အိန္ဒိယကလပ် ဂိုကူလမ်အသင်းသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းထားကြောင်း သိရသည်။
ဂိုကူလမ်အသင်းသည် နိုဝင်ဘာ ၇ ရက် မှ ၁၃ ရက်အထိ ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၁ အာရှ အမျိုးသမီးကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ အတွက် နှစ်လစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ် ပြီး ယခုလကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံး မည်ဖြစ်သောကြောင့် စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းထားခြင်းဖြစ်သည်။ ဂိုကူလမ်အသင်းသည် ပြည်တွင်းပွဲစဉ်များအတွက် ဝင်းသိင်္ဂီထွန်းကို ထပ်မံခေါ်ယူရန် ကြိုးပမ်း နေခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း၏ နိုင်ငံတကာပြိုင်ပွဲများအပေါ် မူ တည်၍ သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွား ဖွယ်ရှိနေသည်။
သို့သော် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇန်နဝါရီ ၂၀ ရက် မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် ၂၀၂၂ အာရှဖလား အမျိုးသမီး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သလို မေလတွင်လည်း ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းပြိုင်ပွဲများနှင့် မတိုက်ဆိုင်သည့် ကာလတွင်သာ ဝင်းသိင်္ဂီထွန်းအနေဖြင့် သွားရောက် ကစားနိုင်မည်ဖြစ်သည်။
ဂိုကူလမ်အသင်းသည် ဝင်းသိင်္ဂီထွန်းကို အောက်တိုဘာမှ နိုဝင်ဘာအထိ နှစ်လစာချုပ် ဖြင့် ခေါ်ယူခဲ့သော်လည်း အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အာရှဖလား အမျိုးသမီးခြေစစ်ပွဲပြီးဆုံးမှသာ ပူးပေါင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဝင်းသိင်္ဂီထွန်းအနေဖြင့် အာရှ အမျိုးသမီးကလပ် ချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ ဂိုကူလမ်အသင်းနှင့် ရက်ပိုင်းသာပူးပေါင်းနိုင်ခဲ့သည်။
ဂိုကူလမ် အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ယှဉ်ပြိုင်ခဲ့သည့် အာရှ အမျိုးသမီးကလပ် ချန်ပီယံရှစ် ပြိုင်ပွဲတွင် တတိယနေရာသာရခဲ့ပြီး ဝင်းသိင်္ဂီ ထွန်းမှာလည်း ပထမအုပ်စုနှစ်ပွဲတွင်သာ ပွဲထွက်ခွင့်ရခဲ့ပြီး နောက်ဆုံးပွဲတွင် ကစားခွင့် မရခဲ့ပေ။ ဝင်းသိင်္ဂီထွန်းအနေဖြင့် ဂိုကူလမ် အသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသော်လည်း ပြည်တွင်းလိဂ်တွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ထပ်မံခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ဝင်းသိင်္ဂီထွန်းသည် မြန်မာအမျိုးသမီး ဘောလုံးသမားများတွင် ပထမဆုံးပြည်ပ ထွက်ကစားသူဖြစ်ပြီး ထပ်မံကစားခွင့်ရရန် အခွင့်အရေးရှိနေခြင်းဖြစ်သည်။ ဝင်းသိင်္ဂီ ထွန်းသည် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်ပြီး ပြီးခဲ့သည့် အာရှဖလားခြေစစ်ပွဲတွင်လည်း ခြေစွမ်းပြပြီး ဂိုးများသွင်းယူနိုင်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇန်နဝါရီတွင် ယှဉ်ပြိုင်ရမည့် အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် လေ့ကျင့်မှုပြုလုပ်နေပြီ ဖြစ်ပြီး ဝင်းသိင်္ဂီထွန်းမှာမူ ယခုလအတွင်း အသင်းနှင့် ပူးပေါင်းမည်ဖြစ်သည်။