ယူကရိန်းကို တပ်ဖွဲ့ဝင်အင်အား ၁၇၅,၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရန် ရုရှား ပြင်ဆင်နေဟု ၀ါရှင်တန်ပို့စ် သတင်းစာ ဖော်ပြ

ယူကရိန်းကို တပ်ဖွဲ့ဝင်အင်အား ၁၇၅,၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရန် ရုရှား ပြင်ဆင်နေဟု ၀ါရှင်တန်ပို့စ် သတင်းစာ ဖော်ပြ
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တယ်လီကွန်ဖရင့်စ်ဖြင့် အစည်းအဝေး ပြုလုပ်နေသော ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တွေ့ရစဉ် (Photo:AFP)
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တယ်လီကွန်ဖရင့်စ်ဖြင့် အစည်းအဝေး ပြုလုပ်နေသော ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တွေ့ရစဉ် (Photo:AFP)
Published 4 December 2021
Ref: AFP

အစောဆုံးအနေဖြင့် လာမည့်နှစ်လောက်တွင် ရုရှားနိုင်ငံက တပ်ဖွဲ့ဝင်အင်အား ၁၇၅,၀၀၀ အထိ ပါဝင်သော စစ်မျက်နှာ အများအပြားမှ ထိုးစစ်ဆင်မှုတစ်ရပ်ကို လုပ်ဆောင်ရန် ပြင်ဆင်နေသည်ဟု ၀ါရှင်တန်ပို့စ် သတင်းစာက ဒီဇင်ဘာ ၃ ရက်တွင် ဖော်ပြခဲ့သည်။ ရုရှားဘက်က လာမည့်လအတွင်း အကြီးစား တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ပြင်ဆင်နေဖွယ် ရှိသည်ဟုလည်း ယူကရိန်းက သတိပေးထားသည်။

ရုရှားသည် တပ်ရင်းအဆင့် နည်းဗျူဟာ စစ်ဆင်မှုအဖွဲ့၁၀၀ ခန့် ပါဝင်ကာ ခန့်မှန်းအင်အား ၁၇၅,၀၀၀ နှင့် သံချပ်ကာယာဉ်များ၊ အမြောက်များနှင့် အခြားလက်နက်ကိရိယာများ ပါဝင်သည့် ကျယ်ပြန့်သော လှုပ်ရှားစစ်ဆင်မှုကြီးကို လုပ်ဆောင်ရန် စီစဉ်နေသည်ဟု အမည်မဖော်လိုသည့် အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ၀ါရှင်တန်ပို့စ် သတင်းစာကို ပြောကြားခဲ့သည်။

ထောက်လှမ်းရေး အချက်အလက်များနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးမည် မဟုတ်ကြောင်း ပင်တဂွန်က AFP သတင်းဌာနကို ပြောကြားခဲ့သော်လည်း ရုရှားဘက်က ယူကရိန်းအပေါ် ရန်လိုသည့် လုပ်ရပ်များ ပြုလုပ်ရန် ပြင်ဆင်နေသည့် အထောက်အထားများကြောင့် လေးလေးနက်နက် စိုးရိမ်မိကြောင်း ပင်တဂွန်က ဆိုသည်။

“ ဒေသတွင်းမှာ တင်းမာမှုတွေ ပြေလျော့စေရေးနဲ့ ယူကရိန်း အရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို သံတမန်နည်းအရ ဖြေရှင်းနိုင်ရေးအတွက် ကျွန်တော်တို့အနေနဲ့ ဆက်လက်ထောက်ခံအားပေးသွားမှာ ဖြစ်တယ်” ဟု ပင်တဂွန်ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တိုနီဆီ မယ်လ်ရော့က ပြောသည်။

လတ်တလောတွင် ရုရှားတပ်ဖွဲ့ဝင်များက နေရာလေးနေရာတွင် တပ်ဖြန့်စုရုံးထားပြီး ထပ်မံရောက်ရှိလာသည့် တင့်ကားများနှင့် အမြောက်များအပြင် စစ်မြေပြင် နည်းဗျူဟာမြောက် စစ်ဆင်မှုအဖွဲ့ ၅၀ ခန့်ကိုလည်း ဖြန့်ကြက်ထားသည်ဟု လုံခြုံရေးအဆင့် သတ်မှတ်ခြင်းမရှိသည့် အမေရိကန် ထောက်လှမ်းရေးဆိုင်ရာ စာရွက်စာတမ်းများကို ကိုးကားပြီး ၀ါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။

နယ်စပ်အနီးတွင် လှုပ်ရှားမှုများသည် နည်းဗျူဟာမြောက် လှုပ်ရှားမှုမှန်သမျှကို မှန်းဆရခက်ခဲစေပြီး မရေရာမှုများကို ဖြစ်စေသည်ဟုလည်း သတင်းရင်းမြစ်များကို ကိုးကားပြီး ၎င်းသတင်းစာက ဖော်ပြခဲ့သည်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်ဆေး ရက်ဇ်နီကော့ဗ်ကလည်း ရုရှားသည် နယ်စပ်အနီးတွင် ခန့်မှန်းတပ်ဖွဲ့ဝင်အင်အား တစ်သိန်းဝန်းကျင်ကို တပ်ဖြန့်ထားသည်ဟု ပြောဆိုထားပြီး ရုရှားဘက်ကမူ ယင်းကဲ့သို့ ပြောဆိုမှုများကို ပယ်ချခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့သည် တင်းမာမှု မြင့်တက်နေသည့် ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အွန်လိုင်းမှ ဆွေးနွေးသွားမည်ဟု နှစ်ဖက်လုံးက အတည်ပြုထားသည်။

ရုရှားဘက်က ယူကရိန်းကို ကျူးကျော်မည့် အစီအစဉ်မှန်သမျှကို ဟန့်တားကာကွယ်နိုင်ရန်အလို့ငှာ လူအများစိုးရိမ်နေသည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏အစီအစဉ်များကို ရှေ့ဆက်လုပ်ဆောင်ရန် အလွန့်အလွန် ခက်ခဲသွားစေမည့် အလေးနက်ဆုံးနှင့် အကျယ်ပြန့်ဆုံး အစီအမံသစ်များကို ပြင်ဆင်နေသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ၀ါရှင်တန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

Most Read

Most Recent