ဓာတ်ငွေ့စျေးနှုန်းမြင့်တက်နေသဖြင့် LNG ဓာတ်အားပေးစက်ရုံများ၏ထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့် ရပ်တန့်ထားရခြင်းကြောင့် ဓာတ်အား (၉၇၀) မဂ္ဂါဝပ်ခန့်လျော့နည်းနေပြီး ဝန်အားထိန်းညှိခြင်းများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက် ညပိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် ပုံမှန်အခြေအနေထက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်မှု (၁၄၇၀) မဂ္ဂါဝပ်ခန့် လျော့နည်းနေသဖြင့် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် ဝန်အားလျှော့ချရခြင်းများအပေါ် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို အမြန်ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသော စက်ရုံကြီးများ၏ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာသည့် အခြေအနေနှင့်စပ်လျဉ်း၍ အများပြည်သူသို့ ပန်ကြားချက်ဖြင့် အသိပေးပန်ကြားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ရတနာကမ်းလွန်စီမံကိန်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ မဂ္ဂါဝပ် (၅၄၀) ခန့် ပြန်လည်ထုတ်လုပ်နိုင်ပြီ ဖြစ်သော်လည်း ဇန်နဝါ ရီ ၃ ရက်တွင် လေးကြိမ်မြောက် ဖျက်ဆီးခြင်းခံခဲ့ရသော၂၃၀ ကေဗွီဘီလူးချောင်း(၂)-ရွှေမြို့ဓာတ်အားလိုင်းနှင့် ဒီဇင်ဘာ ၁၈ ရက်တွင် လေးကြိမ်မြောက် ဖျက်ဆီးခြင်းခံခဲ့ရသော ၂၃၀ ကေဗွီဘီလူးချောင်း (၂)-တောင်ငူဓာတ်အားလိုင်းတို့ကို လုံခြုံရေးရယူ၍ ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီ ၉ရက်တွင် ၁၃၂ ကေဗွီဘီလူးချောင်း(၂)-တီကျစ်ဓာတ်အားလိုင်းသည် နှစ်ကြိမ်မြောက် တာဝါတိုင်များ ထပ်မံဖျက်ဆီးခံခဲ့ရသဖြင့် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ် ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အား ပြတ်တောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းအပြင် ဓာတ်ငွေ့စျေးနှုန်းမြင့်တက်နေသဖြင့် LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့်မှာ ရပ်တန့်ထားရခြင်းကြောင့် စုစုပေါင်းဓာတ်အား (၉၇၀) မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေပြီး ဝန်အားထိန်းညှိခြင်းများ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၉၇၀) မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သော နေရာများတွင် ဓာတ်အားသုံးစွဲမှုများပြားသော နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီအတွင်းနှင့် ညအချိန် ၁၇ နာရီမှ ၁၉ နာရီအချိန်အတွင်း ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများ ရှိပါက နားလည်ပေးနိုင်ပါရန်နှင့် ပျက်စီးသွားသော တာဝါတိုင်များအား အမြန်ဆုံးပြင်ဆင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသလို လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို အမြန်ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။