လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ခံရဖူးကြောင်း ထုတ်ဖော်ပြောကြားပြီးနောက် နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေသည့် တရုတ်တင်းနစ်မယ် ဖုန်ရွှိုင်က နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) ဥက္ကဋ္ဌ သောမတ်စ်ဘက်ချ်ထံ ဗီဒီယိုဖုန်းခေါ်ဆို၍ ဘေးကင်းလုံခြုံပြီး အဆင်ပြေကြောင်း အသိပေးပြောကြားခဲ့သည်။
ဖုန်ရွှိုင်နှင့် IOC ဥက္ကဋ္ဌ ဘက်ချ်တို့ တနင်္ဂနွေနေ့က မိနစ် ၃၀ ကြာ စကားပြောခဲ့ကြပြီး ၎င်းတို့နှစ်ဦး ဗီဒီယိုဖြင့် စကားပြောနေသည့်ဓာတ်ပုံကိုလည်း IOC က ထုတ်ပြန်ပေးခဲ့သည်။
''သူ အကောင်းပကတိအတိုင်း ရှိနေပါတယ်။ ဖုန်ရွှိုင်က သူ့အပေါ် စိုးရိမ်ပူပန်မှုတွေအတွက် IOC ကို ကျေးဇူးတင်ခဲ့ပါတယ်။ အခုချိန်မှာ ပေကျင်းမြို့နေအိမ်မှာရှိနေပြီး ဘေးကင်းစွာနဲ့ ကောင်းကောင်းမွန်မွန်ပဲလို့ သူက ရှင်းပြခဲ့ပါတယ်။ မိသားစုဝင်တွေ၊ မိတ် ဆွေတွေနဲ့အတူ ဖြတ်သန်းနေပြီး တင်းနစ်ပြိုင်ပွဲတွေ ဆက်လက်ယှဉ်ပြိုင်သွားမယ်လို့ သူက ပြောခဲ့ပါတယ်''ဟု IOC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်ယောက်တွဲကမ္ဘာ့အဆင့် ၁ ကစားသမားဟောင်းဖြစ်သူ ဖုန်ရွှိုင် (၃၅ နှစ်) သည် တရုတ်ဒုဝန်ကြီးချုပ်ဟောင်း ကျန်းကောင်းလီနှင့် လိင်ဆက်ဆံမှုပြုလုပ်ရန် အတင်းအကျပ်ဖိအားပေးခံရဖူးကြောင်း နိုဝင်ဘာ ၃ ရက်က တရုတ်လူမှုမီဒီယာ Weibo တွင် ထုတ်ဖော် ရေးသားခဲ့သည်။
သို့သော် မိနစ်ပိုင်းအကြာတွင် ယင်းပို့စ်ကို ပြန်ဖျက်ပြီးနောက်ပိုင်း နှစ်ပတ်ကျော်ကြာ လူမြင်ကွင်းမှ ပျောက်ဆုံးနေခြင်းဖြစ်သည်။