ကိုရီးယားကျွန်းဆွယ်သည် ပဋိပက္ခအခြေအနေကို ပြန်ရောက်သွားမည်ဟု တောင်ကိုရီးယားသမ္မတသတိပေး

ကိုရီးယားကျွန်းဆွယ်သည် ပဋိပက္ခအခြေအနေကို ပြန်ရောက်သွားမည်ဟု တောင်ကိုရီးယားသမ္မတသတိပေး
နိုင်ငံခြားသတင်းဌာနများနှင့် ပြုလုပ်သောအင်တာဗျူးကို ဖြေကြားနေသော သမ္မတမွန်ဂျေအင်းကို ဖေဖော်ဝါရီ ၈ ရက်က ဆိုးလ်မြိ်ု့ရှိ သမ္မတရုံးတွင် တွေ့ရစဉ်
နိုင်ငံခြားသတင်းဌာနများနှင့် ပြုလုပ်သောအင်တာဗျူးကို ဖြေကြားနေသော သမ္မတမွန်ဂျေအင်းကို ဖေဖော်ဝါရီ ၈ ရက်က ဆိုးလ်မြိ်ု့ရှိ သမ္မတရုံးတွင် တွေ့ရစဉ်
Published 10 February 2022
Ref: AFP

 

မြောက်ကိုရီးယားက တာဝေးပစ်ဒုံး ကျည်စမ်းသပ်မှုကို ပြန်စခြင်းဖြင့် ခြိမ်းခြောက်မှုများကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက ကိုရီးယားကျွန်းဆွယ်သည် ပဋိပက္ခအခြေအနေတစ်ရပ်ကို ပြန်လည်ရောက်ရှိသွားမည်ဟု ဖေဖော်ဝါရီ ၁၀ ရက်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက သတိပေးခဲ့သည်။

မြောက်ကိုရီးယားသည် ဇန်နဝါရီလထဲတွင် လက်နက်စမ်းသပ်မှု ခုနစ်ကြိမ်လုပ်ဆောင်ခဲ့သည်။ ခေါင်းဆောင်ကင်ဂျုံအွန်က ကျူးကျော်ရန်စသည့် ဒုံးကျည်ပစ်လွှတ်မှုအများအပြားလုပ်ဆောင်ကာ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ကို ဒေါသထွက်အောင်လုပ်ခဲ့သည့် ၂၀၁၇ ခုနှစ် နောက်ပိုင်း စွမ်းအားအကြီးဆုံး ဒုံးကျည်စမ်းသပ်မှုကို လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲတွင် လုပ်ဆောင်ခဲ့သည်။   

ထရန့်နှင့် ကင်တို့ အထင်ကရဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် ဆွေးနွေးမှုများ ပျက်ပြားခဲ့သည်။ မြောက်ကိုရီးယားက စစ်ရေးတည်ဆောက်မှုများကို လုပ်ဆောင်နေခဲ့သောကြောင့် အမေရိကန်နှင့် မြောက်ကိုရီးယား ဆွေးနွေးမှုများ ရပ်တန့်နေခဲ့သည်။ တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုနှင့် နျူကလီးယား လက်နက်စမ်းသပ်မှု တို့နှင့်ပတ်သက်၍  မိမိဘာသာရပ်ဆိုင်းထားမှုကို စွန့်လွှတ်ပစ်နိုင်သည်ဟု လွန်ခဲ့သောလတွင် မြောက်ကိုရီးယားက သတိပေးခဲ့သည်။

တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုများကို ပြန်စရန် မြောက်ကိုရီးယားနိုင်ငံ၏ လုပ်ဆောင်ချက်မှန်သမျှသည် နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်းကောင်း ပျောက်သွားစေလိမ့်မည်ဟု အေအက်ဖ်ပီသတင်းဌာနအပါအဝင် နိုင်ငံတကာသတင်းဌာနများနှင့် တွေ့ဆုံမေးမြန်းရာတွင် မွန်က ဖြေကြားခဲ့သည်။

“မြောက်ကိုရီးယားရဲ့ ဆက်တိုက်ဒုံးကျည်ပစ်လွှတ်မှုတွေဟာ တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုတွေ ရပ်ဆိုင်းထားတာကို စွန့်လွှတ်တဲ့အနေအထားအထိဖြစ်လာမယ်ဆိုရင် ကိုရီးယားကျွန်းဆွယ်ဟာ ကျွန်တော်တို့ လွန်ခဲ့တဲ့ငါးနှစ်က ရင်ဆိုင်ခဲ့ရတဲ့ ပဋိပက္ခအခြေအနေတစ်ရပ်ကို ချက်ချင်း ပြန်လည်ရောက်ရှိ သွားနိုင်စရာရှိနေပါတယ်”ဟု မွန်က ဖြေကြားခဲ့သည်။

သမ္မတသက်တမ်း ငါးနှစ်အတွင်းတွင် မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိမ်ဖန်များစွာ လုပ်ဆောင်ခဲ့သော မွန်သည် မေလတွင် သမ္မတရာထူးမှ ထွက်ခွာမည်ဖြစ်သည်။ တောင်ကိုရီးယားသည် သမ္မတများကို သက်တမ်းတစ်ကြိမ်သာထမ်းဆောင်ခွင့်ပြုထားသည်။

တောင်ကိုရီးယားသည် မတ် ၉ ရက်တွင် မွန်ဂျေအင်းနေရာကို ဆက်ခံမည့် သမ္မတကို ရွေးကောက်မည်ဖြစ်သည်။

သဘောတူညီချက်မရဘဲ ထရန့်-ကင် ဆွေးနွေးပွဲများ ပျက်သွားခြင်းသည် အလွန် နောင်တရစရာကောင်းသည်ဟု ၎င်းက ပြောကြားခဲ့သည်။ သဘောတူညီချက်တစ်ရပ် ရရှိရေးအတွက် နှစ်ဖက်စလုံးက ဆတိုးလုပ်ဆောင်ရမည့် နည်းလမ်းကို ရှာဖွေခဲ့သင့်သည် ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

“ကြီးကြီးမားမားသဘောတူညီချက်ရခဲ့မယ်ဆိုရင်တော့ ဒါဟာအကောင်းဆုံးဖြစ်လာမှာပါ။ ကြီးမားတဲ့အပေးအယူတစ်ရပ်ရဖို့ ခက်ခဲလွန်းနေမယ်ဆိုရင်လည်း အဆင့်လိုက်သွားတဲ့နည်းလမ်းကိုသွားဖို့  အသေးအဖွဲသဘောတူညီချက်ရအောင် လုပ်ခဲ့သင့်တာပါဟု မွန်ဂျေအင်းက ဆိုသည်။

ထရန့်နေရာတွင် ဆက်ခံသော သမ္မတဂျိုးဘိုင်ဒင်လက်ထက်တွင် မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ အမေရိကန်ဘက်က ပိုမိုအသံတိတ်နေခဲ့သည်။    Ref : AFP

Most Read