၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲ၏ မြန်မာ့လက်ရွေးစင်အသင်းပါဝင်သောအုပ်စုတွင် တီမောအသင်း ပါဝင်လာခဲ့ပြီး အသင်းအားလုံးကိုလျှော့တွက်၍မဖြစ်ကြောင်း နည်းပြချုပ် အန်တွမ်နီဟေးက ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည်၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(က)တွင် အိမ်ရှင် စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ တီမောအသင်းတို့ နှင့် ကျရောက်လျက်ရှိသည်။ တီမောအသင်း သည် နောက်ဆုံးအဆင့် ခြေစစ်ပွဲကို ဘရူနိုင်း အသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သော်လည်း ဘရူနိုင်းအသင်းက နုတ်ထွက်သွားသောကြောင့် အုပ်စုအဆင့်သို့ တက်ရောက် လာနိုင်ခဲ့ခြင်းဖြစ်ပြီး အများစုကမူ အိမ်ဖြည့် အဆင့်သာဖြစ်ကြောင်း မှတ်ချက်ပေးလျက်ရှိကြသည်။
"တူရကီနိုင်ငံမှာ ကျွန်တော်တို့ရဲ့လေ့ကျင့်မှုတွေကို သေချာပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိပြင်ဆင်ရမှုအပိုင်းကိုတော့ အားရကျေနပ်တယ်လို့ပြောရမှာပါ။ ပြိုင်ပွဲရဲ့ လက်ရှိအခြေအနေအရဆိုရင် အိမ်ဖြည့်အသင်းဆိုတာ မရှိပါဘူး။ အားလုံးဟာ သူ့အရည်အချင်းနဲ့သူရှိတာကြောင့် လျှော့တွက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"ဟု မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးက သုံးသပ်ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိအချိန်တွင် တူရကီနိုင်ငံ$ နေထိုင်ကာ ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲအတွက် လေ့ကျင့်လျက်ရှိပြီး ပထမဦးဆုံးခြေစမ်းပွဲအဖြစ် တူရကီအပျော်တမ်းလိဂ်ပြိုင်ပွဲမှအသင်းဖြစ်သော မာနက်ဗ်ဂတ်စပေါ်အသင်းနှင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ခြေစမ်းခဲ့ရာ (၂-၁)ဂိုးဖြင့် အနိုင် ရရှိခဲ့ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ဆူဇူကီးပြိုင်ပွဲအတွက် အကြို ပြင်ဆင်မှုအနေဖြင့် တူရကီနိုင်ငံ၌ လေ့ကျင့်နေစဉ်အတွင်း ခြေစမ်းပွဲ သုံးပွဲ ယှဉ်ပြိုင်ကစားရန်စီစဉ်ထားသည်။
မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းသည် ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (က) ၏ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် စင်ကာပူအသင်း နှင့် ဒီဇင်ဘာ ၅ ရက်၊ ဒုတိယပွဲစဉ်အဖြစ် တီမောအသင်းနှင့် ဒီဇင်ဘာ ၈ ရက်၊ တတိယပွဲစဉ်အဖြစ် ထိုင်းအသင်းနှင့် ဒီဇင်ဘာ ၁၁ ရက်၊ ပွဲစဉ်နောက်ဆုံးပွဲစဉ်အဖြစ် ဖိလစ်ပိုင် နှင့် ဒီဇင်ဘာ ၁၈ ရက်တို့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။