၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအကြို တူရကီနိုင်ငံတွင် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်ပြီး ယင်းခြေစမ်းပွဲမှာ တူရကီခရီးစဉ်အတွင်း နောက်ဆုံးကစားသည့်ခြေစမ်းပွဲ ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် တူရကီခရီးစဉ်အတွင်း အင်ဒိုနီးရှားလက်ရွေးစင်အသင်းအပြင် တူရကီကလပ်အသင်းတစ်သင်းနှင့် ထပ်မံခြေစမ်းကစားခွင့်ရရန် ကြိုးစားနေခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၀ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲမတိုင်မီ တူရကီနိုင်ငံ၌ ခြေစမ်းပွဲငါးပွဲအထိကစားရန် ရည်ရွယ်ထားသဖြင့် တူရကီကလပ်အသင်းတစ်သင်းနှင့် ထပ်မံခြေစမ်းနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
သို့သော် မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားပြီးပါက အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးမှုခြင်း၊ အပြီးသတ်ကစားသမား ၂၃ ဦးရွေးချယ်ရန် ဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။
ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့်ကစားရမည့် အခြေအနေဖြစ်နေသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို နိုဝင်ဘာ၂၅ ရက် မြန်မာစံတော်ချိန် ည ၉ နာရီခွဲ (ဒေသစံတော်ချိန် ညနေ ၆ နာရီ) တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်ကတည်းက တူရကီနိုင်ငံ၌ နေထိုင်လေ့ကျင့်နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ခြေစမ်းပွဲသုံးပွဲ ကစားထားပြီးဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် တူရကီနိုင်ငံတွင် ခြေစမ်းပွဲများကစားရာ တူရကီအပျော်တမ်းကလပ် မာနက်ဗ်ဂတ်စပေါ်အသင်းကို (၂-၁) ဂိုး၊ တူရကီအပျော်တမ်းကလပ် အန်တယ်ယာဟိုင်းစပေါ်အသင်းကို (၈-၀) ဂိုးဖြင့် အနိုင်ရကာ အာဖရိကအသင်းဖြစ်သော ဘူရွန်ဒီလက်ရွေးစင်အသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၉ ရက်အထိ တူရကီနိုင်ငံတွင် နေထိုင်လေ့ကျင့်မည်ဖြစ်ပြီး ဆူဇူကီးဖလားပြိုင်ပွဲ ကျင်းပမည့် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်တွင် သွားရောက်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ပဏာမကစားသမား ၂၅ ဦး ရွေးချယ်ထားပြီး မလေးရှားကလပ် ဆီလန်ဂေါ အသင်းတွင်ကစားနေသည့် ဟိန်းထက်အောင်မှလွဲ၍ ကျန်ကစားသမားများမှာ အသင်းနှင့် ပူးပေါင်းလေ့ကျင့်နေပြီဖြစ်သည်။