အက်စတွန်ဗီလာအသင်း၏ နည်းပြသစ် စတီဗင်ဂျရတ်က လီဗာပူးလ်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်ခွင့်ရရန်ရည်ရွယ်၍ လက်ရှိအသင်းသို့ ရောက်ရှိလာခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဂျရတ်သည် ရိန်းဂျားစ်အသင်းမှ အက်စတွန်ဗီလာအသင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ အပြောင်းအလဲလုပ်ခဲ့ခြင်းမှာ ကစားသမားဘဝ အသင်းဟောင်း လီဗာပူးလ်ကို နည်းပြအဖြစ် ကိုင်တွယ်ခွင့်ရလိုခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။
သို့သော် အက်စတွန်ဗီလာအသင်း၏ နည်းပြအဖြစ် ပထမဆုံးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ဂျရတ်က ''ကျွန်တော် ဘာမှ မပြောဘဲ အက်စတွန်ဗီလာအသင်းကို လှေကားတစ်ထစ်အဖြစ် သတ်မှတ်နေကြတာ တကယ့်ကို တရားမျှတမှု မရှိတာပါပဲ။ ကျွန်တော် ဒီအသင်းကို ဂုဏ်ယူစွာ ရောက်ရှိခဲ့တာဖြစ်ပြီး အောင်မြင်မှုရရှိဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ လီဗာပူးလ်အသင်းမှာ ကမ္ဘာ့အဆင့်နည်းပြ ယာဂန်ကလော့ပ် ရှိနေပါတယ်။ သူ တစ်သက်လုံး ကိုင်တွယ်သွားရင်လည်း ကျွန်တော် ပျော်ရွှင်နေမှာပါ''ဟု ပြောကြားခဲ့သည်။