ပေကျင်းအိုလံပစ်သို့ အစိုးရကိုယ်စားလှယ်များ စေလွှတ်မည်မဟုတ်ဟု ဂျပန် ပြောကြား

ပေကျင်းအိုလံပစ်သို့ အစိုးရကိုယ်စားလှယ်များ စေလွှတ်မည်မဟုတ်ဟု ဂျပန် ပြောကြား
ဇူလိုင် ၂၃ ရက်က တိုကျိုမြို့တော်ရှိ အိုလံပစ်ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည့် ဂျပန်အိုလံပစ်ကော်မတီဥက္ကဌ ဟာရှီမိုတိုကို တွေ့ရစဉ် Photo:AFP
ဇူလိုင် ၂၃ ရက်က တိုကျိုမြို့တော်ရှိ အိုလံပစ်ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည့် ဂျပန်အိုလံပစ်ကော်မတီဥက္ကဌ ဟာရှီမိုတိုကို တွေ့ရစဉ် Photo:AFP
Published 24 December 2021
Ref:AFP

တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီလ၌ ကျင်းပမည့် ပေကျင်းအိုလံပစ်ပြိုင်ပွဲသို့ အစိုးရ ကိုယ်စားလှယ်များ စေလွှတ်မည်မဟုတ်ဟု ဂျပန်နိုင်ငံက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့ပြီး တရုတ်အနေဖြင့် လူ့အခွင့်အရေး နှင့် တရားဥပဒေကို လေးစားလိုက်နာရန် တိုက်တွန်းခဲ့သည်။

အမေရိကန်နှင့် နိုင်ငံအချို့သည် ပေကျင်းအိုလံပစ်ကို သံတမန်နည်းအရ သပိတ်မှောက်ပြီး အစိုးရကိုယ်စားလှယ်များစေလွှတ် မည်မဟုတ်ကြောင်း ကြေညာခဲ့ကြပြီး ဂျပန် ကမူ သံတမန်နည်းအရ သပိတ်မှောက်ခြင်း ဆိုသည့် စကားလုံးကို သုံးနှုန်းခဲ့ခြင်းမရှိသော်လည်း ယင်းပြိုင်ပွဲကို ဂျပန်အစိုးရအရာရှိများ တက်ရောက်ရန် အစီအစဉ်မရှိကြောင်း ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူမတ်ဆူနိုက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံမှာ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကျင့်သုံးနေတဲ့ စံတန်ဖိုးတွေကို လေးစားလိုက်နာမှုဟာ အရေးကြီးတယ်လို့ ဂျပန်က ယုံကြည်ထားပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“၂၀၂၀ တိုကျိုအိုလံပစ်နဲ့ ပါရာလံပစ် ပြိုင်ပွဲတွေတုန်းကဆိုရင် ဂျပန်ဟာ ငြိမ်းချမ်းရေးနဲ့ အားကစားလောကအတွက် ရဲရင့်မှုတွေ ပေးခဲ့တယ်ဆိုတာကို ကမ္ဘာကသိအောင် ပြသနိုင်ခဲ့ပါတယ်” ဟု မတ်ဆူနိုက ဆိုသည်။

တရုတ်နိုင်ငံတွင် ဝီဂါမွတ်စလင်လူနည်းစုကို ဖိနှိပ်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည် ကို ထောက်ရှုပြီး ပေကျင်းအိုလံပစ်ပြိုင်ပွဲကို သံတမန်နည်းအရ သပိတ်မှောက်မည်ဖြစ်ကြောင်း အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ နှင့် ကနေဒါနိုင်ငံတို့က ယခုလအတွင်း ကြေ ညာခဲ့သည်။

တရုတ်အစိုးရကမူ အမေရိကန်ဦးဆောင်သည့် ယင်းလှုပ်ရှားမှုအတွက် ပြန်လည်ပေးဆပ်ရမည်ဟု သံတမန်နည်းအရ သပိတ်မှောက်ကြောင်းကြေညာခဲ့သည့် နိုင်ငံလေးနိုင်ငံကို သတိပေးခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂၀၂၀ အိုလံပစ်ကို တစ်နှစ်ရွှေ့ဆိုင်းခဲ့ပြီး ယခုနှစ်တွင်ပြုလုပ်ခဲ့သည့် ဂျပန်သည် ၎င်း၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်အကြားက တင်းမာမှုမြင့် တက်နေသည့် အခြေအနေတွင် လိမ္မာပါးနပ်စွာ ရပ်တည်နေသည်။

ဂျပန်အစိုးရသည် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတွေးခေါ်ပြီးနောက် ပေကျင်းအိုလံပစ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း၊ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ဂျပန်သည် တရုတ်နှင့် ဆွေးနွေးမှုများပြုလုပ် ခဲ့ကြောင်း မတ်ဆူနိုက ပြောကြားခဲ့သည်။

ထို့ပြင် ပေကျင်းအိုလံပစ်ပြိုင်ပွဲကို ၂၀၂၀ တိုကျိုအိုလံပစ်အကြီးအကဲ စီကို ဟာရှီ မိုတိုနှင့် ဂျပန်အိုလံပစ်ကော်မတီ ယာရှူဟီရို ယာမာရှီတာတို့ တက်ရောက်လိမ့်မည်ဟု မတ်ဆူနိုက ပြောကြားခဲ့သည်။ မတ်လတွင် ကျင်းပမယ့် ပေကျင်း ပါရာလံပစ်ပြိုင်ပွဲကိုလည်း ဂျပန် ပါရာလမ်ပစ်ကော်မတီ အကြီးအကဲ ကာဇူယူကီမိုရီ က တက်ရောက်လိမ့် မည်ဟု ၎င်းက ဆိုသည်။

အမေရိကန်ကမူ တရုတ်နိုင်ငံ ရှင်ကျန်း ဒေသတွင် ဝီဂါလူနည်းစုသည် လူမျိုးတုံးသတ် ဖြတ်ခံနေရပြီး လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု စွပ်စွဲခဲ့ပြီး ပေကျင်းအိုလံပစ် ကို သံတမန်နည်းအရသပိတ်မှောက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ အမေရိကန်၏မဟာမိတ်အားလုံးကမူ ယင်းသပိတ်မှောက်မှုကို လိုက်ပါလုပ်ဆောင်ခြင်းမရှိခဲ့ပေ။ ပြီးခဲ့သည့် ရက်သတ္တပတ်ကမူ တောင်ကိုရီးယားသည် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောကြားခဲ့ပြီး သပိတ်မှောက်မှုတွင် ပါဝင်ရန် ငြင်းဆိုခဲ့သည်။