မန်ယူအသင်းနည်းပြသစ်တစ်ဦး ဖြစ်လာရန် ရေပန်းစားနေသော လက်ရှိစပိန်လက်ရွေးစင်အသင်းနည်းပြ အင်းနရစ်က ယင်းသတင်းများနှင့်ပတ်သက်ပြီး ငြင်းဆန်ပယ်ချမှုများပြုလုပ်ခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
မန်ယူအသင်းအနေဖြင့် နည်းပြဆိုးလ်ရှားအား ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ရေပန်းစားမှုများ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး အင်းနရစ်မှာလည်း ယင်းရာထူးအတွက်ရေ ပန်းစားသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ထို့ပြင် မန်ယူအသင်း၏ ၀ါရင့်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုအနေဖြင့်လည်း အသင်း၏နည်းပြသစ်အဖြစ် အင်းနရစ်အား အလိုရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ရာ အင်းနရစ်၏ ရေပန်းစားမှုမှာ ပို၍ ကျယ်လောင်လာခဲ့ခြင်းဖြစ်သည်။အဆိုပါသတင်းများနှင့်ပတ်သက်ပြီး စပိန်ရုပ်သံတစ်ခုဖြစ်သည့် La Sexta ၏မေးမြန်းမှုကို အင်းနရစ်က ''ဒီနေ့က April Fools' Day လား'' ဟု ဖြေကြားခဲ့ပြီး မိမိအနေဖြင့် လက်ရှိအချိန်တွင် စပိန်မြေမှထွက်ခွာရန် အစီအစဉ်မရှိသည်မှာ အပြည့်အဝသေ ချာကြောင်း၊ မိမိ၏လက်ရှိအလုပ်ဖြစ်သော စပိန်လက်ရွေးစင်အသင်းနည်းပြရာထူးတွင် ပျော်ရွှင်နေကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်း၏ ကစားသမားဟောင်းနှင့် နည်းပြဟောင်းဖြစ်သူ အင်းနရစ် (၅၁ နှစ်)သည် ၂၀၁၄-၁၅ ရာသီက ဘာစီလိုနာအသင်းအား တစ်ရာသီအတွင်းဆုဖလား (၃)လုံးအောင်ပွဲရရှိစေရန် ဦးဆောင်ပေးခဲ့သူဖြစ်သည်။