ပြီးခဲ့သည့် ဖီအိုရင်တီးနားအသင်းနှင့်ပွဲတွင် (၃-၄) ဂိုးဖြင့် အေစီမီလန်အသင်း ရှုံးနိမ့်ပြီး လက်ရှိရာသီစီးရီးအေတွင် ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ရသော်လည်း ဖီအိုရင်တီးနားပရိသတ်များ၏ တစ်ခဲနက်ကြိုဆိုမှုကြောင့် စိတ်လှုပ်ရှားမိကြောင်း နည်းပြပီအိုလီက ပြောကြားခဲ့သည်။
ပီအိုလီသည် အေစီမီလန်အသင်းနည်းပြအဖြစ် မဆောင်ရွက်မီ ဖီအိုရင်တီးနားအသင်းနည်းပြအဖြစ် (၂)နှစ်ခွဲကြာ တာဝန်ယူခဲ့ဖူးသူဖြစ်သည်။
ထို့နောက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် အေစီမီလန်အသင်းနည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဖီအိုရင်တီးနားအသင်းနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပီအိုလီက ဖလောရင့်သို့ ပြန်လည်လာရောက်ရခြင်းသည် မိမိအတွက် ထူးခြားကောင်းမွန်ပြီး ကွယ်လွန်သူ အက်စ်တိုရီကိုလည်း သတိရမိကြောင်း ပြောကြားခဲ့သည်။
ဖီအိုရင်တီးနားအသင်းနောက်ခံလူ အက်စ်တိုရီသည် ၂၀၁၈ ခုနှစ်၊ မတ်လ (၄)ရက်တွင် ဟိုတယ်ခန်းအတွင်း အိပ်ပျော်နေစဉ် နှလုံးရပ်ကာ ရုတ်တရက်ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဖီအိုရင်တီးနားအသင်းပရိသတ်များသည် အက်စ်တိုရီ ကွယ်လွန်ပြီးနောက် အိမ်ကွင်းပွဲစဉ်များတွင် ပွဲချိန် (၁၃)မိနစ်ရောက်တိုင်း ၎င်း၏နာမည်ကို အော်ဟစ်ဂုဏ်ပြုလေ့ရှိသည်။
ပြီးခဲ့သည့်အေစီမီလန်အသင်းနှင့် ပွဲစဉ်တွင် ဖီအိုရင်တီးနားအသင်းပရိသတ်များသည် ပွဲချိန် (၁၃)မိနစ်တွင် အက်စ်တိုရီ၏ နာမည်ကို အော်ဟစ်ဂုဏ်ပြုသည့်အပြင် ပီအိုလီ၏နာမည်ကိုလည်း အော်ဟစ်အားပေး၍ လက်ခုပ်တီးဂုဏ်ပြုခဲ့သည်။
ပီအိုလီက ''ပွဲက တကယ်ထူးဆန်းတဲ့ပွဲပါ။ ကျွန်တော်တို့ ကစားပုံကောင်းပေမဲ့ အခွင့်အရေးတွေအသုံးမချနိုင်လို့ ဂိုးတွေပေးလိုက်ရတယ်။ အမှားတွေလည်း ကျူးလွန်မိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားပုံပြန်ကောင်းလာပေမဲ့ (၄) ဂိုးပေးထားရတဲ့အသင်းတစ်သင်းက ရှုံးနိမ့်ဖို့ကလွဲပြီး ဘာမှမရှိတော့ပါဘူး။ ကျွန်တော့်အသင်းမှာ ဒဏ်ရာရကစားသမား (၁၁) ဦးရှိနေတာကို ဆင်ခြေမပေးချင်ပါဘူး။ ဒီရှုံးပွဲကြောင့် နာကျင်ရပါတယ်။ ကျွန်တော့်ကို အားပေးနေဆဲဖြစ်တဲ့ ဖီအိုရင်တီးနားပရိသတ်တွေကိုတော့ ကျေးဇူးတင်ပါတယ်'' ဟု ပြောကြားခဲ့သည်။