ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် တရားစွဲထားသည့် အမှုသုံးမှုအတွက် ထောင်ဒဏ်လေးနှစ် ထပ်မံချမှတ်

ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် တရားစွဲထားသည့် အမှုသုံးမှုအတွက် ထောင်ဒဏ်လေးနှစ် ထပ်မံချမှတ်
၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၉ ရက်က ရွှေကြာပင်ရပ်ကွက်တွင် ပါတီစည်းရုံးရေး ဆင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (Photo:Chair NLD Facebook)
၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၉ ရက်က ရွှေကြာပင်ရပ်ကွက်တွင် ပါတီစည်းရုံးရေး ဆင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (Photo:Chair NLD Facebook)
Published 10 January 2022

ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် တရားစွဲထားသည့် အမှုများအတွက် ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် ဇန်နဝါရီ ၁၀ ရက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ တို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၀ ရက်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်ပပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဦးညီညီ(ခ) ဦးထွန်းမြင့်အောင်၏ တိုင်ကြားချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲထားသည့် အမှုနှင့်ပတ်သက်၍ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ယင်းအမှုသည် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၉ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးဆင်းရာတွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဦးညီညီ(ခ)ဦးထွန်းမြင့်အောင်က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် ထောင်ဒဏ် နှစ်နှစ်၊ ဆက်သွယ်ရေး         ဥပဒေပုဒ်မ ၆၇ ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သော်လည်း ယင်းနှစ်မှုအတွက် ချမှတ်ထားသည့် ပြစ်ဒဏ်များအား တစ်ပေါင်းတည်းကျခံရန် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါအမှု နှစ်မှုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်း၊ အမှတ်(A)ရှိ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ အနီးကပ်လုံခြုံရေးအဖွဲ့ထံမှ Icom စကားပြောစက်ခြောက်လုံး၊ ဂိတ်ကင်းမှ Icom စကားပြောစက်သုံးလုံး၊ ကိုယ်ရေးအရာရှိအဆောင်မှ Icom စကားပြောစက်တစ်လုံးနှင့် Jumber တစ်စုံတို့အား တွေ့ရှိခဲ့ရသဖြင့် ယင်းဆက်သွယ်ရေးပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ တင်သွင်းအသုံးပြုခဲ့သောကြောင့် အရေးယူပေးရန် တင်ပြထားသည့် ကိစ္စနှင့်ပတ်သက်၍ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် အမှုများ ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုထောင်ဒဏ်များမတိုင်မီ ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ်နှစ်နှစ်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၅)ဖြင့် ထောင်ဒဏ်နှစ်နှစ် စုစုပေါင်း ထောင်ဒဏ်လေးနှစ်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ချမှတ်ခံရပြီး ယင်းထောင်ဒဏ်လေးနှစ်အနက် ထောင်ဒဏ်နှစ်နှစ်အား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက အမိန့်ထုတ်ပြန်ထားသည်။

သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်သည် ယခုချမှတ်ခံရသည့် ထောင်ဒဏ်လေးနှစ်အပါအဝင် စုစုပေါင်း ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံထားရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခင်ထောင်ဒဏ်ချမှတ်ခံရသည့် အမှုနှစ်မှုမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် နှင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့သည်  ကြေညာချက်များနှင့် ပတ်သက်၍ ပုဒ်မ ၅၀၅(ခ)ဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ကောင်စီနယ်မြေအတွင်း NLD ပါတီခရိုင်ဥက္ကဋ္ဌ ဦးမင်းသူ ဦးဆောင်၍ Car Campaign ပြုလုပ်ခဲ့ရာ စုစုပေါင်း မော်တော်ယာဉ်အစီး ၂၂၀၊ ဆိုင်ကယ် ၃၂ စီး၊ လူဦးရေ ၇၆၀ ခန့်ပါဝင်ပြီး နေပြည်တော်ရှိ မြို့နယ်များသို့ ဖြတ်သန်းလှည့်လည်ရာတွင် ဇမ္ဗူသီရိမြို့နယ်ရှိ အတိုင်ပင်ခံအိမ်ရာအနီးတွင် ၎င်းသည် ကြိုဆိုနှုတ်ဆက်မှုများ ပြုလုပ်ခဲ့သောကြောင့် COVID-19 ရောဂါ ဖြစ်ပွားမှုအပေါ်မူတည်၍ ထုတ်ပြန်ထားသော အမိန့်များအား လိုက်နာခြင်းမရှိဟုဆိုကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် လည်းကောင်း တရားစွဲဆိုခံရခြင်း ဖြစ်သည်။

Most Read

Most Recent