၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံသို့ရောက်ရှိနေသည့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနည်းပြဖြစ်သူ တောင်ကိုရီးယားနိုင်ငံသား ရှင်တေးယန်က အာဖဂန်နစ္စတန်အသင်းကို ရှုံးနိမ့်ထားသဖြင့် ဒုတိယခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့်ပွဲတွင် နိုင်ပွဲရယူပြမည်ဟု ထုတ်ဖော်ပြောကြားသည်။
ရှင်တေးယန်က ''အာဖဂန်အသင်းနဲ့ပွဲမှာ ကျွန်တော့်အသင်းက အမှားတွေများခဲ့ပါတယ်။ အခွင့်အရေးတွေကိုလည်း ဖြုန်းတီးပစ်ခဲ့ပါတယ်။ အာဖဂန်အသင်းနဲ့ပွဲမှာ ကျွန်တော့်ကစားသမားတွေ ကစားပုံမကောင်းခဲ့ပါဘူး။ ဒါပေမဲ့ နောက်ကစားရမယ့် မြန်မာအသင်းနဲ့ ပွဲမှာတော့ ကျွန်တော်တို့ နိုင်ပွဲရယူမှာပါ။ မြန်မာအသင်းက အမှန်တကယ်တောင့်တင်းတဲ့အသင်းပါ။ ကစားသမားကောင်းတွေလည်း သူတို့အသင်းမှာပါလာတယ်လို ့ကြားသိထားရပါတယ်။ သူတို့အသင်းက ကြံ့ခိုင်မှုကောင်းတဲ့အသင်းဖြစ်သလို တိုးတက်လာနေတဲ့အသင်းတစ်သင်းပါ။ အာဖဂန်အသင်းနဲ့ ကစားတဲ့ပွဲအပြီးမှာ ကျွန်တော့်အသင်းနဲ့ပတ်သက်လို့ ဘာလုပ်ရမလဲဆိုတာ ကျွန်တော်သိသွားပါပြီ။ ကျွန်တော့်ကစားသမားတွေ အခုချိန်ကစလို့ တိုက်ပွဲဝင်ရမယ့်အချိန်ရောက် လာပါပြီ။ မြန်မာအသင်းနဲ့ပွဲမှာ ကျွန်တော့်ကစားသမားတွေ အခုထက် ပိုကောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်'' ဟု ပြောကြားသည်။
အင်ဒိုနီးရှားလက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်က အာဖဂန်နစ္စတန်လက်ရွေးစင်အသင်းနှင့် တူရကီနိုင်ငံ အန်တယ်ယာမြို့၌ ခြေစမ်းကစားရာ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားလက်ရွေးစင်အသင်းသည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအကြို ပြင်ဆင်သည့်အနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းနည်းတူ တူရကီနိုင်ငံ အန်တယ်ယာမြို့တွင် နေထိုင်လေ့ကျင့်ပြီး ခြေစမ်းပွဲများ ကစားလျက်ရှိသည်။
အင်ဒိုနီးရှားလက်ရွေးစင်အသင်းသည် တူရကီနိုင်ငံ၌ နေထိုင်လေ့ကျင့်နေစဉ်အတွင်း ခြေစမ်းပွဲ သုံးပွဲကစားမည်ဖြစ်ပြီး ဒုတိယခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၂၅ ရက်တွင် မြန်မာ့လက်ရွေးစင်အသင်း၊ တတိယခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၂၈ ရက်တွင် တူရကီစူပါလိဂ်ကလပ် အန်တယ်ယာစပေါ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းသည် ၂၀၁၉ ခုနှစ် မတ်လအတွင်း နောက်ဆုံးတွေ့ဆုံမှုအဖြစ် မန္တလေးမြို့၌ ခြေစမ်းကစားထားပြီး ယင်းပွဲတွင် ဧည့်သည်အင်ဒိုနီးရှားလက်ရွေးစင်အသင်းက (၀-၂) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။