ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း ဇီဒန်းသည် မန်ယူအသင်းနည်းပြရာထူးအား စိတ်မဝင်စားသော်လည်း PSG အသင်းနည်းပြ ပိုချက်တီနိုသာ မန်ယူအသင်းနည်းပြဖြစ်လာပါက PSG အသင်းကို နည်းပြရန် စိတ်ဝင်စားနေသည်ဟု သိရှိရသည်။
PSG အသင်းနည်းပြ ပိုချက်တီနိုသည် လက်ရှိရာထူးတွင်မပျော်မရွှင်ဖြစ်နေပြီး မက်ဆီ၊ နေမာ၊ ဘာပေတို့ကဲ့သို့ ကစားသမားများကို ကိုင်တွယ်သည့် အပိုင်းတွင်လည်း အဆင်မပြေဖြစ်နေသည်ဟု သတင်းများက ဖော်ပြနေကြသည်။
မန်ယူအသင်းသည် မော်ရင်ဟိုနှင့် လမ်းခွဲပြီးနောက် အသင်းနည်းပြနေရာအတွက် ဆိုးလ်ရှားနှင့် အစားမထိုးမီ ပိုချက်တီနိုအား အသည်းအသန်ချဉ်းကပ်ခဲ့ဖူးပြီး ထိုအချိန်ကမူ မအောင်မြင်ခဲ့ချေ။
ယခုအချိန်တွင်မူ စပါးအသင်းနည်းပြဟောင်းသည် အိုးလ်ထရက်ဖို့ဒ်သို့ လာရောက်ရန် အသင့်ဖြစ်နေပြီဖြစ်ပြီး မန်ယူအသင်း၏ ကမ်းလှမ်းမှုကို စောင့်မျှော်နေသည်ဟု Daily Mail က ဖော်ပြခဲ့သည်။
ပိုချက်တီနိုသည် လက်ရှိအချိန်တွင် PSG အသင်းနည်းပြအဖြစ် တာဝန်ယူနေသော်လည်း ပါရီတွင် အိမ်မရှိဘဲ ဟိုတယ်တွင်သာ နေထိုင်လျက်ရှိကာ ၎င်း၏ မိသားစုသည် အင်္ဂလန်နိုင်ငံတွင်သာ အခြေချနေထိုင်လျက်ရှိကြောင်းလည်း သိရှိရသည်။
မန်ယူအသင်းသည် လက်ရှိအချိန်တွင် အသင်းနည်းပြရာထူးအတွက် မိုက်ကယ်ကာရစ်ကို ခေတ္တယာယီနည်းပြအဖြစ် ခန့်အပ်က အမြဲတမ်းနည်းပြရာထူးအတွက်မူ ဇီဒန်း၊ ပိုချက်တီနို၊ ဘရန်ဒန်ရော်ဂျာတို့ကို စိတ်ဝင်စားနေပြီး The Sun သတင်းစာကမူ ဘရန်ဒန်ရော်ဂျာကို ကမ်းလှမ်းခဲ့သည်ဟု ဖော်ပြခဲ့သည်။
ဇီဒန်းကမူ မန်ယူအသင်းနည်းပြအဖြစ် ဆောင်ရွက်ရန် စိတ်မဝင်စားဘဲ ပိုချက်တီနို မန်ယူအသင်းထံသို့ ပြောင်းရွှေ့မှသာ PSG နည်းပြရာထူးကို ဆောင်ရွက်လိုနေခြင်းဖြစ်ကြောင်း သိရှိရသည်။