ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် လုပ်သက်ပြည့်သွားပြီးနောက် စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်အား ကာကွယ်ရေးဦးစီးချုပ် (လေ)အဖြစ် တာဝန်ပေးအပ်

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် လုပ်သက်ပြည့်သွားပြီးနောက် စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်အား ကာကွယ်ရေးဦးစီးချုပ် (လေ)အဖြစ် တာဝန်ပေးအပ်
Published 11 January 2022

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် လုပ်သက်ပြည့်သွားပြီးနောက် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်အား ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်၍ ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“သူက တပ်မတော်ထုံးစံအတိုင်းပဲ ပြည့်တဲ့အချိန်မှာ ကာကွယ်ရေးဦးစီးချုပ်(လေ)က ကောင်စီဝင်အဖြစ်နဲ့ပဲ ဆက်ရှိပါမယ်။ နောက်ထပ် အောက်မှာရှိတဲ့ အရာရှိချုပ်(လေ)ကတော့ ကာကွယ်ရေးဦးစီးချုပ်(လေ)ဖြစ်တာ ပါပဲ။ အရင်တုန်းက ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့ ချိန်းသလိုပါပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ လေးနှစ်အကြာတွင် ဗိုလ်ချုပ်ကြီးလုပ်သက်ပြည့်သွားခြင်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်အနေဖြင့် ဗိုလ်ချုပ်ကြီးလုပ်သက်ပြည့်သွားသော်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ပင်စင်မယူပါဘူး။ သူက အသက်ပြည့်တာတော့ မဟုတ်ဘူး။ သူက ဗိုလ်ချုပ်ကြီးလုပ်သက်ပြည့်တဲ့ အတွက်ကြောင့်မလို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အနေနဲ့ပဲ ဆက်ရှိပါမယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို စစ်ဥပဒေချုပ်တာဝန်မှ အနားပေးလိုက်ကြောင်း သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုခဲ့ပြီး စစ်ဥပဒေချုပ်အသစ် ပြန်တက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

“စစ်ဥပဒေချုပ်ကတော့ အသစ်ပြန်တက်တာပေါ့” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သို့သော် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးအနေဖြင့် စစ်ဥပဒေချုပ်တာဝန်မှ အနားပေးခြင်းခံရသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“သူကတော့ စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးပါပဲ။ အတွင်းရေးမှူးအနေနဲ့ပဲ ဆက်ရှိပါမယ်” ဟု ၎င်းက ပြောကြားသည်။ 

Most Read

Most Recent