photo: AFP)
Published 3 March 2022
Ref: AFP

ရုရှားတပ်ဖွဲ့ဝင်များသည် ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ ခါဆန်မြို့ကို သိမ်းယူလိုက်ပြီး ယင်းသည် သီတင်းပတ်နှင့်ချီ ကြာမြင့်နေပြီ ဖြစ်သည့် ကြောက်ခမန်းလိလိ စစ်ပွဲတွင် ယူကရိန်း၏ အဓိက မြို့ကြီးတစ်မြို့ ရုရှားလက်သို့ ပထမဆုံးအကြိမ် ကျရောက်ခဲ့ခြင်းဖြစ်သည်။

၎င်းစစ်ပွဲကြောင့် စစ်ဘေးဒုက္ခသည် တစ်သန်းခန့် ရှိလာခဲ့ပြီဖြစ်သည်။

ပင်လယ်နက်ဒေသရှိ လူဦးရေ နှစ်သိန်း ကိုးသောင်းခန့် နေထိုင်သော အဆိုပါမြို့ကို သိမ်းယူနိုင်ခဲ့ခြင်းသည် ရုရှားအတွက် သိသာ ထင်ရှားသော အားတက်စရာ အခြေအနေ တစ်ခု ဖြစ်လာခဲ့သည်။

ရုရှားအနေဖြင့် မတ် လ ၃ ရက်တွင် အပစ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်။

ခါဆန်မြို့၏ နေရာအနှံ့အပြားတွင် ကျူးကျော်သူ ရုရှားတွေ ရောက်ရှိနေပြီဖြစ် ကြောင်း ယူကရိန်း ဒေသန္တရအစိုးရ တာဝန်ရှိ သူ ဂျန်နာဒီ လာခူတာက မတ်လ ၂ ရက် နှောင်းပိုင်းတွင် ဝန်ခံပြောကြားခဲ့သည်။

သုံးရက်ကြာ ဝန်းရံ့ပိတ်ဆို့ခံရပြီးနောက် ခါဆန်မြို့တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေကာ သေဆုံးသူများ၏ ရုပ်အလောင်းများကို လိုက်လံကောက်ယူရန်နှင့် မြှုပ်နှံပေးရန် အခက်တွေ့နေကြောင်း ၎င်းမြို့ ၏ မြို့တော်ဝန်က ဆိုသည်။ 

၎င်းအနေဖြင့် ကျူးကျော်လာသည့် တပ်များကို တစ်စုံတစ်ရာ ကတိပြုထားခြင်း မရှိကြောင်းနှင့် ညမထွက်ရအမိန့် ထုတ်ပြန်ရန် နှင့် ယာဉ်အသွားအလာများကို ကန့်သတ်ရန် သဘောတူညီခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

အခြားစစ်မျက်နှာများတွင် နှောင့်နှေးမှုများ ရှိနေသည့်တိုင် ရုရှားစစ်တပ်သည် တောင်ဘက်စစ်မျက်နှာတွင် အတော်ပင် ခရီးပေါက်နေပြီဖြစ်ကာ ၎င်းတို့တပ်ဖွဲ့ဝင်များ သည် ခါဆန်မြို့ကို ထိုးဖောက်ချီတက်လျက် အနောက်နှင့် မြောက်ဘက်ကို လမ်းကြောင်း ဖွင့်ပေးကာ အရွယ်အစား ပိုမိုကြီးမားပြီး မဟာဗျူဟာပိုင်းအရ အချက်အချာကျသော မယ်ရီယူပိုးမြို့ကို ဝန်းရံပိတ်ဆို့ထားခဲ့သည်။

အဆိုပါမြို့သည် ပြင်းထန်သော ဗုံးကြဲ တိုက်ခိုက်မှုဒဏ်ကို နာရီပေါင်းများစွာ ခံနေရပြီး မြို့တွင်း၌ပိတ်မိနေသည့် အရပ်သားများသည်လည်း အပူချိန် ရေခဲမှတ်နားသို့ ရောက်နေချိန်တွင် လျှပ်စစ်မီး၊ ရေနှင့် အပူ ပေးစနစ်များ မရရှိကြပေ။

“ဒီနေ့ဟာ စစ်ပွဲဖြစ်ပွာနေတဲ့ ခုနစ်ရက် အတွင်း အပြင်းထန်ဆုံးနဲ့ အရက်စက်ဆုံးပဲ ဖြစ်ပါတယ်။ သူတို့က ကျွန်တော်တို့အားလုံး ကို ဖျက်ဆီးချေမှုန်းပစ်ချင်နေတာပါ” ဟုမြို့ တော်ဝန် ဗာဒင်မ် ဘွိုင်ချန်ကိုက ပြောကြား ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၎င်း၏စစ်တပ်ကို မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်စစ်မျက်နှာများမှ ယူကရိန်းသို့ ထိုးဖောက်ဝင်ရောက်စေခဲ့ပြီး တစ်ပတ်အ ကြာတွင် ခါဆန်မြို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ် သည်။

ရုရှားစစ်တပ်သည် ယူကရိန်း၏မြို့ တော် ကိယက်ဗ်နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ် သည့် ခါကိဗ် အပါအဝင် နိုင်ငံတစ်ဝန်းရှိ အ ရပ်သားပစ်မှတ်များကို လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုများ ကြိုကြားကြိုကြား ပြုလုပ် ခဲ့သည်ဟု သိရသည်။   ယူကရိန်းသမ္မတကမူ ဒုံးကျည်များ၊ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်နေခြင်းသည် စစ်ရာဇဝတ်မှုမြောက် သည်ဟု ပြောကြားခဲ့ပြီး နိုင်ငံတကာ ရာဇဝတ် မှုခုံရုံးကလည်း စုံစမ်းစစ်ဆေးမှု စတင် ကြောင်း အတည်ပြုခဲ့သည်။

 

Most Read

Most Recent