အမေရိကန်တွင် ပရီးမီးယားလိဂ်ရုပ်သံထုတ်လွှင့်ခွင့်အတွက် NBC နှင့် ပရီးမီးယားလိဂ် (၆)နှစ်သက်တမ်းတိုးခဲ့ပြီး တန်ဖိုး ဒေါ်လာ(၂.၇)ဘီလီယံဖြစ်

အမေရိကန်တွင် ပရီးမီးယားလိဂ်ရုပ်သံထုတ်လွှင့်ခွင့်အတွက် NBC နှင့် ပရီးမီးယားလိဂ် (၆)နှစ်သက်တမ်းတိုးခဲ့ပြီး တန်ဖိုး ဒေါ်လာ(၂.၇)ဘီလီယံဖြစ်
Photo: NBC
Photo: NBC
Published 19 November 2021

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် အမေရိကန်တွင် ပရီးမီးယားလိဂ်ရုပ်သံထုတ်လွှင့်ခွင့်အတွက် NBC ကုမ္ပဏီနှင့် (၆) နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး တန်ဖိုးဒေါ်လာ(၂.၇)ဘီလီယံဖြစ်ကြောင်း သိရသည်။

NBC သည် အမေရိကန်တွင် ပရီးမီးယားလိဂ်ရုပ်သံထုတ်လွှင့်ခွင့်ကို ၂၀၁၃-၁၄ ရာသီကတည်းက ရယူထားသည့် ကုမ္ပဏီဖြစ်ပြီး အပြိုင်လုလိုသည့် ကုမ္ပဏီများရှိလာသည့်အတွက် တန်ဖိုးများစွာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

NBC သည် ယခုရာသီအထိ စာချုပ်သက်တမ်းရှိနေပြီး လာမည့် ၂၀၂၂-၂၃ ရာသီမှ ၂၀၂၇-၂၈ ရာသီအထိ (၆)နှစ် သက်တမ်းတိုးခဲ့ခြင်းအတွက် စုစုပေါင်း ဒေါ်လာ(၂.၇)ဘီလီယံ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် ပရီးမီးယားလိဂ်၏ ပြည်ပရုပ်သံဝင်ငွေမှာ ပထမဆုံးအကြိမ်အဖြစ် ပေါင်(၁၀)ဘီလီယံအထက်ကို ကျော်လွန်ရန် သေချာသွားပြီဖြစ်ကြောင်းလည်း သိရသည်။ 

ပရီးမီးယားလိဂ်၏ အမှုဆောင်ချုပ် ရစ်ချတ်မာစတာစ်က "အမေရိကန်ရုပ်သံကုမ္ပဏီ NBC နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်တဲ့အကြောင်း ဝမ်းမြောက်စွာ ကြေညာလိုပါတယ်။ NBC က ပြီးခဲ့တဲ့ (၉)နှစ်မှာ အကောင်းဆုံးလက်တွဲဖော်ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကို အမေရိကန်မှာ ပိုပြီးလူသိများအောင်လည်း လုပ်ဆောင်ပေးခဲ့ပါတယ်။ လာမယ့် (၆)နှစ်မှာ ပရိသတ်တွေ ပိုတိုးပွားလာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

NBC ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူကလည်း "ပရီးမီးယားလိဂ်နဲ့ သက်တမ်းရှည်လက်တွဲသွားရမယ့်အတွက် စိတ်လှုပ်ရှားမိပါတယ်။ ဒီသဘောတူညီမှုအသစ်က ကျွန်တော်တို့အတွက် ပိုပြီးအလုပ်ကြိုးစားရမယ့် တွန်းအားတစ်ရပ်ပါပဲ"ဟု ပြောကြားခဲ့သည်။ 

စာချုပ်သစ်အရ NBC သည် ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို အမေရိကန်နိုင်ငံတွင် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ပြသခွင့် ရရှိမည်ဖြစ်သည့်အပြင် အင်္ဂလိပ်ဘာသာစကားဖြင့်သာမက စပိန်ဘာသာစကားဖြင့်ပါ ထုတ်လွှင့်ပြသခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ပြိုင်ပွဲအကြို နံနက်ပိုင်းအစီအစဉ်များကိုလည်း ရုပ်သံနှင့် အင်တာနက်ပလက်ဖောင်းများမှ ထုတ်လွှင့်ပြသခွင့်ရရှိမည်ဖြစ်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

Most Read

Most Recent