နာပိုလီအသင်းဥက္ကဋ္ဌဖြစ်သူ ဒီလော်ရန်းတစ်က ချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပယ်နယ်တီပင်တိုင်ကန်သွင်းသူမဖြစ်သင့်ဘဲ နာပိုလီအသင်း၏ တိုက်စစ်ကစားသမား အင်ဆစ်ဂ်ညာမှာ ပိုမိုကောင်းမွန်အောင် ကန်သွင်းနိုင်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဂျော်ဂျင်ဟိုသည် စနေနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့သော ၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲစဉ် အီတလီ (၁-၁) ဆွစ်ဇာလန်ပွဲ၌ ပွဲချိန် မိနစ် (၉၀)တွင် ပယ်နယ်တီကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးဝင်အောင်မကန်သွင်းနိုင်ခဲ့သောကြောင့် အီတလီအသင်းမှာ နိုင်ပွဲနှင့်ဝေးခဲ့ရပြီး ကမ္ဘာ့ဖလားတိုက်ရိုက်ခြေ စစ်ပွဲအောင်မြင်ရန် နောက်ဆုံးပွဲစဉ်အထိ ရုန်းကန်ရတော့မည်ဖြစ်သည်။
ဂျော်ဂျင်ဟိုသည် ပြီးခဲ့သည့် ယူရို-၂၀၂၀ ဗိုလ်လုပွဲတွင်လည်း အဆုံးအဖြတ်ပယ်နယ်တီကန်သွင်းရာ၌ ဂိုးမဝင်ခဲ့သလို၊ ယခု ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင်လည်း ပယ်နယ်တီ (၂)ကြိမ်အား လွဲချော်ထားသူဖြစ်သည်။
ဒီလော်ရန်းတစ်က ''အီတလီအသင်းအတွက် ဘယ်သူပယ်နယ်တီကန်သွင်းမလဲဆိုပြီး ကျွန်တော့်ကိုမေးလာခဲ့ရင်တောင့် ဝမ်းနည်းစွာပဲဖြေကြားလိုပါတယ်။ ဒီနေရာမှာ အင်ဆစ်ဂ်ညာသာဆိုရင် ဂိုးအဖြစ်ပြောင်းလဲနိုင်ပါတယ်။ သူဟာ ဒီထက်ပိုပြီးကောင်းမွန်အောင်စွမ်းဆောင်နိုင်သူပါ'' ဟု Corriere dello Sport နှင့် အင်တာဗျူးတွင်ဖြေကြားခဲ့သည်။
အဆိုပါပွဲစဉ်တွင် ဆွစ်ဇာလန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၁၁)မိနစ်တွင် ဗစ်ဗားကသွင်းယူပေးခဲ့ပြီး၊ အီတလီအသင်းအတွက်ချေပဂိုးကို ပွဲချိန် (၃၆)မိနစ်တွင် နာပိုလီကစားသမား (၂)ဦးဖြစ်သော အင်ဆစ်ဂ်ညာ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဒီလော်ရန်ဇိုကသွင်းယူပေးခဲ့သည်။
ဂျော်ဂျင်ဟိုသည် အီတလီအသင်းတွင် ပယ်နယ်တီလွဲချော်မှုများ ကြုံတွေ့နေသော်လည်း ကလပ်အသင်းဖြစ်သည့် ချယ်လ်ဆီးအသင်းတွင်မူ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပယ်နယ်တီ (၁၀)ဂိုးဆက်ဂိုးဝင်အောင်ကန်သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်စံချိန်တင်ခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။