မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်ခုနှင့် လေယာဉ်ကွင်းအသစ်တစ်ခု တည်ဆောက်ရန် စီမံကိန်းအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်း

မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်ခုနှင့် လေယာဉ်ကွင်းအသစ်တစ်ခု တည်ဆောက်ရန် စီမံကိန်းအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်း
Published 12 January 2022

မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်ခုနှင့် လေယာဉ်ကွင်းအသစ်တစ်ခု တည်ဆောက်ရန် စီမံကိန်းအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ တည်ဆောက်ရေးစီမံကိန်းအတွက် အဖွဲ့ဝင် ၁၂ ဦးပါဝင်သည့် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

အတွင်းရေးမှူးမှာ နှစ်ဦးဖြစ်ပြီး ဆိပ်ကမ်းတည်ဆောက်ရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က အတွင်းရေးမှူး တာဝန်ယူမည်ဖြစ်သည်။

အဖွဲ့ဝင်များမှာ ပြည်ထဲရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ဆောက်လုပ်ရေး အစရှိသည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ ပါဝင်မည်ဖြစ်သည်။

ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ စီမံကိန်း၏ လျာထားလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် လိုအပ်သော မူဝါဒများ ချမှတ်ခြင်း၊ လိုအပ်သောမြေ သိမ်းဆည်းရေးဆိုင်ရာကိစ္စ၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ချဉ်းကပ်လမ်းများနှင့် အခြားလမ်းပိုင်းဆိုင်ရာ ဆက်စပ်တည်ဆောက်ရေး ကိစ္စ၊ လိုအပ်သော ဘဏ္ဍာငွေ လျာထားရရှိနိုင် ရေးကိစ္စ၊ အခြားလိုအပ်သော ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စ၊ စီမံကိန်း၏ တိုးတက်မှုကို စောင့်ကြည့်စစ်ဆေးခြင်း၊ လိုအပ်သောလုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီအနေဖြင့် နိုင်ငံတကာ အဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်ခုနှင့် လေယာဉ်ကွင်းအသစ်တစ်ခု တည်ဆောက်ရန် စီမံကိန်းလုပ်ငန်းများကို အဆင်ပြေချောမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent