မန်ယူအသင်း၏ ကွင်းလယ်လူ ပေါ့ဘာသည် ရာသီကုန်တွင် အသင်းမှ ထွက်ခွာဖွယ်ရှိသည့်အခြေအနေနှင့် ပတ်သက်ပြီး သူ၏အေးဂျင့်ဖြစ်သူ မီနိုရိုင်ယိုလာက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရသည်။
အသက် (၂၈)နှစ်အရွယ်ရှိ ပေါ့ဘာသည် ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ကစားသမားဖြစ်ပြီး အသင်းနှင့် စာချုပ်သစ်ကိစ္စဆွေးနွေးမှုများကို ငြင်းဆန်ပယ်ချခဲ့သူဖြစ်သည်။
ယင်းအတွက်ကြောင့် မန်ယူအသင်းသည် ပေါ့ဘာအား ယခုရာသီကုန်တွင် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသလို၊ ယခု ဒီဇင်ဘာလကုန်တွင်လည်း ပေါ့ဘာသည် အခြားအသင်းတစ်သင်းသင်းနှင့် အကြိုသဘောတူညီမှု ရယူထားနိုင်ပြီဖြစ်သည်။
ရိုင်ယိုလာက ယင်းအခြေအနေအတွက် အတိအကျမပြောခဲ့သော်လည်း ဒီဇင်ဘာလသည် မိမိတို့ စောင့်မျှော်နေသည့်လဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆိုခဲ့ခြင်းမှာ အခြားအသင်းကြီးတစ်သင်းသင်းနှင့် အကြိုသဘောတူညီမှု ရယူတော့မည်ဆိုသည့် သတင်းအချက်အလက်ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။
ရိုင်ယိုလာက အီတလီရုပ်သံ RAI နှင့် တွေ့ဆုံရာတွင် "ဒီဇင်ဘာလက ကျွန်တော်တို့အတွက် အိပ်မက်လတစ်လပါပဲ။ ပြီးတော့ ဒီအိပ်မက်ကို ကျွန်တော် မရပ်တန့်ချင်ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ ပေါလ်အကြောင်းကို မပြောတာက ပိုကောင်းပါတယ်။ တချို့သော မန်ယူအသင်းကစားသမားဟောင်းတွေက ကျွန်တော်နဲ့ ပေါ့ဘာတို့ရဲ့အကြောင်းကို မပြောရရင် သူတို့မှာ ဘာအလုပ်မှလုပ်စရာမရှိကြဘူး။ ဒါကြောင့် ပေါ့ဘာရဲ့ စာချုပ်ကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော် စောစောစီးစီး ဘာမှမပြောချင်ပါဘူး။ ဒီတော့ စောင့်ကြည့်ကြပါ။ ဒီဇင်ဘာဟာ ကျွန်တော်တို့အတွက် အိပ်မက်လတစ်လပါ"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။