ကိုရိုနာဗိုင်းရပ်စ်စတုတ္ထလှိုင်း ရိုက်ခတ်လာမှုကြောင့် ဂျာမနီဘောလုံးလောကအပေါ် သက်ရောက်မှုများ ရှိလာချိန်တွင် ဘိုင်ယန်မြူးနစ်အသင်းက ကာကွယ်ဆေးထိုးရန် ငြင်းဆန်ထားသည့် ကစားသမားများကို လစာဖြတ်တောက်ခြင်းဖြင့် အရေးယူရန် စီစဉ်လာကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းတွင် အဓိကကစားသမား ကင်မစ်ချ် အပါအဝင် နာဘရီ၊ မူဆီယာလာ၊ ချူပိုမိုတင်း၊ တွီဇွန်တို့မှာ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးပေ။
ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများက စည်းရုံးတိုက်တွန်းမှုများ ပြုလုပ်သော်လည်း ၎င်းတို့က ပုဂ္ဂိုလ်ရေးအ ကြောင်းပြချက်များဖြင့် ငြင်းဆန်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအခြေအနေတွင် ဘိုင်ယန်မြူးနစ်အသင်းက ကာကွယ်ဆေးမထိုးသည့် ကစားသမားများ Quarantine ဝင်ရသည့် အခြေအနေ ကြုံတွေ့ပြီး အသင်းအတွက် ကစားနိုင်ခြင်းမရှိပါက ယင်းကာလအတွင်း လစာဖြတ်တောက်သွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဂျာမနီနိုင်ငံ၏ စည်းမျဉ်းသစ်အရ Positive အဖြေထွက်သူနှင့် ထိတွေ့မှု ရှိသူများအနက် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူများသာ Quarantine ဝင်ရမည်ဖြစ်သောကြောင့် ဘိုင်ယန်မြူးနစ်အသင်းက ကာကွယ်ဆေးမထိုးထားသည့် ကစားသမားများ ကို အရေးယူရန် စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကင်မစ်ချ်သည် ဘိုင်ယန်မြူးနစ်အသင်းတွင် တစ်နှစ်လစာ ယူရိုသန်း(၂၀) ရရှိနေသူဖြစ်သောကြောင့် ၎င်း Quarantine ဝင်ရခြင်းဖြင့် တစ်ပတ်မကစားနိုင်ခဲ့ပါက အသင်းအနေဖြင့် ယူရို (၃၈၄၀၀၀) ဆုံးရှုံးနစ်နာကြောင်းလည်း သိရသည်။